သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COPA America ဗိုလ်လုပွဲ ကြိုတင် သုံးသပ်ချက်


Copa América 2015 ဗိုလ်လုပွဲ
Copa América 2015 ဗိုလ်လုပွဲ

ချီလီမှာ ကျင်းပနေတဲ့ ကိုပါအမေရိကဖလား ဖိုင်နယ်ကို အိမ်ရှင် ချီလီ အသင်း နဲ့ အာဂျင်တီးနားအသင်းတို့ စနေနေ့မှာ ဗိုလ်လုကြမှာဖြစ်ပါတယ်။ အိမ်ရှင် ချီလီအသင်း ဟာ ဘယ်အသင်းကိုမှ မကြောက်သလို၊ ချန်ပီယံဖြစ်ဖို့ မျှော်လင့် တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ သမိုင်းမှတ်တမ်းအချက်အလက်တွေအရတော့ အာဂျင်တီးနားက အသာစီးထားပါတယ်။ ဖိုင်နယ်ပွဲအပေါ် ကစားသမားတွေရဲ့ ပြောကြားချက်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

2015 COPA AMERICA ဖလား ဘောလုံးပွဲကတော့ ဖိုင်နယ်ကိုရောက်လာပါပြီ။ ဒီတကြိမ် ဖိုင်နယ်မှာ ဗိုလ်လုကြမှာကတော့ အိမ်ရှင် ချီလီ နဲ့ မက်ဆီဦးဆောင်တဲ့ နာမည်ကြီး အာဂျင်တီးနားပါ။ ဆီမီးဖိုင်နယ်မှာ ချီလီက ပီရူးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး၊ အာဂျင်တီးနားက ပါရာဂွေးကို ၆ ဂိုး ၁ ဂိုး နဲ့ အပြတ်အသတ်နိုင်ပြီး ဖိုင်နယ်တက်လာကြတာပါ။

ချီလီအသင်းခေါင်းဆောင် Claudio Bravo ကတော့ ချီလီအသင်းဟာ ဘယ်အသင်းကိုမှ မကြောက်ဘူးလို့ ပြောလိုက်သလို၊ ချီလီအလယ်တန်းလူ မီဒဲလ်ကလည်း ချီလီပြည်သူတွေရဲ့ ဆန္ဒတွေပြည့်အောင် ကစားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

"ကျနော်တို့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ အိပ်မက်၊ ချီလီပြည်သူ အားလုံးရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကစားသွားမှာပါ။ ကျနော်တို့လုပ်နိုင်တယ် ဆိုတာကို ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ အာဂျင်တီးနားနဲ့ကစားရမှာ ဆိုတော့ လွယ်မှာတော့ မဟုတ်ပါဘူး။ သူတို့မှာ ကစားသမားကောင်းတွေ ရှိပါတယ်။"

ချီလီနည်းပြ Jorge Sampaoli ကတော့ အာဂျင်တီးနားမှာ ကစားသမားကောင်းတွေ အများအပြားရှိပေမယ့် ၂ သင်းစလုံးမှာ အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပါတယ်။

"ကျနော်တို့ ကစားရမယ့် အာဂျင်တီးနားက အကောင်းဆု့းအနေအထားမှာရှိနေပြီး၊ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ခံစားမှုတွေကလည်း အမျိုးမျိုးတွေ့နေရတော့ ၊ ကျနော်တို့နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကလည်း ပိုများလာပါတယ်။"

ပြိုင်ပွဲတလျှောက် ချီလီက ၁၃ ဂိုး ၊အာဂျင်တီးနားက ၁၀ ဂိုး သွင်းထားပြီး ဂိုးအများဆုံး သွင်းတဲ့ ၂ သင်း ဖိုင်နယ်မှာတွေ့ကြတာဖြစ်ပါတယ်။ အခုလို တိုက်စစ်အကောင်းဆုံး ၂ သင်းတွေ့ကြမယ့် ဖိုင်နယ်ပွဲအပေါ်မှာ မြန်မာ့ လက်ရွေးစင် ဂိုးသမားဟောင်း ကိုရင်ထွေးပြောတာကတော့ -

"ချီလီက သူ့နိုင်ငံမှာ ဒီဖလားကြီးကို သူတို့လိုချင်တယ်။ အာဂျင်တီးနားကလည်း ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဂုဏ်သိက္ခာ၊ သူတို့ရဲ့ နာမည်ကြီး ထိန်းဖို့အတွက် ယူချင်တယ် ဘာဖြစ်လို့လဲဆိုတော့ World Cup မှာ သူတို့မရခဲ့ဘူး။ ဒါကြောင့် Cope America မှာ ရဖို့အတွက် ရေကုန်ရေခမ်း အကုန်ဖွင့် ကစားကြလိမ့်မယ်။ ဖွင့်ကစား ကြမယ်ဆိုတော့ အဝါတွေ အနီတွေ သမ်းရင် သမ်းပါလိမ့်မယ်။ အဝါတွေ အနီတွေသမ်းဖို့က အရေးမကြီးဘူး။ ရဖို့ဆိုတဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ကစားလိမ့်မယ်။"

ဘောလုံးဝေဖန်သုံးသပ်သူတွေကတော့ ချီလီအသင်းကို ပြိုင်ပွဲတလျှောက် ခြေအငြိမ်ဆုံးလို့ သတ်မှတ်ထားပြီး၊ အာဂျင်တီးနားအသင်းကတော့ ဖိုင်နယ်ရောက်တဲ့အချိန်မှာ အကောင်းဆုံးပုံစံကို ရထားတယ်လို့ သုံးသပ်နေကြပါတယ်။ ဒီအသင်း ၂ သင်းရဲ့ ခြေစွမ်းအနေအထား နဲ့ ဘယ်လို အားသာချက်တွေရှိသလဲဆိုတဲ့အပေါ်မှာတော့ ကိုရင်ထွေး ပြောတာကတော့ -

"ချီလီဘက်မှာက ကစားနိုင်တဲ့အားက ပရိတ်သတ်အားရှိတယ်။ အိမ်ရှင်အား။ အာဂျင်တီးနားက ခြေငြိမ်ငြိမ်လေးနဲ့ ကစားကွက်အတိုင်း ကစားမယ်ဆိုရင် အာဂျင်တီးနားရဲ့ ကစားကွက်က ချီလီထက်သာတယ်။ တယောက်ချင်းရော Team လိုက်ရော ကစားတာရှိတယ်။ ဥပမာ ဘရာဇီးလ်မှာဆိုရင် ဘရာဇီးလ်မှာ ကစားနိုင်တာဆိုလို့ နေမာတယောက်ပဲ ရှိတယ်။ ကျန်တာက အဖြည့်ဒါလောက်ပဲ။ အာဂျင်တီးနားက မက်ဆီက ဦးဆောင်ကစားတယ်။ သူက Play Maker သူနောက်က အမှီလိုက်ကစားနိုင်တဲ့သူရှိတယ်။ ခံစစ်အနေနဲ့လည်း အသင်းလိုက် ဆင်းလာတယ်။ Counter Attack ပြန်ပြီးကစားနိုင်တာ အသင်းလိုက်ကြီး ပြန်ကစားသွားတဲ့ အခါကျတော့ သိပ်ကြောက်ဖို့ကောင်းတယ်။ အခုနောက်ဆုံး ဆီမီးဖိုင်နယ်မှာ ပါရာဂွေးကို ကစားသွားတဲ့ ကစားကွက်က တော်တော်ကြီးကို လှလှပပ ကစားသွားလို့ ခြောက်ဂိုး တစ်ဂိုးဆိုတာ ဆီမီးဖိုင်နယ်မှာ တော်တော်ကြီးကို ပြတ်သွားတဲ့ပွဲ။ "

သမိုင်းမှတ်တမ်းတွေအရ တောင်အမေရိကဖလားကို ချီလီက အိမ်ရှင် ၆ ကြိမ်လုပ် ခဲ့တာမှာ ၊ အာဂျင်တီးနားက ချီလီမြေမှာ ၄ ကြိမ် ဗိုလ်စွဲဖူးပါတယ်။ ၂ သင်း ထိပ်တိုက်တွေ့မှု မှတ်တမ်းအရတော့ ၊ အာဂျင်တီးနားက ၅၇ ကြိမ် နိုင်၊ ၂၁ ပွဲသရေ ကျပြီး ချီလီက ၆ ကြိမ်ပဲ နိုင်ဖူးပါတယ်။ ဒါပေမဲ့ ချီလီဟာ အာဂျင်တီးနာကို ကိုပါအမေရိကဖလားမှာ တခါမှ မနိုင်ဖူးပဲ၊ ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တခါပဲ ပြိုင်ပွဲမှာ နိုင်ထားတာပါတယ်။ ဆိုတော့ ဒီပွဲအပေါ် ကိုရင်ထွေးကရော ဘယ်လိုသုံးသပ်ပါသလဲ-

"ကျနော်ရဲ့ ထင်မြင်ချက်ကတော့ အာဂျင်တီးနားဘက်မှာ ၈၅% လောက်ကို အာဂျင်တီးနားဘက်က ရပ်တည်ပေးထားတယ်။ သူတို့ကစားနေတဲ့ ကစားကွက်အတိုင်း ကြည့်မယ်ဆိုရင် အာဂျင်တီးနားက ၈၅%လောက်ကို အပေါ်စီးမှာ ရှိနေပါတယ်။ "

မှတ်တမ်းတွေ အစဉ်အလာတွေကတော့ အာဂျင်တီးနားဘက်မှာရှိနေပေမယ့်၊ အာဂျင်တီးနား အသင်း နိုင်ငံတကာပွဲမှာ နောက်ဆုံးဗိုလ်စွဲတာ ၁၉၉၃ ကိုပါဖလားမှာဖြစ်တာကြောင့် အခုဆိုရင် ဆုဖလားနဲ့ဝေးနေတာ ၂၂ နှစ်ရှိသွားပါပြီ။ တကယ်လို့သာ အာဂျင်တီးနားဗိုလ်စွဲခဲ့ရင်တော့ ကိုပါဖလားကို ၁၄ ကြိမ်ရပြီး ဥရုဂွေး နဲ့ အတူ အအောင်မြင်ဆုံးအသင်းဖြစ်လာမှာဖြစ်မှာပါ၊ ချီလီအသင်းနိုင်ခဲ့ရင်တော့ ဒါဟာ ချီလီအတွက် နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲတာဖြစ်မှာပါ။ ဆိုတော့ အာဂျင်တီးနားကပဲ ၂၂ နှစ်ကြာ ပျောက်ဆုံးနေတဲ့ အောင်မြင်မှု ကို ပြန်ယူနိုင်မလား၊ အိမ်ရှင်ချီလီတွေပဲ တနိုင်ငံလုံးအောင်ပွဲခံကြမလား ဆိုတာကတော့ မလွတ်တမ်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG