သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကြမ်း အတည် မပြုနိုင်


နေပြည်တော်၊ လွှတ်တော်အစည်းအဝေးများ ကျင်းပရာ လွှတ်တော် အဆောက်အအုံ။
နေပြည်တော်၊ လွှတ်တော်အစည်းအဝေးများ ကျင်းပရာ လွှတ်တော် အဆောက်အအုံ။

ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ပါတီ စည်းရုံးရေး လုပ်ငန်းတွေကို ဥပဒေကြောင်း အရ တားမြစ်ဖို့ ကြိုးစားတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကြမ်း အပေါ် လွှတ်တော် ၂ ရပ်တို့ သဘောကွဲနေတာကြောင့် အတည်မပြုနိုင် ဖြစ်နေပါတယ်။ ဥပဒေ အတည် မပြုနိုင်တာကြောင့် လာမယ့် ရွေးကောက်ပွဲ ကာလ အတွင်း လက်ရှိ အစိုးရ အဖွဲ့ဘက်က ပါတီ စည်းရုံးရေးကို နိုင်ငံဘဏ္ဍာ သုံးပြီး လှုပ်ရှားလာမယ့် အရေး စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ လွှတ်တော် ၂ ရပ် သဘောထား ကွဲလွဲနေ တာကြောင့် ဘယ်လို သက်ရောက်မှု ရှိလာနိုင်လဲ ဆိုတာကိုတော့ မသိဂီ ၤထိုက် စုစည်းတင်ပြပေးမှာပါ။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကြမ်းမှာ အစိုးရ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်း ဆိုတဲ့ ပြဌာန်းချက် မှာ ပြည်သူ့လွှတ်တော် က ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး လုပ်ငန်း ဆိုပြီး ပြင်ဆင်ပြီး အမျိုးသား လွှတ်တော် ကို ပေးပို့ခဲ့တာပါ။ ဒါပေမယ့် အမျိုးသား လွှတ်တော်က ပါတီဆိုတဲ့ စကားရပ် ကို ပြန်ပြီး ထည့်သွင်းလိုက်တာကြောင့် လွှတ်တော် ၂ ရပ်ကြား သဘောမတူနိုင် ဖြစ်နေကြတာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ကို ပါတီ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို ဥပဒေ အရ ပေးအပ် လိုက်ရင် အုပ်ချုပ်မှု အာဏာကို ပါတီ အနိုင်ရရေး အတွက် တရားဝင် အခွင့်အရေး ပေးသလို ဖြစ်မယ့် အရေး ပြည်သူ့လွှတ်တော်ဘက်က စိုးရိမ်တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက အခုလို ပြောပါတယ်။

"နိုင်ငံတော်မှာ အစိုးရအဖွဲ့ဝင်တွေဟာ အစိုးရရဲ့ ဝိတ်နဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို သုံးပြီးတော့ ပါတီစည်းရုံးရေးလုပ်ငန်းတွေမှာ မလုပ်ဖို့ ကျနော်တို့က တားနိုင်အောင် ပါတီဆိုတဲ့ စကားကို ဖျောက်တယ်။ ဒါပေမဲ့ သူတို့က လွှတ်တော်ကိုယ်စားလှယ် တယောက်၊ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့ ရွေးကောက်ပွဲကို ဝင်မယ့် ပုဂ္ဂိုလ်ဟာ စည်းရုံးရေးတော့ လုပ်ရမှာပဲ။ ဒါပေမဲ့ ပါတီဆိုတဲ့စကားနဲ့ ကျနော်တို့က ခွဲထုတ်လိုက်တာ။ အဲ့တာကျတော့ အစိုးရအဖွဲ့ဝင်တယောက်က အဲ့လိုလုပ်နေမယ် ဆိုရင် ကျနော်တို့ သူ့ လုပ်ပိုင်ခွင့်တွေကို သုံးပြီးတော့ သူက အခုလက်ရှိ တာဝန်ရှိပုဂ္ဂိုလ် တွေ ဝန်ကြီးတွေက သူများထက် ကျောပြီးတော့ လုပ်နေရင် ပြည်သူတွေက မြင်မယ်။ ပြီးတော့ ပြည်သူ့ဘဏ္ဍာတွေကို အသုံးချပြီးတော့ လုပ်ကောင်းလုပ်နိုင်တယ်။"

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေး ပါတီတခုခုရဲ့ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော် သမ္မတ၊ ဒု သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှ စပြီး မိမိ သက်တမ်း ရာထူးအတွင်း ယင်းပါတီ အဖွဲ့အစည်းရဲ့ ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသား လွှတ်တော်ဘက်မှာတော့ ပြည်ထောင်စု အစိုးရ အနေနဲ့ ပါတီ စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဆောင်သင့်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တို့ က တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

" တပ်မတော်သားကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်က ဒါတွေကို ဖြုတ်ထားတယ်။ ဒါတွေဟာ ထည့်ဖို့လိုပါတယ်ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက စပြီးတော့ ဆွေးနွေးတာပါ။ ပြောရမယ် ဆိုရင် ပြည်သူ့လွှတ်တော်ဘက်က ပါတီကိစ္စတွေ အကုန်ဖြုတ်ထားပြီးတော့ အမျိုးသားလွှတ်တော်ကို ပို့တယ်။ အမျိုးသားလွှတ်တော်ဘက်မှာ ဒီဥပဒေကြမ်းကို ဆွေးနွေးတာ တပ်မတော်သား ကိုယ်စားလှယ်ပဲ ရှိပါတယ်။ ရှိတဲ့အခါမှာ သူတို့က ပါတီကိစ္စ ရှိသင့်တဲ့သူတွေက ဒီလူ ဒီလူတွေ ရှိသင့်တယ်လို့ ဥပမာ ပြည်ထောင်စုအစိုးရအဖွဲ့က သမ္မတတွေ ရှိသင့်တယ်ဆိုပြီး သူတို့က ဆွေးနွေးတယ်။ သူတို့ ဆွေးနွေးချက်ကိုလည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံတော့။ အမျိုးသားလွှတ်တော်မှာကဗျာ ဥပဒေကြမ်းကော်မတီက ထောက်ခံတယ်ဆိုရင် ကျန်တဲ့သူ ကလည်း ထောက်ခံတာများ တာကိုး။ အဲ့တော့ တပ်ကလည်း နဂိုက ထောက်ခံမဲက ရှိပြီးသား ဥပဒေကြမ်းကော်မတီ ကလည်း ထောက်ခံတဲ့ အတွက် ဒီကိစ္စတွေဟာ အမျိုးသားလွှတ်တော်မှာ ပြန်ထည့်လိုက်တာပါ။"

အခု ပြည်ထောင်စု အစိုးရ အဖွ့ဲ ဥပဒေကြမ်း အပေါ် လွှတ်တော် ၂ ရပ်တို့ သဘောကွဲလွဲမှု ကို ညှိနှိုင်း ကြတာမှာတော့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွင်းမှာလည်း သဘောထား ကွဲလွဲခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်အမတ် ဦးဖေသန်းက အခုလိုပြောပါတယ်။

"ခါတိုင်းဆိုရင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲရင် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ သွားပြီးညှိတဲ့အခါမှာ ပြေလည်ပါတယ်။ အခုတော့ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာလည်း အဲ့တာ နှစ်ခု တချို့ တမျိုး တချို့က တမျိုး သဘောထားကွဲလွဲနေတော့ ကျနော်တို့ ဥပဒေအရ လွှတ်တော်ကို ချပြတာပဲ။ လွှတ်တော်မှာ ချပြပြီး လွှတ်တော်မှာ ဆွေးနွေးမယ့်သူတွေ စာရင်း ကိုခေါ်ထားတယ်။ နောက်လာမယ့် လွှတ်တော်မှာမှ Agenda မှာပါပြီးတော့ တခုခုကတော့ အနိုင်ရမှာပေ့ါ။"

အခုတော့ ဒီဥပဒေကြမ်းမှာ သဘောကွဲလွဲမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ လွှတ်တော် အမတ်တို့ကို စာရင်းကောက်ယူထားပြီး ရွေးကောက်ပွဲ အပြီးမှာ လွှတ်တော် ပြန်ခေါ်ပြီး ဆုံးဖြတ်မယ့် အနေအထား ရှိတယ်လို့လည်း လွှတ်တော် အမတ်တို့က ပြောပါတယ်။

XS
SM
MD
LG