သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Corona ဗိုင်းရပ်စ် ပြန့်ပွားမှု မြန်မာကူးစက်ရောဂါအထူးကု ဆရာဝန်တဦးနဲ့ မေးမြန်းချက်


Corona ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး တရုတ်နိုင်ငံတွင်း ကြိုးပမ်းဆောင်ရွက်နေမှု။
Corona ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး တရုတ်နိုင်ငံတွင်း ကြိုးပမ်းဆောင်ရွက်နေမှု။
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ပျံနှံလာတဲ့ အန္တရာယ်ကြီးမားနေတာနဲ့ ပတ်သက်လို့ တရုတ်အပါအဝင် ကမ္ဘာတဝှမ်းမှာ ကျန်းမာရေး ပညာပေးလှုံဆော်မှုတွေ အပူတပြင်း လုပ်ဆောင်နေကြပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ အဓိကအကြောင်းအရင်း ရှာဖွေနေဆဲဖြစ်သလို၊ သန္ဓေတည်ကူးစက်မှု ဘယ်လောက်အန္တရယ်ကြီးသလဲဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုး မျိုးပေါက်ပွားမှုဟာ ၁ ရက်ကနေ ၁၄ ရက်အတွင်းဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေ ခန့်မှန်းကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း Corona ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ လူနာ ၅ ဦးရှိလာနေတဲ့အတွက် လတ်တလော ဗိုင်းရပ်စ်ပိုး ရောဂါကူးစက်တဲ့ အခြေအနေကို သိရအောင် အမေရိကန်မှာ ကူးစက်ရောဂါ အထူးကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာခိုင်ဇင်စန်းကို မအင်ကြင်းနိုင်က မေးမြန်းရာမှာ သူကအခုလိုစပြောပါတယ်။

ဒေါက်တာခိုင်ဇင်စန်း။ ။ ဒီရောဂါက အသက်ရှုလမ်းကြောင်းကို ထိခိုက်တဲ့ရောဂါလို့ ပြောလို့ရပါတယ်။ အခြားရောဂါတွေဖြစ်တဲ့ အရင်တုန်းက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့တဲ့ SARS ကြက်တုပ်ကွေးရောဂါမျိုးနဲ့လည်း ဆင်တူပါတယ်။ အဆုပ်ကို အဓိကတိုက်ခိုက်တယ်။ သူကတော်တော်ပြင်းပြင်း ထန်ထန်တိုက်ခိုက်တဲ့အတွက် အဆုပ်တွေဟာ ရောင်ရမ်းပြီးတော့ နမိုးနီးယားဖြစ်ပြီး အလျင်အမြန်နေမကောင်း မကျန်းမမာဖြစ်ပြီး သေဆုံးကြတာများပါတယ်။

အင်ကြင်းနိုင်။ ။ ဒီ ဗိုင်းရပ်စ်ပိုးက ဘယ်လိုစပြီးကူးစက်လာသလဲရှင့်။

ဒေါက်တာခိုင်ဇင်စန်း။ ။ Corona ဗိုင်းရပ်စ်ပိုးက အရင်ကတည်းကရှိခဲ့တာပါ။ ဒါပေမယ့် အခုကူးစက်နေတဲ့ ရောဂါအမျိုးကတော့ အရင်ကနဲ့ မတူပဲ တမျိုးထူးတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အရင်တုန်းကဖြစ်ခဲ့တဲ့ SARS ဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ သွားတူပါတယ်။ ကိုယ်ပူ၊ ချောင်းဆိုးပြီးတော့ တဖြေးဖြေးနဲ့ ဆိုးလာတာ။ ဒီဗိုင်းရပ်စ်ပိုးကို အရင်ကထင်တာက- တိရစ္ဆာန်တွေကနေ လာတယ်ပေါ့နော်။ တရုတ်နိုင်ငံ ဝူဟန်မြို့က တိရစ္ဆာန်တွေ ရောင်းတဲ့ဈေးကနေ ဒီဗိုင်းရပ်စ်ပိုးက စလာတာဆိုတော့။ ဒါပေမယ့် ဒီပိုး ဘယ်ကနေ စကူးစက်သလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။ တချို့သူတွေကလည်း အဲဒီဈေးမသွားပဲနဲ့ ဖျားနေတဲ့သူတွေကလည်းရှိတယ်။ အဲတော့ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး။ ဒါပေမယ့် လူအချင်းချင်းကူးနေတာ တွေ့ရတယ်။ တုပ်ကွေးရောဂါ ကူးစက်တဲ့ ပုံသဏ္ဍာန်မျိုးတွေ့ရတယ်။ အခုလို ဗိုင်းရပ်စ်ပိုး ကူးစက်ပျံနှံနေတဲ့အချိန်မှာ နှာခေါင်း၊ ပါးစပ်တွေ အုပ်ထားမယ်ဆိုရင် အသက်ရှုလမ်းကြောင်းကနေ ရောဂါပိုးကူးတာဖြစ်လို့ ရောဂါကူးတဲ့နှုန်းတော့ သက်သာစေမယ်လို့ ထင်ပါတယ်။

အင်ကြင်းနိုင်။ ။ အခု အမေရိကန်မှာရှိတဲ့ CDC ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကနေ ဒီ Corona ဗိုင်းရပ်စ်ပိုး ပျံပွားမှု ထိန်းချုပ်နိုင်ရေး ဘယ်လိုတွေ ဆောင်ရွက်နေသလဲရှင့်။

ဒေါက်တာခိုင်ဇင်စန်း။ ။ အမေရိကားက ရောဂါကာကွယ်ရေးဌာနချုပ်ကနေပြီး ဒီကိစ္စကို တာဝန်သက်သက်ပေးထားတဲ့ အဖွဲ့အစည်းတခုကို ချက်ချင်းဖွဲ့စည်းလိုက်တယ်။ အဲဒီအဖွဲ့ကနေ သတင်းအချက်အလက်တွေကို အမြဲပဲ ထုတ်ပြန်နေတယ်။ နောက် ရောဂါလက္ခဏာရှိတဲ့သူတွေကို လေယာဉ်ပျံကွင်းတွေမှာ စစ်ဆေးနေပါတယ်။ နိုင်ငံခြားကနေဝင်လာတဲ့ လေယာဉ်ကွင်းတွေဖြစ်တဲ့ အတ္တလန်တာ၊ ချီကာဂို၊ လော့စ်အိန်ဂျယ်လိစ်၊ နယူးရောက်၊ ဆန်ဖရန်စစ္စကို တွေမှာ စတင်စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့နည်းလမ်းတွေ အသစ်တီထွင်ထားပြီး ရောဂါပိုးကူးမကူး အမြန်သိနိုင်အောင် လုပ်ဆောင်နေပါတယ်။

အင်ကြင်းနိုင်။ ။ တရုတ်နိုင်ငံမှာ Corona ဗိုင်းရပ်စ် ကူးက်ပျံနှံနေတာကို ထိန်းချုပ်နိုင်ရေး အပူတပြင်းကြိုးပမ်းအားထုတ်မှုတွေ လုံလောက်တယ်လို့ မြင်ပါတယ်။

ဒေါက်တာခိုင်ဇင်စန်း။ ။ ကျမမြင်တာကတော့ တရုတ်ကတော့ တတ်နိုင်သမျှ လုပ်နေတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ပိုပြီးကြပ်မတ်သင့်တဲ့နေရာကတော့ ခရီးသွားတဲ့နေရာတွေ၊ လေယာဉ်ပံျကွင်းတွေမှာ အင်တိုက်အားတိုက်လုပ်ဆောင်သင့်တယ်လို့ ကျမထင်ပါတယ်။

--------------











XS
SM
MD
LG