သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို ရဲ ခြိမ်းခြောက်


ကြေးနီစီမံကိန်းအရေး မုံရွာဒေသခံတွေနဲ့ ဗကသအဖွဲ့ချုပ် ကျောင်းသားများအဖွဲ့ ပူးပေါင်း ဆန္ဒပြနေစဉ်
ကြေးနီစီမံကိန်းအရေး မုံရွာဒေသခံတွေနဲ့ ဗကသအဖွဲ့ချုပ် ကျောင်းသားများအဖွဲ့ ပူးပေါင်း ဆန္ဒပြနေစဉ်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြမှုတွေကို ဆက်တိုက် လုပ်ဆောင်နေတဲ့ ဒေသခံရွာသားတွေနဲ့ အာဏာပိုင်တွေကြား အခြေအနေတွေဟာ ဒီကနေ့မှာလည်း ဆက်လက် တင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီကြေးနီတောင် စီမံကိန်းကြောင့်မို့လို့ လယ်မြေ ဆုံးရှုံးမှုတွေ၊ ရွာတွေ ပြောင်းရွှေ့ခံရတာတွေ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာတွေကို မကျေနပ်ကြတဲ့ ဆန္ဒပြရွာသားတချို့ မနေ့က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်ပိုင်း အခြေအနေတွေက ပိုပြီး တင်းမာလာခဲ့တာပါ။

ဒီအတွက်လည်း အာဏာပိုင်တွေဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီးတော့ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ ဆန္ဒပြပွဲအတွင်း ထိခိုက် ဒဏ်ရာရသူတချို့လည်း ရှိခဲ့ပါတယ်။ ဒီလို တင်းမာမှုတွေဖြစ်နေတဲ့ မုံရွာဘက်က အခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းရပ်ဖို့ အတွက် တောင်းဆိုမှုမှာ ပါဝင်တာကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ လူ ၁၂ ဦးထဲက ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ခေါင်းဆောင် အမျိုးသမီး နှစ်ဦးနဲ့ အတူ သြဂုတ်လ ၃၁ ရက်နေ့က အဖမ်းခံထားရတဲ့ ကျောင်းသား ခေါင်းဆောင် ကိုဝေဠုကို ပြန်လွှတ်ပေးရေး လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်နေရေးအတွက် မုံရွာမြို့နဲ့ ဆားလင်းကြီးမြို့မှာတော့ ဒုတိယ မြောက် အနေနဲ့ ဆန္ဒ္ဒပြမှုတွေ ဆက်ဖြစ်နေခဲ့တာပါ။

ဆန္ဒပြမှုလုပ်နေတဲ့နေရာကို လုံထိန်းကားက ကြမ်းကြမ်းတမ်းတမ်း မောင်းခဲ့ တဲ့အတွက် ဆန္ဒပြသူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်သားခေါင်းဆောင် ကိုဟန်ဝင်းအောင် ပြောပြတာက

“မုံရွာမြို့က မြောက်ဖျားကြီးတောင်ဘက်မုဒ် မြို့မကျောင်းရှေ့မှာ ရှိတဲ့ ကျောင်းသားတွေ ဆန္ဒပြနေတာကို လုံထိန်းကားကနေ ဟွန်းမတီးဘဲ အရှိန်ပြင်းပြင်းနဲ့ ဝင်လာတဲ့အတွက် ကွင်းရွာသူ မနှင်းနှင်းအေးနဲ့ ဆန္ဒပြနေတဲ့ မိန်းကလေးတယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်။ အခုလေးတင်ဖြစ်သွားတာ။

ဆားလင်းကြီးမြို့နယ် ရဲစခန်းရှေ့မှာ မတရားဖမ်းဆီးခံထားရတဲ့သူတွေ လွတ်မြောက်ရေးနဲ့ လက်ပန်းတောင် ကြေးနီစီမံကိန်းကို ပြည်သူအင်အား ၆၀၀ကျော်က ဆန္ဒပြခဲ့တယ်။ ဆန္ဒပြသူတွေက သုံးနာရီခွဲမှာ လူစုခွဲတယ်။ လူစုခွဲပြီးတော့ လုံထိန်းကားက နောက်ကလိုက်လာတယ်။

အခုချိန်အထိ မုံရွာမြို့ပေါ်က ပြည်သူတွေနဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ ဆန္ဒဖော်ထုတ်မှုကို မုံရွာမြို့ အမှတ် ၁ရဲစခန်းက ဘာမှ တုံ့ပြန်ဖြေကြားမှုမရှိသေးပါဘူး။ အဲ့ဒီ့အတွက် မုံရွာမြို့မှာ ရှိနေတဲ့ ကျောင်းသားပြည်သူတွေရဲ့ အခြေအနေက တော်တော့်ကို ဆိုးပါတယ်။ လုံထိန်းတပ်ဖွဲ့ဝင်တွေက နေရာအပြည့်ချထားပြီး တပ်စွဲထားတဲ့ အတွက် လုံခြုံရေး အခြေအနေက ဆိုးပါတယ်။ ”

ပြန်လွတ်လာတဲ့ ရွှေလှေရွာသူ အမျိုးသမီးကတော့ သူတို့ကို အာဏာပိုင်တွေရဲ့ ပြုမူချက်တွေနဲ့ အနုပညာရှင် စာနယ်ဇင်းသမားတွေက လက်ပန်းတောင်းတောင်ကြီး မပျောက်ကွယ်ဖို့ အကူအညီ ပေးကြပါလို့ ပြောသွားပါတယ်။

“ သူတို့က အတူတူပါမှ ပြန်ရမယ်လို့ပြောတယ်။ သူတို့က ကျနော်ကိုပြန်ဖို့ ပြောပါတယ်။ ၁၂ယောက်အဖွဲ့မို့ ၁၂ယောက်ပြည့်မှ ပြန်မယ်လို့ ပြောတယ်။ သူတို့က ခွဲပြီးထုတ်တယ်။ သူတို့က ကားပေါ် အတင်းဆွဲတင်တယ်။ အခုတော့ သူတို့ကို လွတ်စေချင်တယ်။ ကျမတို့ကို ကူညီပါ။ ထောင်ကြီးကျသွားမှာ ကြောက်တယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အနုပညာရှင် အတတ်ပညာရှင်တွေ ကျမတို့ကို ဝိုင်းဝန်းပြီးတော့ ကူညီပါ။”

လက်ပန်းတောင်းတောင်ခြေတဝိုက်ကရွာတွေကို ပုဒ်မ ၁၄၄ ထုတ်ထား ကြောင်း စာတွေ လိုက်ဖြန့်ပြီး စစ်တပ်အင်အား၊ လုံထိန်းအင်အားတွေနဲ့ ရွာတွေကို ဝင်ရောက်ခြိမ်းခြောက်မှုတွေလုပ်နေတာကြောင့် အကူအညီပေးဖို့ ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ကို စစ်တပ်ကားသုံးစီးက ညနေ လေးနာရီခွဲမှာ လာပြီး ခြိမ်းခြောက်ပါတယ်။ ညလည်း အိပ်ပါမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ လယ်ယာမြေတွေလည်း လုပ်စားစရာမရှိတော့ပါဘူး။ ကျနော်တို့ဘဝတွေ အကုန်လုံး ဒုက္ခရောက်နေတာပါ။ အဲ့ဒီ့အတွက် အနုပညာရှင် အတတ်ပညာရှင်တွေကို သက်ဆိုင်သူအားလုံးကို ပစ်မထားပါနဲ့လို့။”

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ဖို့ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး မြန်မာတပြည်လုံးက အကူအညီတွေ ပေးကြဖို့အတွက် လယ်ဧက ၇,၈၀၀ ကျော် သိမ်းဆည်းခံထားရတဲ့ရွာတွေက ဒေသခံတွေက တောင်းဆိုနေကြတာပါ။ အခုဆိုရင် အကူအညီ ပေးသူတွေမှာလည်း အခက်အခဲတွေ ရှိလာပြီဆိုပြီး ကိုဟန်ဝင်းအောင်က ဆိုပါတယ်။

“ဒီဘက်ရွာတွေကို အကူအညီပေးနေတဲ့သူတွေကို ရှာဖွေမယ်ဆိုတော့ ရွာသားတွေလည်း ရုတ်ရုတ် ရုတ်ဖြစ်တယ်ပေါ့။ နေ့စဉ်နဲ့အမျှကတော့ ဒီမှာ ဒေသခံတွေက လယ်ယာမြေဆုံးရှုံးမူနဲ့ ရွာတွေ ဆုံးရှုံးနေရတဲ့အတွက် နေ့စဉ်ဆန္ဒပြမှုတွေဖြစ်တယ်။ အာဏာပိုင်တွေကလည်း လုံခြုံရေးအင်အားတွေကို နေ့စဉ် ထပ်ထပ်ပြီးတော့ တိုးမြှင့်လာတယ်။

ဒီမှာဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကူညီပြီးတော့ ဆောင်ရွက် ပေးနေတဲ့သူတွေ အင်မတန်နည်းပါတယ်။ အခုလောလောဆယ် ရွာထဲမှာ ရဲတွေဝင်လာလို့ ပြဿနာတက်နေပြီ အမရေ ခဏလေးနော်။ အခုစစ်တပ်နဲ့ ရဲနဲ့ ချိန်းတော့မယ်ပြောတယ်။”

ဆက်သွယ်မေးမြန်းနေစဉ်မှာပဲ ရဲနဲ့စစ်တပ်က လက်ပန်းတောင်ခြေက ရွာတွေထဲကို ဝင်လာပြီး ဒေသခံတွေကို ခြိမ်းခြောက်မှုတွေ လုပ်နေတာလို့ ဆိုပါတယ်။

ဒေသခံတွေကတော့ လွှတ်တော်တွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီ အဖွဲ့အစည်းတွေအနေနဲ့ ဒေသခံလူထုအတွက် တတ်စွမ်းသရွေ့ အကူအညီ ပေးဖု့ိအတွက် မျှော်လင့်နေကြတာပါ။

နောက်ဆုံးမှာတော့ ဒေသခံတွေဟာာ ဗကသများအဖွဲ့ချုပ်က ကျောင်းသားတွေရဲ့ အားပေးကူညီမှုတွေကို ပေါင်းစပ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ အတွက် တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG