သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာလုပ်ခွင့်ရ ဟောင်ကောင်အခြေစိုက် ကန်လုံခြုံရေး ကုမ္ပဏီအပေါ် သံသယတိုး


၂၀၀၇ အောက်တိုဘာလက အမေရိကန်လွှတ်တော် ကြားနာပွဲတခုမှာ ထွက်ဆိုနေတဲ့ Frontier Service Group (FSG) လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီ အမှုဆောင်ညွန်ကြားရေးမှူး၊ အမေရိကန် ပုဂ္ဂလိက စစ်ဖက်လုံခြုံရေး ကုမ္ပဏီဟောင်း Blackwater ကို တည်ထောင်သူ Navy Seal တပ်ဖွဲ့ဝင်ဟောင်း Erik Prince
၂၀၀၇ အောက်တိုဘာလက အမေရိကန်လွှတ်တော် ကြားနာပွဲတခုမှာ ထွက်ဆိုနေတဲ့ Frontier Service Group (FSG) လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီ အမှုဆောင်ညွန်ကြားရေးမှူး၊ အမေရိကန် ပုဂ္ဂလိက စစ်ဖက်လုံခြုံရေး ကုမ္ပဏီဟောင်း Blackwater ကို တည်ထောင်သူ Navy Seal တပ်ဖွဲ့ဝင်ဟောင်း Erik Prince

မြန်မာနိုင်ငံမှာ တရုတ်စီးပွားရေးကုမ္ပဏီတွေအတွက် လုံခြုံရေးဝန်ဆောင်မှုပေးမယ့် နာမည်ပျက်စာရင်းဝင်ခဲ့တဲ့ အမေရိကန် ပုဂ္ဂလိက စစ်ဖက်လုံခြုံရေး ကုမ္ပဏီဟောင်း Blackwater ကို တည်ထောင်သူ Navy Seal တပ်ဖွဲ့ဝင်ဟောင်း Erik Prince ဦးဆောင်တဲ့ လုံခြုံရေး ကုမ္ပဏီ နဲ့ ပတ်သက်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းကြီးတွေရှိနေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ လုံခြုံရေး အကျိုးစီးပွားအကာအကွယ်ပေးမယ့် ဒီကုမ္ပဏီကို မြန်မာအစိုးရက ဘယ်လို ပုံစံနဲ့ ခွင့်ပြုလိုက်သလဲဆိုတာလည်း မေးခွန်းထုတ်နေကြပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ Frontier Service Group (FSG) လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် ဂျပန်၊ ထိုင်းနဲ့ အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေအတွက် နိုင်ငံတကာအဆင့်မီ လုံခြုံရေးဝန်ဆောင်မှုပေးဖို့ ၂၀၁၈ခုနှစ် ဇန်နဝါရီလကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာန DICA မှာ တရားဝင်မှတ်ပုံတင်ခွင့် ရထားပြီးသာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းမှာ FSG ကုမ္ပဏီကနေ မြန်မာလုံခြုံရေးဝန်ထမ်း အယောက် (၃၀)နေရာအတွက် အလုပ်ခေါ်ကြောင်း တရားဝင်ကြော်ငြာခဲ့ပါတယ်။

FSG ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ မြန်မာနဲ့ တရုတ်လုပ်ငန်းရှင်တွေအဖြစ် ဒေါ်စန္ဒာဝင်း၊ ဦးစည်သူ၊ Shi Yi နဲ့ Zhang Huagang တို့ လေးဦးဖြစ်ပြီး ကုမ္ပဏီရဲ့ ညွန်ကြားရေးမှူးတွေအဖြစ် မှတ်ပုံတင်ထားစာရင်းမှာ ဖေါ်ပြထားပါတယ်။

FSG လုံခြုံရေး ကုမ္ပဏီကို တည်ထောင်သူဟာ နာမည်ပျက်စာရင်းဝင်ခဲ့တဲ့ အမေရိကန် ပုဂ္ဂလိက စစ်ဖက်လုံခြုံရေး ကုမ္ပဏီဟောင်း Blackwater ကို တည်ထောင်သူ၊ ကိုယ်တိုင်လည်း Navy Seal တပ်ဖွဲ့ဝင်ဟောင်း Erik Prince ဖြစ်ပြီး ၂၀၀၇ ခုနှစ်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ ပစ်ခတ်မှုအတွင်း လက်နက်မဲ့ အရပ်သားပြည်သူ (၁၄)ဦး သေဆုံးခဲ့မှုနဲ့ အမေရိကန်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် Blackwater ကုမ္ပဏီကို Erik Prince က ပိတ်ပစ်ခဲ့ပြီး Frontier Service Group (FSG) လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီ ဆိုတဲ့ နာမည်အသစ်နဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတွေအတွက် လုံခြုံရေး ဝန်ဆောင်မှုပေးနေပါတယ်။

အခုလို အမေရိကန် စစ်မှုထမ်းဟောင်း တဦးက တရုတ်ရဲ့ အကျိုးစီးပွားအကာအကွယ်ပေးဖို့ ပုဂ္ဂ လိက ကုမ္ပဏီတခုအနေနဲ့ လုပ်ဆောင်နေတဲ့အတွက် Erik Prince ဟာ အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။ ဒါပေမဲ့လည်း လက်ရှိ သူ့ကုမ္ပဏီအနေနဲ့ လက်နက်ကိုင် လုံခြုံရေးပေးတာမဟုတ်ပဲ တရုတ် ကုမ္ပဏီဝန်ထမ်းတွေကို လုံခြုံရေး သင်တန်းတွေသာ ပေးနေကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က Alijazerra နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Erik Prince က အခုလိုပြောသွားပါတယ်။

"ကုမ္ပဏီအနေနဲ့ လုံခြုံရေးဝန်ထမ်းအဖြစ် ဆောင်ရွက်တာမျိုးမလုပ်ပါဘူး။ အကြမ်းဖက်သမားတွေရဲ့ ဓါးစားခံအဖြစ် အဖမ်းအဆီးမခံရအောင် ဘယ်လို တားဆီးကာကွယ်မလဲဆိုတာကို တရုတ်စီးပွားရေးကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေကို သင်တန်းပဲပေးတာပါ။ FSG ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ လက်နက်ကိုင်ပြီး လုံခြုံရေးပေးတဲ့ အလုပ်မျိုး မလုပ်ပါဘူး။"

ဒါအပြင် Erik Prince ဟာ အမေရိကန်သမ္မတ Donald Trump ကို အပြည့်အဝထောက်ခံသူဖြစ်သလို၊ Trump အတွက် ရံပုံငွေ အကြီးအကျယ်ထည့်ဝင်သူဖြစ်ပါတယ်။ အမအရင်းဖြစ်သူဟာလည်း Trump အစိုးရအဖွဲ့ဝင် ပညာရေးဝန်ကြီး Betsy DeVos ဖြစ်ပါတယ်။

Erik Prince ရဲ့ နောက်ကြောင်းမှာ နာမည်ပျက်တွေရှိထားပြီး အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ သူ့ကုမ္ပဏီ FSG ကို မြန်မာနိုင်ငံတွင်းရှိနေတဲ့ တရုတ်နဲ့ အခြားနိုင်ငံခြားကုမ္ပဏီတွေရဲ့ လုံခြုံရေးဝန်ဆောင်မှုပေးဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်တဲ့အပေါ်မှာ တိုင်းရင်းသားနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ဗွီအိုအေကို အခုလိုပြောပါတယ်။

"အံသြဖို့ကောင်းတာက အစိုးရကနေပြီးတော့ ဒါကို ဘယ်လိုစီမံသလဲ၊ ဝင်ခွင့်ပေးတာလဲ နောက်တခုကတော့ အစိုးရနေပြီးတော့ ဒါကို စုံစမ်းမှုတွေ သူတို့နောက်ကြောင်းနဲ့ ပတ်သက်ပြီးတော့ လေ့လာထားတာ ဘယ်လောက်ရှိသလဲဆိုတာမသိဘူး။ ဒါပေမယ့် စိုးရိမ်စရာကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ Erik Prince ဦးဆောင်ခဲ့တာ အရင်တုန်းက ကြေးစား စစ်တပ်သဖွယ်လိုမျိုးကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးက မြန်မာပြည်ကို ရောက်လာတယ်ဆိုတော့ ဒီလောက်တောင်မှ ကျနော်တို့ ပြည်တွင်းစစ်နဲ့ ပြည်တွင်းလက်နက်ကိုင် ပေါများနေတဲ့ မြန်မာနိုင်ငံမှာ ပိုပြီးဆိုးဝါးစေဖို့ ပိုပြီးဆိုးလာနိုင်လားလို့ ကျနော်စိုးရိမ်မှု ဖြစ်လာတာပါ။"

FSG ရဲ့ အမှုဆောင်ညွန်ကြားရေးမှူးနဲ့ ဒုဥက္ကဌတာဝန်ယူထားတဲ့ Erik Prince ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ပတ်သက်လို့လည်း Gum Sang ကအခုလို ပြောပါတယ်။

"သူ့သမိုင်းကျောင်းကို ကြည့်မယ်ဆိုရင် အရင်က အီရက်စစ်ပွဲမှာဆိုရင် ကြေးစားစစ်တပ် လိုမျိုးနဲ့ ပါဝင်ပတ်သက်မှုဖြစ်ခဲ့တယ်။ နောက်ပြီး စစ်ရာဇဝတ်မှုတွေ တော်တော်ကျူးလွန်ခဲ့တာတွေရှိပါတယ်။ အထောက်အထားနဲ့ ရှိတာပေါ့နော်။ အဲဒါဆိုတော့ ဒီအမေရိကန်နိုင်ငံမှာတင်ကို ပြဿနာဖြစ်နေတဲ့ ပုဂ္ဂိုလ် တဦးတယောက်က တရုတ်ပြည်ကို ပြောင်းပြီးမှ ကုမ္ပဏီထောင်တယ်။ ထောင်ပြီးမှ တရုတ်အကျိုးစီးပွားရေးကို ကာကွယ်ဖို့အတွက် လုံခြုံရေးဝင်ဆောင်မှုလုပ်ပေးတယ်။"

တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမဖွံဖြိုးရေးစီမံကိန်းကြီး အတွက် နိုင်ငံတကာမှာ လိုက်ပါအကောင်အထည်ဖေါ်မယ့် တရုတ်ကုမ္ပဏီတွေရဲ့ လုံခြုံရေး ဝန်ထမ်းတွေ ဖြည့်ဆည်းပေးနိုင်ဖို့ FSG က တရုတ်နိုင်ငံမှာ အကယ်ဒမီသင်တန်းကျောင်းတွေ လိုမျိုးဖွင့်လှစ်ပြီး စစ်သင်တန်းမျိုး ပေးနေကြောင်း Gum Sang ကဆိုပါတယ်။

"သူတို့ Train လုပ်ထားတာက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်တုံးကဆိုရင် အယောက် ၃၀၀၀ ကျော်နေပြီ တကယ့် professional အရပ်ဖက် စစ်ဖက်ဆိုင်ရာမှာ အင်မတန် ကျွမ်းကျင်တဲ့ အဆင့်အထိရောက်အောင်သင်ပေးတာ။ တရုတ်ရဲ့အကျိုးစီးပွားတွေ တခုခု ပြဿနာဖြစ်ပြီဆိုရင် လူတွေပို့လို့ရအောင်လုပ်ထားတာ။"

တရုတ်စီမံကိန်းကြီးတွေရှိနေတဲ့ တိုင်းရင်းသားဒေသတွေက အရပ်ဖက်အဖွဲ့အစည်းတွေကတော့ FSG ကုမ္ပဏီရဲ့ မြန်မာနိုင်ငံတွင်း လှုပ်ရှားဆောင်ရွက်မယ့်အခြေအနေကို စိုးရိမ်မှုတွေရှိနေပြီး လွှတ်တော်အနေနဲ့ စောင့်ကြည့်ဖို့ တောင်းဆိုထားပါတယ်။ ဒီကုမ္ပဏီကို မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်ဖို့ တရားဝင်ခွင့်ပြုချက်ပေးခဲ့ရာမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဘယ်လို စစ်ဆေးခဲ့သလဲဆိုတာကိုလည်း အရပ်ဖက်အဖွဲ့အစည်းတွေက မေးခွန်းထုတ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG