သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်ထောက်ပြ


အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခန်းအနား (ဓာတ်ပုံ-ထက်အောင်ခန့် VOA)

မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဂတိလိုက်စားမှုဟာ ကြီးမားတဲ့ အတား အဆီး အဟန့်အတားတခု ဖြစ်တယ်ဆိုတာကို သမ္မတဦးဝင်းမြင့်က အသိအမှတ်ပြု လက်ခံပြော ဆိုပါတယ်။ ဒီကနေ့ ကျ ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ သမ္မတ အဲဒီလိုပြောထားတာပါ။ တဘက်မှာလည်း အဂတိလိုက်စားမှု စွပ်စွဲချက်အသီးသီးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပေးပို့တဲ့ တိုင်ကြားစာ အရေအတွက်ဟာ မနှစ်ကထက်စာရင် ဒီနှစ်မှာ သိသိ သာသာ တိုးလာတယ်ဆိုတာ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ကျင်းပတဲ့ အခမ်းအနားနဲ့ သတင်းစာ ရှင်းလင်းပွဲ တို့ကို ကိုယ်တိုင်သွားပြီး သတင်းယူထားတဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့် က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန် အဂတိ လိုက်စားမှုဟာ အဓိက အဟန့်အတားတခု ဖြစ်နေတယ်ဆိုတာကို သမ္မတဦးဝင်းမြင့်က သူ့ရဲ့သဝဏ်လွှာထဲမှာ ဖော်ပြ ပြောဆိုထားတာပါ။

“အဂတိလိုက်စားမှုသည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိက ကျသည့် ခလုတ်ကန်သင်းဖြစ်နေသည်ကို နားလည်သဘောပေါက်ပါသည်။ အဂတိလိုက်စားမှုသည် နိုင်ငံ၏ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လွယ်ကူမြန်ဆန်စွာ ဝင်ရောက်နိုင်ရေးတို့ကို ထိခိုက်စေ ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ (political will) ပြင်းပျစွာဖြင့် ဇွဲ၊ လုံ့လ၊ ဝိရိယနဲ့လုပ်ဆောင်ရန်လည်း သံန္နိဌာန်ချထားပြီး ဖြစ်ပါသည်။ ”

ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ နိုင်ငံတော် သမ္မတကပေးပို့တဲ့ သ၀ဏ်လွှာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက ဦးအောင်ကြည်က ဖတ်ကြားသွားတာပါ။

နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုကို တိုက်ဖျက်နေချိန် တဘက်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပေးပို့တဲ့ တိုင်ကြားစာအရေအတွက် တိုးလာတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့က ပြောပါတယ်။

ဒါပေမယ့်လည်းလည်း တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ အခြေခံဥပဒေအရ တပ်က သူ့ဖာသာ ကိုင်တွယ်လုပ်ဆောင်ပြီး ကော်မရှင်အနေနဲ့ ကိုင်တွယ်ခွင့်မရှိဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

“တပ်မတော်နဲ့ပတ်သက်ပြီးတော့ အခုချိန်အထိ အန်ကယ်လ်တို့ကော်မရှင်က အရေးယူဆောင်ရွက်မှု မပြုပါဘူး။ တိုင်ကြားမှုလည်း မရှိပါဘူး၊ တပ်မတော်နဲ့ပတ်သက်ပြီးတော့။ အန်ကယ်တို့ကော်မရှင်က ဒီဥပဒေအရပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဥပဒေဆိုတဲ့ဥစ္စာက ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ရဲ့စီမံခန့်ခွဲမှုဟာ တပ်မတော်ကသာလျှင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒီလို အဂတိလိုက်စားမှုကိစ္စတွေဟာ သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာပဲ သူ့ဖာသာသူ အရေးယူဆောင်ရွက်မှုတွေ ရှိနေပါတယ်။ အဲဒါကြောင့် သူ့ process နဲ့သူ လုပ်နေတဲ့အတွက် အန်ကယ်တို့ကော်မရှင်က ကိုင်တွယ်ခွင့် မရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ ”

ဒါ့အပြင် မြေယာဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုင်ကြားစာတွေရဲ့ အရေ အတွက်ဟာလည်း ၂၀၁၈ ခုနှစ် မှာ သိသိသာသာများလာပါတယ်။ ဒါပေမယ့်လည်း လက်ရှိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ မပြောပါဘူး။

အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ အထောက်အထားခိုင်လုံရင် အားလုံးကို ထိထိရောက်ရောက် အရေးယူမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က ပြောပါတယ်။ ဘယ်တုန်းက၊ ဘယ်နေရာမှာ၊ ဘာဖြစ်ခဲ့တယ် ဆိုတာတွေကို ပြောမယ်ဆိုရင် အရေးယူမှာဖြစ်တယ်လို့ ဦးအောင်ကြည်ကပြောပါတယ်။

“တကယ်ကို အရေးယူပစ်လိုက်မှာပါ။ အရေးယူချင်တာမှ လက်ကိုယားနေတာပဲ။ ဒါက တကယ့် တကယ် ပြော ရမယ်ဆိုရင် မကောင်းတဲ့စိတ်နဲ့မဟုတ်ပါဘူး။ ကျနော်တို့က ဒီလို အရေးယူမှုတွေ များများလုပ်နိုင်လေ၊ ပြည်သူ လူထုရဲ့ယုံကြည်မှု ပိုရမယ်လို့ ကျနော်သိတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ပိုရမှ ဒီအဂတိလိုက်စားမှုဟာ ယဉ်ကျေးမှုကြီးလို ဖြစ်နေတဲ့ဥစ္စာကြီးကို ပြိုလဲသွားအောင် ကျနော်တို့က အခုနက ကျနော်တို့ မိန့်ခွန်းထဲမှာ ပြောခဲ့သလို အဟုန်နဲ့ ကျနော်တို့က တွန်းထုတ် ပစ် လိုက်ချင်တာ။ ကျနော်တို့က တဦးတယောက်ချင်းနဲ့ သွားပြီးတော့ လုပ်နေလို့တော့ မရဘူး။”

လက်ရှိမှာတော့ အစိုးရဌာနအသီးသီးမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Units CPU) တွေကို ဖွဲ့စည်းဖို့ သမ္မတက ခွင့်ပြုထားပြီးဖြစ်တာကြောင့် ဌာနဆိုင်ရာ အသီးသီးမှာ အကျင့်ပျက်ခြားမှုတွေကို အတိုင်းအတာတခု ထိ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူလုပ်ဆောင်မှာဖြစ်ပြီး သိပ်ကြီးတယ်ဆိုရင်တော့ ကော်မရှင်က ကိုင်တွယ် လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသွားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG