သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပက်ထရစ်ခွန်ဂျာလီ အမှု တရားရှင် လွှတ်ဖို့ လျှောက်လဲ


ဦးပက်ထရစ်ခွန်ဂျာလီကို တရားရုံးထုတ်စဉ် (Photo-May Sabe Phyu)
ဦးပက်ထရစ်ခွန်ဂျာလီကို တရားရုံးထုတ်စဉ် (Photo-May Sabe Phyu)

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးပက်ထရစ် ခွန်ဂျာလီကို ဒီကနေ့ ၈ ကြိမ်မြောက် တရားရုံးထုတ်စဉ်မှာ သက်သေခံအဖြစ် သိမ်းထားတဲ့ ပစ္စည်းတွေနဲ့ တရားရုံးကို တင်တဲ့ အထောက်အထားတွေ ကိုက်ညီမှု မရှိဘူးလို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အာမခံရဖို့ ထောင်ဆရာဝန်ရဲ့ ထွက်ဆိုချက်ကို ခွင့်ပြုထားပေမယ့် အလုပ်မအားတာကြောင့် ဆရာဝန် လာရောက်နိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်ထားတဲ့ ဓာတ်ပုံတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခြင်းခံထားရတဲ့ ဦးပက်ထရစ် ခွန်ဂျာလီကို ဒီကနေ့ လှိုင်မြို့နယ် တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာပါ။ ဒီကနေ့မှာတော့ တရားလိုဘက်က သက်သေ အမှုစစ်အရာရှိကိုယ်စား ရဲအရာရှိ တစ်ဦးကို စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ဦးပက်ထရစ်ခွန်ဂျာလီကို ဖမ်းဆီးစဉ်မှာ သက်သေခံအဖြစ် သိမ်းထားတဲ့ စာရွက်စာတမ်းတွေနဲ့ ဒီကနေ့ တရားရုံးကို တင်တဲ့ အထောက်အထားတွေဟာ ကိုက်ညီမှု မရှိဘူးလို့ ရှေ့နေဖြစ်သူ ဦးအယ်ခွန်ရိန်ပန်က ပြောပါတယ်။

“ဒီကနေ့ ဘာစစ်လဲဆိုတော့ ကျနော်တို့ ဒီအမှုစစ်အရာရှိကို စစ်လိုက်တဲ့ အခါကျတော့ အကြမ်းဖျင်း ဘာပေါ်ပေါက်လဲဆိုတော့ ဒီသူ့ဆီကနေ သိမ်းထားတဲ့ တယ်လီဖုန်းနဲ့ Laptop နဲ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က တောင်းတဲ့အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို ၂ ရက်ခန့် လွှဲပြောင်းတယ်ဆိုတာ ဒီကနေ့ ပေါ်ပေါက်တယ်။ ဒုတိယတချက်ကတော့ ကျနော်တို့ ရှာဖွေသက်သေတွေကို ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက စစ်တုန်းက ပက်ထရစ်ခွန်ဂျာလီရဲ့ Laptop နဲ့ တယ်လီဖုန်းကနေ ထုတ်ထားတယ်ဆိုတဲ့ စာရွက် ၃ ရွက်နဲ့ ပက်သက်ပြီးတော့ သက်သေခံ အဖြစ်နဲ့ သိမ်းတယ်လို့ပြောတယ်။ အဲဒီလို သိမ်းတဲ့နေရာမှာ ပက်ထရက်ခွန်ဂျာလီက အဲဒီရှာဖွေချက်တွေ ရယက လူကြီးရှေ့၊ လူ ၂ ယောက်ရဲ့ရှေ့မှာပဲ လက်မှတ်ရေးထိုးထားတယ် ဆိုတာလည်း ထွက်ဆိုသွားတယ်။ ဒါပေမယ့် ဒီကနေ့တရားရုံးကို တင်တဲ့ စာရွက်တွေ ကြည့်လိုက်တဲ့ အခါကျတော့ ကိုပက်ထရစ်ခွန်ဂျာလီရဲ့ လက်ရေးလက်မှတ်တွေ မပါဘူးဆိုတာကို စစ်ဆေးတွေ့ရှိရတယ်။

မေး။ ။ ဆိုတော့ ဆရာတို့ဘက်ကရော အဲဒါနဲ့ပတ်သက်လို့ တစုံတရာ သူတို့ကို Complain လုပ်တာ ရှိပါသလားခင်ဗျာ။

ဖြေ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီအမှုစစ်အရာရှိကို စစ်ဆေးပြီးတဲ့ အခါကျတော့ အဲဒီအချက် အပါအဝင်ပေါ့ ကျန်တဲ့အချက်တွေအရ ဒါ စွဲချက်မတင်ဘဲနဲ့ ပြင်ဆင်နိုင်ကြောင်း လျှောက်လွှဲချက်တင်တယ်။ တဘက်ကတော့ ဒါစွဲချက်တင်ထိုက်တဲ့ ဒီအထောက်အထားတွေ တွေ့ရှိရတဲ့အတွက် ဒါ စွဲချက်တင်ရမယ် ဆိုပြီးတော့ တင်ပြတယ်။ နောက်ရုံးချိန်းကျရင်တော့ ဒီစွဲချက်နဲ့ ပတ်သက်ပြီးတော့ အမိန့်ချမှာပေါ့။”

ပန်းနာရင်ကြပ်ရောဂါကြောင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတဲ့ ဦးပက်ထရစ်ခွန်ဂျာလီဟာ အာမခံရဖို့ အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ မရသေးပါဘူး။ ပြီးခဲ့တဲ့ တခေါက် ရုံးချိန်းမှာတော့ ဆရာဝန်ရဲ့ ထွက်ဆိုချက်ကို ခေါ်ယူစစ်ဆေးဖို့ တရားရုံးက ခွင့်ပြုထားပေမယ့် ထောင်ဆရာဝန်က ဒီကနေ့မှာ လာရောက်ခဲ့ခြင်း မရှိဘူးလို့ ဦးအယ်ခွန်ရိန်ပန်က ဆက်ပြောပါတယ်။

“ဆိုးနေပါပြီ။ ကျန်းမာရေးအခြေအနေကတော့ မကောင်းသေးဘူး။ ဒီနေ့ အမှန်တကယ်ကတော့ ထောင်က ဆရာဝန်တွေကို စစ်ဖို့အတွက်ကို ဆင့်ခေါ်ထားပေမယ့်လည်း ထောင်က ဆရာဝန်က မအားတဲ့အတွက် ခွင့်တိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့မစစ်ဖြစ်ပါဘူး။ အဲဒီတော့ နောက်ရုံးချိန်းကျရင်တော့ ကျနော်တို့ လှိုင်မြို့နယ် က ဆရာဝန်နဲ့ စစ်ဖို့အတွက် ကျတော်တို့ သမ္မာန်စာ ဆင့်ထားပါတယ်။”

ကချင်တိုင်းရင်းသား ဦးပက်ထရစ်ခွန်ဂျာလီဟာ လက်ရှိအချိန်ထိ ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသေးသလို ထောင်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ တင်ထားရဆဲ ဖြစ်ပါတယ်။ သူရဲ့အမှုနဲ့ပတ်သက်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကျမှ စွဲချက်တင်သင့် မတင်သင့် တရားရုံးက ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။ သူ့ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရဆိုရင် ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ရပ်လုံးဖြစ်စေ ချမှတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သတ်လို့ သူ့ရဲ့ ရှေ့နေရဲ့ အမြင်က

“ကျနော်မြင်တာကတော့ ကိုခွန်ဂျာလီ ဒီပိုစ့်ကို တင်ပါတယ် ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ အထောက်အထား လုံလုံလောက်လောက် တင်ပြထားတာ မရှိဘူးဆိုတဲ့ အတွက်ကြောင့် ပြန်လွှတ်သင့်တယ် ဆိုပြီးတော့ ကျတော်က လျှောက်လွှဲချက်ပြခဲ့တာပါ။ ကျနော်တို့ကတော့ တရားမျှတမှုကိုတော့ စောင့်မျှော်နေပါတယ်။”

ဦးပက်ထရစ်ခွန်ဂျာလီဟာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ရုပ်ပုံကို ကချင်လုံချည်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က ခြေထောက်နဲ့ ကန်နေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တပ်နယ် ဦးစီးအရာရှိ ဒုတိယဗိုလ်မှုးကြီး မင်းထွဋ်က တရားလိုလုပ်ကာ တရားစွဲဆို ထားတာလည်းဖြစ်ပါတယ်။ အလားတူ ပုဒ်မနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ မချောစန္ဒီထွန်း(ခေါ်) ချစ်သမီးကိုလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပြီး အမှုသွား အမှုလာ ကောင်းမွန်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

XS
SM
MD
LG