သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညှိနှိုင်းမှု အပေါ် သုံးသပ်ချက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၂ရက့်နံနက်ပိုင်းက ကလောတပ်နယ်မှ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများကို တွေ့ဆုံ အမှာစကား ပြောကြားနေစဉ်။ (ဓါတ်ပုံ-official publication)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၂ရက့်နံနက်ပိုင်းက ကလောတပ်နယ်မှ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများကို တွေ့ဆုံ အမှာစကား ပြောကြားနေစဉ်။ (ဓါတ်ပုံ-official publication)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး စစ်တပ်ရဲ့ထောက်ခံမှု မရသေးတဲ့ အခြေအနေရှိနေတယ် လို့ မြန်မာ ဥပဒေပညာရှင်တချို့နဲ့ နိုင်ငံရေး အကဲခတ်လေ့လာသူ တွေက သုံးသပ်ကြပါတယ်။ မနေ့က ကလောတပ်နယ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံပြင်ရေး သူရဲ့ သဘောထား ပြောကြားသွားတာနဲ့ ပတ်သက်လို့ အခုလိုတုန့်ပြန်တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီးပြောပြမှာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့တတိယအကြိမ်သီးသန့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူသမ္မတတာဝန်ယူနိုင်ရေးအတွက် တပ်မတော်နဲ့ သဘောတူညီချက် တစုံတရာရနေပြီလားဆိုတဲ့ ခန့်မှန်းချက်တချို့ရှိနေချိန်မှာ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပေါ်ထွက်လာတာပါ။ ဖွဲ့စည်းပုံပြင်ရေးကို သင့်တော်တဲ့အချိန်ရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)အတိုင်း ပြုပြင်ရမှာဖြစ်တယ်လို့ ကလောတပ်နယ်က စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိတွေကို မနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီပြောဆိုချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ထားဖို့ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ လက်ခံမှာမဟုတ်ဘူးဆိုတာ ပြလိုက်တာပဲဖြစ်တယ်လို့ သုံးသပ်ကြောင်း ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက ဗွီအိုအေကိုပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ)ကို ဆိုင်းငံ့ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်အောင် ဆိုပြီး ပြောကြတယ်။ ကျွန်တော်လည်း ပါပါတယ်။ ပြည်သူ တော်တော်များများကလဲ ပြောကြပါတယ်။ သို့သော်လည်း အဲဒါကိုလက်မခံနိုင်ဘူး။ ပြင်ပါဆိုရင်တော့ သဘောကတော့ သူ သဘောတူမှပဲ ပြင်လို့ ရမယ့် ကိစ္စကို ပြင်ပါလို့ပဲ ပြောနေတယ် ဆိုရင်တော့ ဆိုင်းငံ့တာကို လက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ ပြင်ဖို့ ကိစ္စလဲ ကျွန်တော်တို့ ကြိုးစားခဲ့ပြီးပြီ။ မအောင်မြင်ဘူး။ အဲတော့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာ ဘယ်သူ့လက်ထဲမှာရှိသလဲ ဆိုတဲ့ အဓိပ္ပါယ်။ လူတစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာ မကောင်းသေးဘူးလို့ပဲ ပြောရမှာ ပေါ့ဗျာ။”

ဖွဲ့စည်းပုံမှာပါတဲ့ အခန်း(၁၂)အရဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅%) ကျော် သဘောတူ ထောက်ခံမှဖြစ်တာကြောင့် စစ်တပ်ကိုယ်စားလှယ် (၂၅%) ထောက်ခံမှု မရရင် ပြင်ဆင်ခွင့်ရမှာမဟုတ်ပါဘူး။ ဒီအတောအတွင်းမှာပဲ ဖွဲ့စည်းပုံကို ပြင်ဆင်စရာ မလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဖြစ်စေချင်ရင် သူရဲ့ရင်သွေးနှစ်ဦးနဲ့ မိသားစုဝင်တွေက မြန်မာနိုင်ငံသား အဖြစ်ခံယူဖို့ လိုတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာပါ။

ဒါနဲ့ပတ်သက်လို့ ဦးကိုနီရဲ့အမြင်ကတော့---

“အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက် နိုင်ငံသား အဖြစ် လျှောက်ထားတာနဲ့ ပေးမှာလား။ ပေးမယ်လို့ ဘယ်သူက တာဝန်ယူတာတုံး။ ဒီကလေးတွေကရဲ့ မြန်မာနိုင်ငံသားအဖြစ်က ဘယ်သူက ရုတ်သိမ်းခဲ့တာလဲ။ ကျွန်တော်ကတော့ အဲဒါတွေက ထမင်ရေပူ လျှာလွဲပြောသလိုပဲ ထင်တယ်။ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်အပေါ်မှာ မူတည် သလိုမျိုးဖြစ်နေတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်က သူတို့ အမေကို သမ္မတ ဖြစ်စေချင်တဲ့ သဘော ကျွန်တော်မမြင်ပါဘူး။ သူတို့က သူတို့ဟာ သူတို့ အေးဆေးနေတဲ့ သူတွေပါပဲ။ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ ဖြစ်ဖို့ လိုလားတာက ပြည်သူ သန်း၅၀က လိုလားနေတာပါ။”

အလားတူ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တခုကို အရင်ဦးနုအစိုးရ လက်ထက်မှာ လွှတ်တော်က ဆိုင်းငံ့တာလား၊ ပြင်ဆင်တာလား ဆိုတဲ့အငြင်းပွားနေတဲ့အချက်ကိုလည်း ဦးကိုနီက အခုလိုရှင်းပြပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုတင်တဲ့ ဦးကျော်ငြိမ်း ကိုယ်တိုင်က ပြောသွားတယ်။ အမြဲတမ်းအတွက် ရပ်ဆိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က လာမယ့်ရွေးကောက်ပွဲကနေ ဝန်ကြီးချုုပ် တပါး ရွေးခြယ်ပြီးသည်အထိ အချိန်ကာလ တစ်ခု သတ်မှတ်ပြီးတော့ ရပ်ဆိုင်းတာပါ။ သူကဒီလို ပြောသွားတယ်။ ဒါက ဦးကျော်ငြိမ်း ပြောတဲ့ စကား။ အဲတော့ ဒီအချိန်ကာလတစ်ခုအတွက် ခေတ္တ ခဏ ရပ်ဆိုင်းတယ် ဆိုတာဟာ ဆိုင်းငံ့တာလို့။ ကျွန်တော်တို့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၆ ပေါ့လေ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ကို အချိန်ကာလ တစ်ခုအတွက် ယာယီ ရပ်ဆိုင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဆိုင်းငံ့တာပဲ။ ဆိုင်းငံ့တယ်ဆိုတာက အမြဲတမ်းအတွက် ပယ်ဖျက်လိုက်တဲ့ သဘော မဟုတ်ပါဘူး။ ခေတ္တ ခဏ ရပ်တယ်ဆိုတာ ဆိုင်းငံ့တာနဲ့ အဓိပါယ်တူတယ်ဆိုပြီးတော့၊ အတူတူပဲ ဆိုတဲ့ အဓိပ္ပါယ်ပဲလို့ကျွန်တော် ပြောတာပါ။တိတိကျကျပြောရရင် ဒေါက်တာ မောင်မောင်။ တရားသူကြီးချုပ်လဲ လုပ်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပညာရှင် လည်း ဖြစ်တယ်။ ဒေါက်တာ မောင်မောင်က ၁၉၈၉ ခုနှစ်မှာ second edition ထုတ်တဲ့ စာအုပ်ရဲ့ စာမျက်နှာ ၃၄မှာ ကျွန်တော်စောစောက ပြောသလို ၁၉၅၉မှာ ဦးနေဝင်းကို ဝန်ကြီးချုပ် ခန့်ဖို့ အတွက် ဖွဲ့စည်းပုံကိုပြင်ဖို့ လွှတ်တော်မှာ တင်တယ်။ လွှတ်တော်က မပြင်ချင်ဘူး။ မပြင်လို့လည်း မဖြစ်တဲ့အတွက် ယာယီ ဆိုင်းငံ့ခဲ့ရ ဖူးသေးတယ်ဆိုတဲ့ ဟာကို ၈၉ခုနှစ်ထုတ် ဒေါက်တာ မောင်မောင်ရေးတဲ့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ စာအုပ် စာမျက်နှာ ၃၄ မှာ ရေးခဲ့တယ်။ ဆိုင်းငံ့ ဆိုတဲ့ စကားကို ဥပဒေပညာရှင်ကြီး ဒေါက်တာ မောင်မောင် ကိုယ်တိုင်က သုံးခဲ့တာ။”

မတ်လ (၁၇)ရက်နေ့မှာတော့ ဒုသမ္မတလောင်းအမည်စာရင်းတွေကို NLD က လွှတ်တော်မှာ တင်သွင်းမှာဖြစ်ပါတယ်။ အဲဒီထဲကမှ ထောက်ခံမဲအများဆုံး ရတဲ့သူကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ သမ္မတသစ် ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့ ဧပြီလ (၁)ရက်နေ့မှာ အာဏာကို လွဲှပြောင်းရယူမှာ ဖြစ်ပါတယ်။

XS
SM
MD
LG