သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွါးဖွယ် ကုလကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီး


Myanmar UN (Myanmar True News Information Team via AP)
Myanmar UN (Myanmar True News Information Team via AP)

ဝေဖန်ရှုတ်ချမှုတွေ ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် တစုံတရာ အထောက်အကူ ဖြစ်စေနိုင်ပါသလား။ ဒီခရီးစဉ်ရဲ့ရလာဒ်က မြန်မာ့ပဋိပက္ခအပေါ် ဘယ်လိုရိုက်ခတ်လာနိုင်ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီကနေ့ ဦးရဲထွန်းကို ဆက်သွယ်ရတဲ့အကြောင်းရင်းကတော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသုံးသပ်လိုခြင်း ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ ဒီခရီးစဉ် ဘယ်လောက်ထူးခြားသလဲဆိုတာကို အကျဉ်းရုံးပြောပါ။

ဖြေ ။ ။ အကျဉ်းရုံးပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံကို ရောက်လို့ရှိရင် ဘာတွေပြောသင့်တယ်။ ဘာတွေတိုက်တွန်းသင့်တယ်ဆိုတဲ့ဟာကို ပြင်ပမှာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါကြတော့ အကြံဉာဏ်တွေ ရယူခဲ့တာ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်နဲ့လည်း မတ်လလောက်က တွေ့ခဲ့တယ်။ တွေ့ပြီးတဲ့အခါကြတော့မှ အခု သူ့အလုပ်ကို အကောင်အထည်ဖော်ပြတာ။ ပြန်သွားတဲ့အခါမှာတော့ အများက ဒီခရီးစဉ်ကနေ ဘာမှထူးထူးခြား Noeleen Heyzer ခြား အောင်မြင်မှု မရခဲ့ဘူးလို့ အဲဒီလို သုံးသပ်ကြတာကို တွေ့ရပါတယ်။

မေး ။ ။ ဆိုတော့ အများက ဒီခရီးစဉ်ကနေ ဘာမှအောင်မြင်မှု မရခဲ့ဘူးလို့ သုံးသပ်ကြတော့ ဦးရဲထွန်းအနေနဲ့ သဘောတူပါသလား။ ဘာများအောင်မြင်မှု ရခဲ့သလဲ။ ဒီအထဲက မျှော်လင့်ချက်ဖြစ်ဖြစ်၊ ကောင်းကျိုးတစုံတရာ ထွက်ပေါ်ခဲ့တယ်လို့ သုံးသပ်မိပါသလား။

ဖြေ ။ ။ သေသေချာချာ စဉ်းစားမယ်ဆိုရင်တော့ ပထမဦးဆုံး အမြတ်ထွက်တာကတော့ Noeleen Heyzer အနေနဲ့ မြန်မာနိုင်ငံအရေး ကူညီဖြေရှင်းပေးဖို့အတွက် မြန်မာအစိုးရ လက်ခံအောင်တော့ သူဆက်ဆံဆောင်ရွက်နိုင်တာ။ ပြေလည်အောင်ဆက်ဆံတယ်ဆိုတာ ပေါ်လွင်တာပေါ့။ ဒါက ပထမဦးဆုံး သူ့အောင်မြင်ချက်လို့ ပြောနိုင်ပါတယ်။ ဒုတိယကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ချက်၊ နည်းနည်းပိုပြီးတော့ ကျန်းမာရေးအရ၊ နေရေးထိုင်ရေးအရ ဂရုစိုက်ဖို့ သူ့တောင်းဆိုချက် ဒါကတော့ နစကရဲ့ တုံ့ပြန်ချက်မှာ ဒါကတော့ လိုက်လျောတဲ့သဘော တွေ့ရတယ်။ အခုက လုံးဝမတွေ့ရဘူးလို့ ပိတ်ပင်ထားတာ မဟုတ်ဘဲနဲ့ တွေ့ခွင့်ကို လမ်းဖွင့်ပေးထားပါတယ်ဆိုတဲ့ အဖြေစကားရခဲ့တယ်။ ဒီတခေါက် မတွေ့ရပေမဲ့ နောက်အခေါက်တွေမှာ တွေ့ရနိုင်မယ်လို့ မျေျာ်လင့်စရာ ရှိပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ Noeleen Heyzer က အပြင်ရောက်ပြီးတော့ ပြန်ပြောတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ ဘာတွေပြောခဲ့တယ်ဆိုတဲ့ဟာကိုပဲ ပြောပြီးတော့ နစကဘက်က ဘယ်လိုပြန်ဖြေရှင်းတယ်ဆိုတဲ့အကြောင်း မပါတော့၊ နစကက အဲဒါကိုတော့ သဘောတွေ့ပုံမရဘူး။ အဲဒါကိုတော့ သူတို့တွေ အပြင်းအထန် ကန့်ကွက်နေတယ်။ ဆိုတော့ NUG ကလည်း ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အပြင်းအထန် ကန်ကွက်ရှုတ်ချနေတယ်။

NUG နဲ့ တခြားအတိုက်အခံအင်အားစုတွေကို အသိအမှတ်ပြုတာလဲ မပါဘူးဆိုတဲ့အကြောင်းတွေ နစကကိုလည်း ရဲရဲတင်းတင်း မပြောရဲဘူးဆိုပြီတော့၊ သူကို ရှုတ်ချကန့်ကွက်နေကြတယ်။ ဆိုတော့ သူ့မှာလဲ အခက်အခဲတွေ ရှိတာပေါ့။ ဘေးကျပ်နံကျပ် ဖြစ်နေတယ်လို့ အဲဒီလို သုံးသပ်ပါတယ်။

မေး ။ ။ ဆိုတော့ နစက ပြန်တဲ့ကြေညာချက်ထဲမှာ ဦးရဲထွန်းက သူတို့ ပြန်ပြောလိုက်တဲ့ အကြောင်းအရာတွေကို Noeleen Heyzer ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းမဖော်ပြလို့ ဆိုပြီးတော့ ပြောသွားပါတယ်။ တကယ်တော့ Noeleen Heyzer က အခုသွားတဲ့ ခရီးစဉ်ဟာ နစကကို တရားဝင်အသိအမှတ်ပြုဖို့ မဟုတ်ဘူးလို့ အတိအလင်း ပြောလိုက်တဲ့ကိစ္စကို နစကက ဒေါသွားထွက် ခံပြင်းလို့ အခုလို သံမန်လုပ်ထုံးလုပ်နည်းမှ မရှိတဲ့ ဆွေးနွေးချက်တော့ အသေးစိတ်ထုတ်ပြန်တယ်ဆိုတာကော မဖြစ်နိုင်ဘူးလား။

ဖြေ ။ ။ ဒါလဲ ဖြစ်နိုင်ပါတယ်။ အသိအမှတ်ပြုတယ် မပြုဘူးဆိုတာက မြန်မာနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့အတွက် နစကဟာ အရေးကြီးတဲ့ ဘက်တခု ဖြစ်တယ်ဆိုပြီးတော့ လာဆွေးနွေးတာကိုပင်လျင် အသိအမှတ်ပြုတယ်ဆိုတဲ့သဘော သက်ရောက်တယ်လို့ ယူဆမှာပေါ့။ မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူလူထုရွေးကောက်ထားတဲ့ အစိုးရလို့ အသိအမှတ်ပြုတာလား။ ဒါမှမဟုတ် မြန်မာ့ပဋိပက္ခအရေးအခင်းတွေကို ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့ ဘက်တဘက်လို့ အသိအမှတ်ပြုတာလား။ ဒါကတော့ ကွာမှာပေါ့။ Noeleen Heyzer အနေနဲ့ အသိအမှတ်ပြုမှု တခုခုရှိလို့သာ လာတာပေါ့။ ဒါကတော့ ရှင်းပါတယ်။ အဲဒီဟာအပေါ် မကျေနပ်တာလဲ ဖြစ်နိုင်ပါတယ်။

မေး ။ ။ နောက်တခုက Noeleen Heyzer က ဆယ်လတောင် အချိန်ယူခဲ့ရသလဲ။ တိုင်းပြည်အခြေအနေဟာ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတာ ကြာခဲ့ပါပြီ။ ဘာဖြစ်လို့ ဒီလောက်တောင်မှ နောက်ကျပြီးမှ လာရသလဲဆိုတာလဲ စဉ်းစားစရာ ဖြစ်ရမယ်ထင်ပါတယ်။

ဖြေ ။ ။ ကျနော် ခန့်မှန်းကြည့်တာတော့ သူက အခုလာတာတောင်မှ ဝိုင်းပြီးတော့ ကန့်ကွက်နေတာ ရှိတယ်။ နစကနဲ့ ထိတွေ့ဆက်ဆံတာကို သိပ်သဘောမကျကြဘူး။ အဲဒီလိုကြောင့်မို့ လာတာ၊ နောက်ကျနေတာလဲ ဖြစ်နိုင်သလို၊ အာဆီယံက ကြိုးစားနေတဲ့ ကိစ္စကို UN ကလဲ ထောက်ခံထားတယ်။ လက်တွေ့ပိုကျပြီးတော့ ပိုပြီးတော့ ဖြစ်နိုင်တယ်ပေါ့။ အဲဒီတော့ အာဆီယံကို ဦးစားပေးတဲ့အနေနဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့တယ်။ အာဆီယံကလုပ်မယ့် သဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်နေတာကိုလည်း ထောက်ခံတယ်လို့ သူပြောတယ်။ ဆိုတော့ ကြာသွားရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီကိစ္စတွေလည်း ပါမယ်လို့ ထင်ပါတယ်။

မေး ။ ။ Noeleen Heyzer က သူ့အနေနဲ့ နောက်ဆုံးစာမျက်နှာမှာ ထည့်ထားတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရှိသော အနာဂတ်ဖြစ်မြောက်ရေးအတွက်သူဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးဆက်ဆံသွားမယ်လို့ ပြောပါတယ်။ ဆိုတော့ အခုတွေ့ဆုံမှုဟာ သိပ်အဆင်မပြေဘူး။ အဖုအထစ်တွေ ရှိပေမဲ့ ဆက်လက်ပြီးတော ဆွေးနွေးမှုတွေ ရှိလာနိုင်သေးတယ်ဆိုတဲ့ သဘောပေါ့။

ဖြေ ။ ။ ဆက်လက်ပြီးတော့ ရှိနိုင်တဲ့သဘောပါ။ ဘာဖြစ်လို့လဲဆိုတော့ ကုလအထူးကိုယ်စားလှယ်တို့ ဘာတို့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် အရင် နဝတ၊ နအဖတို့ ခေတ်တွေကလဲ ဒီလိုပါပဲ သူတို့တွေ လာပြီးတော့ပြောရင်၊ သူတို့ပြောဆို တိုက်တွန်းတဲ့ တောင်းဆိုချက်တွေက အောင်မြင်ချင်မှ အောင်မြင်မယ်။ ဒီဟာလဲ သူတို့ရဲ့ အခြေအနေတွေကို ဘာကြောင့်ဘာကြောင့် ဖြစ်ပါတယ်။ ဘယ်လိုဆက်လုပ်မှာပါဆိုတဲ့ဟာတွေ ရှင်းပြလိုက်တဲ့အခါမျိုးမှာ သူတို့လည်း နားထောင်သွားတာပဲ။ နားထောင်သွားပြီး တကယ်တမ်း အပြင်ရောက်တဲ့အခါမှာတော့ သူတို့က ဘာတွေတောင်းဆိုလိုက်ပါတယ်ဆိုပြီးတော့ ကြွားတယ်။ အဲဒီလိုမျိုးကတော့ ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အဲဒီလိုကြွားတဲ့အခါကြတော့ ဒီဘက်က ပြန်ဖြေရှင်းလိုက်တဲ့ဟာကို သူတို့က တလုံးမှထည့်မပြောဘူး။ သူတို့ဘာသာ လုပ်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတွေပေါ့။ ဆိုတဲ့အခါ ဒီဘက်ကလဲ ကန့်ကွက်တာပေါ့။ ဒီလိုဖြစ်တာနဲ့တော့ နောင်လာမယ့် ခရီးစဉ်တွေအတွက် အဟန့်အတား၊ အနှောင့်အယှက် ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ နှစ်ဘက်စလုံးက အဲဒီလိုတွေ့ကြပြီးတော့ ပြောကြဆိုကြတဲ့ဟာကိုပဲ အလုပ်တွေလုပ်နေကြပါတယ်ဆိုတဲ့ဟာကို ပြနိုင်တာကိုပဲ နှစ်ဘက်စလုံးက လိုလားနေကြတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။

မေး ။ ။ လူတော်တော်များများကတော့ မကြိုက်ကြဘူးပေါ့။ ဦးရဲထွန်း ပြောခဲ့သလို အဖွဲ့အစည်း တော်တော်များများကလဲ မကြိုက်ကြဘူး။ ဆိုတော့ အခုလို ကုလအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်စေ့စပ်ရေး၊ ညှိနှိုင်းဖို့ ကြိုးပမ်းတဲ့ဟာကိုတောင်မှ သိပ်ပြီးတော့ လူတွေက မကြိုက်ကြဘူးဆိုတော့ လူတွေရဲ့ မျှော်မှန်းချက်က ဘယ်လောက်တာင် ရှိနေကြလို့လဲဆိုတာလဲ စဉ်းစားစရာဖြစ်မယ် ထင်ပါတယ်။ အဲဒါကိုလဲ ထည့်သွင်းစဉ်းစားကြည့်ပါအုံး။ ရှေ့အလားအလာကော ကောင်းနိုင်ပါအုံးမလား။ ဒီလမ်းစဉ်နဲ့ ..

ဖြေ ။ ။ အဓိကတော့ NUG တို့ဘာတို့ အပါအဝင် အဖွဲ့အစည်းတွေ ပြောဆိုနေကြတာ ပြည်သူလူထုရဲ့ လိုလားချက်ကတော့ ရှင်းရှင်းပြတ်ပြတ် ပြောဆိုစေချင်တာပေါ့။ ခင်များတို့ ဒီလိုလုပ်တာမှားတယ်။ အခြေခံဥပဒေနဲ့လည်း မညီဘူး။ ဒါကြောင့်မို့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်အပ်ပါ။ ခင်များတို့ လုပ်ရပ်တွေကို အကုန်လုံးရှုတ်ချတယ်။ အဲဒီလိုမျိုး ပြောစေချင်တာ။ အဲဒီလိုမျိုး ပြောလို့ရှိရင် လက်တွေ့ပိုင်းမှာက အလုပ်ကဖြစ်မှာ မဟုတ်ဘူး။ အလုပ်မဖြစ်တဲ့အပြင် နောက်အခေါက်တွေ လာရဖို့လဲ မသေချာဘူး။ အဲဒီလိုဖြစ်တော့ Noeleen Heyzer အနေနဲ့ ညှိနှိုင်းဖို့၊ ဆွေးနွေးဖို့ ဒီအထဲမှာ လုပ်လို့ရတဲ့ ဒုက္ခသည်ကူညီရေးကိစ္စတွေမှာ မျှမျှတတဖြစ်ဖို့၊ အဲဒါတွေကိုလဲ ကူညီဖို့စတဲ့ ဖြစ်နိုင်တဲ့ဟာတွေပဲ သူရွေးပြောသွားတာပေါ့။ အဲဒါကို NUG အပါအဝင် ပြည်ပက အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြားထဲမှာလဲ ဒါလောက်ကတော့ နှမ်းဖြူးတဲ့ကိစ္စပဲလို့ အဲဒီလိုမြင်ကြတာပေါ့။ ဆိုတော့ ပြတ်ပြတ်သားသား တခုခုဖြစ်သွားစေချင်တာပေါ့။ ဒါပေမဲ့ လက်တွေ့ပိုင်းမှာ အဲဒါက လုပ်လို့မရဘူးဆိုတာကိုလဲ Noeleen Heyzer က သိနေတယ်။ အခြေအနေကတော့ အဲဒီလိုဖြစ်ပါတယ်။

မေး ။ ။ အခု ဦးရဲထွန်းကပြောတယ် Noeleen Heyzer တို့ ကုလသမဂ္ဂတို့ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်အတိုင်းလိုက်မယ်။ အာဆီယံကိုပဲ ရှေ့ကိုတွန်းပို့နေတယ် စသဖြင့် ပြောနေတယ်ဆိုတော့ အာဆီယံမူအတိုင်း ရှေ့ဆက်ပြီးတော့ တကယ်အလုပ်ဖြစ်သွားလိမ့်မယ်၊ ပြေလည်သွားလိမ့်မယ်လို့ ပြောနိုင်ပါသလား။

ဖြေ ။ ။ မျှော်လင့်စရာတွေကတော့ အခက်အခဲ အပြောင်းအလဲတွေကြောင့်တော့ မဟုတ်ဘူးပေါ့။ Noeleen Heyzer နဲ့ တွေ့တဲ့ပွဲမှာ နစကဥက္ကဋ္ဌက ပြောလိုက်တဲ့ဟာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူတို့ဥပဒေအရ ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် ဒီထက်လုပ်နိုင်ပါတယ်။ ဒါက သူတို့က သက်ညှာထားတာဆိုတဲ့ စကားကို သူပြောတာ ရှိတယ်။ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်တို့ဘာတို့ ဘယ်လိုပြုမယ်ဘာညာဆိုတဲ့ကိစ္စက အမှုတွေ ပြီသွားတဲ့အခါမှာ နစကအပေါ်မှာ သဘောထား ဘယ်လိုရှိမလဲဆိုတဲ့အပေါ်မှာ အများကြီးတည်ပါတယ်လို့ ပြောတယ်။ ဒါက သူ့အနေနဲ့က ဒေါ်အောင်ဆန်းစုကြည် အမှုတွေဘာတွေ စစ်ဆေးပြီသွားတဲ့အခါမှာမျိုးမှာ နောက်ထပ် (၉) မူလောက် ကျန်သေးတယ်။ ဘယ်အချိန်ပြီမလဲတော့ မသိဘူး။ အဲဒါတွေ ပြီသွားတဲ့အချိန်မှာ ဘယ်လိုသဘောထား ရှိမလဲ။ ဒီသဘောထား ဥပမာ ဟိုတနေ့က တရာရုံးမှာ ထွက်လိုက်တဲ့ ထွက်ဆိုချက်မှာဆိုရင် NUG တို့ PDF တို့ဆိုတာ ဘာတွေလဲ ကျမ မသိဘူးဆိုတဲ့ ပြောဆိုချက်မျိုး။ ဆိုလိုချင်တာက ဒါတွေက ကျမတာဝန် မဟုတ်ဘူး။ ကျမလည်း မသိဘူးဆိုပြီးေးတာ့ ဒါက ဥပဒေကြောင်းအရ ကင်းရှင်းအောင် ထွက်ဆိုလိုက်တာ။ လက်တွေ့မှာ ဒီလိုလက်နက်ကိုင် ပြန်လည်တိုက်ခိုက်နေတဲ့ ဥစ္စာတွေကို ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ ကိစ္စမျိုး၊ လွန်ခဲ့တဲ့ ကာလတွေက ထားခဲ့တဲ့သဘောထား ရှိမလားဆိုတဲ့ အပေါ်တွေမှာ တည်မယ်ထင်တယ်။ ဒါကို ရည်ရွယ်ပြီတော့ နစကဥက္ကဋ္ဌက ပြောပုံရပါတယ်။ အဲဒီလို အပြောင်းအလဲတွေ ရှိလာလို့ရှိရင်တော့ အခြေအနေတွေက နှစ်ဘက်ညှိနှိုင်းဖို့ ဖြစ်နိုင်တယ်လို့ ကျနော်ကတော့ ယူဆတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေဆိုတာနဲ့ ပတ်သက်ပြီးတော့ နစကကိုယ်တိုင် သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမသမာမူကို ညှိနှိုင်းဖို့ ပြောတာကို ပယ်ချခဲ့တယ်။ တကယ်လို့ အဲဒီကိစ္စကိုသာ လက်ခံခဲ့တယ်ဆိုရင် အခုကိစ္စက ဘာမှဖြစ်လာနိုင်စရာ မရှိဘူးလို့ သူက ပြောထားတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်လို့သာ ဒီဟာတွေကို တမင်ရမယ်ရှာပြီးတော့ လုပ်နေတဲ့အမှုတွေဆိုတာ သိပ်ပေါ်လွင်နေတယ်လို့ ယူဆစရာ ဖြစ်မနေဘူးလား။

ဖြေ ။ ။ နစကဥက္ကဋ္ဌ အဲဒီလိုပြောလိုက်တဲ့ ပြောဆိုချက်ကတော့ ဒါက သူပြောင်ဝင်ခံလိုက်တာပေါ့။ ဆိုလိုချင်တာကတော့ နိုင်ငံရေးကိစ္စတွေက အဓိကဖြစ်တယ်။ ကျန်တဲ့ ဥပဒေကြောင်းဆိုင်ရာကိစ္စတွေကတော့ လက်အောက်ခံပေါ့။ ဆိုလိုတာကတော့ မြန်မာလိုပြောမယ်ဆိုရင် လူမုန်းတော့ မူသုံးတာပေါ့။ အဲဒီလိုပဲ ပြောရမယ်ထင်ပါတယ်။

===Unicode===



















XS
SM
MD
LG