သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရလုပ်ငန်းတွေ ထပ်လျှော့ဖို့ သမ္မတ Trump အမိန့်ထုတ်


VOA နဲ့ RFA သတင်းဌာနတွေရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ USAGM အပါအဝင် အစိုးရဌာန ၇ ခုမှာ လုပ်ငန်းတွေကို အဆုံးစွန်ဆုံး လျှော့ချပြီး ဝန်ထမ်းတွေကိုလည်း အနည်းဆုံးထားဖို့ သမ္မတ Donald Trump က သမ္မတအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သမ္မတက မလိုအပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အစိုးရလုပ်ငန်းတွေရဲ့ ဗျူရိုကရေစီယန္တယားတွေကို ဆက်လက်လျှော့ချဖို့ ရည်ရွယ်ချက်ဖြစ်တယ်လို့ မတ်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဥပဒေအရ လိုအပ်တယ်လို့ ပြဌာန်းထားတဲ့ဌာနတွေမှာ လုပ်ငန်းနဲ့ ဝန်ထမ်းတွေကို နည်းနိုင်သမျှ အနည်းဆုံးအထိ လျှော့ချဖို့နဲ့ ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းရမယ်လို့ သမ္မတအမိန့်မှာ ပြောထားပါတယ်။ VOA အပါအဝင် သတင်းလုပ်ငန်းပေါင်း ၆ ခုကို ကြီးကြပ်တဲ့ USAGM ဟာ ကမ္ဘာတဝန်း ဘာသာစကားစုစုပေါင်း ၆၄ မျိုးနဲ့ ရုပ်သံထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

USAGM ပြင် လုပ်ငန်းနဲ့ ဝန်ထမ်းတွေ လျှော့ချဖို့ သမ္မတ Trump အမိန့်ထုတ်ခဲ့တဲ့ နောက်ထပ်ဌာနတွေကတော့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနဲ့ အလုပ်သမားရေး ဖြေရှင်းဆောင်ရွက်ပေးရေးဌာနဖြစ်တဲ့ Federal Mediation and Conciliation Service, အိုးမဲ့အိမ်မဲ့အများအတွက်ဌာန US Interagency Council on Homelessness, လူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန The minority Business Development Agency စတာတွေအပြင် ပြတိုက်နဲ့စာကြည့်တိုက်များဌာန၊ Woodrow Wilson International Center စတဲ့ ပညာရှင်နဲ့သုတေသနဌာန စတဲ့ ပြည်ထောင်စုအစိုးရဌာနတွေ ပါဝင်ပါတယ်။

ဒီဌာနတွေရဲ့ အကြီးအကဲတွေအနေနဲ့ ဘယ်လို့ လျှော့ချမှုတွေ လုပ်မယ်ဆိုတာကို ၇ ရက်အတွင်း လိုက်နာဆောင်ရွက်ကြောင်း အစီရင်ခံစာကို အစိုးရလုပ်ငန်းများ စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှုးဆီ ပေးပို့ဖို့လည်း သမ္မတ Trump ရဲ့ အမိန့်မှာ ညွှန်ကြားထားပါတယ်။

ပြည်ထောင်စု အစိုးရအသုံးစရိတ်တွေ သိသိသာသာ လျှော့ချရေးနဲ့ လုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးအတွက် သမ္မတ Trump စတင်တာဝန်ယူတဲ့ နေ့ကစလို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။


Forum

XS
SM
MD
LG