သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသန္တိသုခ ကျောင်းတော် အမှု ဒုတိယအကြိမ် တရားခွင်


ရုံးထုတ် သံဃာတော်များ တာမွေမြို့နယ် တရားရုံးရှေ့ သတင်းမီဒီယာတွေနဲ့ မိန့်ကြားစဉ်။ (ဇွန် ၂၇၊ ၂၀၁၄)
ရုံးထုတ် သံဃာတော်များ တာမွေမြို့နယ် တရားရုံးရှေ့ သတင်းမီဒီယာတွေနဲ့ မိန့်ကြားစဉ်။ (ဇွန် ၂၇၊ ၂၀၁၄)

မဟာသန္တိသုခကျောင်းတော်အငြင်းပွားမှုနဲ့ ဆက်စပ်ပြီး တရားစွဲခံထားရတဲ့ သံဃာတော်တွေရဲ့အမှုကို စစ်ဆေးတဲ့ တရားခွင်မှာ ပြင်ပလူပုဂ္ဂိုလ်နဲ့ သံဃာတွေ ဝင်နားထောင်ခွင့်ရပေမယ့် အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးတဲ့ တရားခွင်မျိုးဖြစ်ဖို့ လိုနေသေးတယ်လို့ ဒီကနေ့ တရားရုံး မှာ ကိုယ်တိုင် သွားနားထောင်ခဲ့ဲ့တဲ့ ၈၈ မျိုးဆက် အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက် ပါတယ်။ ဒီကနေ့ တာမွေတရားရုံးက ဒုတိယအကြိမ် တရားစစ်ဆေးမှုမှာ တရားလိုကို အဓိကစစ်ဆေးခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့မှာ တတိယအကြိမ် ရုံးချိန်းပြန်ပေးထားပါတယ်။ တရားရုံးမှာ ကိုယ်တိုင် သွား ပြီးသတင်းယူခဲ့တဲ့ ကိုစည်သူက ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မဟာသန္တိသုခကျောင်းတော်အငြင်းပွားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ သံဃာတော် ငါးပါးကို ဒီကနေ့မှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုကိုပဲ အဓိကထားစစ်ဆေးခဲ့တာဖြစ်တယ်လို့ သံဃာတော်တွေက မိန့် ပါတယ်။ လာမယ့် ဇူလိုင်လ (၄) ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ရုံးချိန်းပေးထားတယ်လို့လည်း စွဲချက်တင်ခံထားရတဲ့ အင်္ဂလန် ဆရာတော် ဦးဥတ္တရ က တရားရုံးတော်က အထွက်မှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံပြီး အခုလို မိန့်ပါတယ်။

“ဘုန်းကြီးတို့ ဒီအမှုမှာ တကယ့်ကိုမှ သာသနာနဲ့ သက်ဆိုင်တဲ့ အမှု၊ဖြစ်နေတယ်။ သာသနာတော်နဲ့လည်း သက်ဆိုင်တယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ သံဃာတော် ငါးသိန်းနဲ့လည်း သက်ဆိုင်တဲ့ အမှုကြီးလည်းဖြစ်ပါတယ်။ အဲ့တော့ တမျိုးသားလုံးကလည်း စိတ်ဝင်စားနေတယ်ဆိုတာ ဘုန်းကြီးတို့ သိပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ ကလည်းပဲ အမှုစစ်တဲ့နေရာမှာ တကယ့် အမှုရဲ့အမှန်ကိုပေါ် လာအောင် စစ်ဖို့ရာ အရေးကြီးပါတယ်။ ဆိုတော့ သက်သေတွေရော၊ တရားလိုတွေရော၊ တရားခံတွေရော၊ စသည်ဖြင့် ဒါတွေကို သေသေချာချာ၊ ဘက်မလိုက်ပဲနဲ့ အမှန်တရားတွေ၊ ပေါ်အောင် စစ်နိုင်ဖို့ဆိုတာဟာ အင်မတန်မှ အခွင့်အရေးဟာ ရခဲပါတယ်။ ဒါကြောင့် ဒါတွေကို ဖြေးဖြေးဆေးဆေးနဲ့ စစ်ရမှာဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့ အခုလာမယ့် ၄ရက်နေ့ ၁၂နာရီ တိတိမှာ ဘုန်းကြီးတို့ ပြန်လည်စစ်ဆေးဦးမှာဖြစ်ပါတယ်။

အခုဒီနေ့ စစ်တာကတော့ တရားလိုကိုပဲ စစ်နေတာဖြစ်နေသေးတဲ့အတွက် တရားလိုအပြင်၊ တရားလိုရဲ့ သက်သေပေါ့၊ သက်သေတွေကိုလည်း စစ်ဦးမှာဖြစ်ပါတယ်။"

ဇွန်လ (၁၃) ရက်နေ့က ပထမအကြိမ် ရုံးထုတ်စဉ်က သံဃာငါးပါးကို လူဝတ်လဲပြီး ရုံးထုတ်ခဲ့ပေမယ့် ဒီကနေ့ မှာတော့ ချွင်းချက်အနေနဲ့ သင်္ဃန်းရုံစေခဲ့ပြီး ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဆင့်ခေါ်ခဲ့တဲ့ ရုံးချိန်းကို ကြားနာသူတွေအဖြစ် လာရောက်ခဲ့တဲ့ ( ၈၈ ) မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းနိုင်ကို ကတော့ ကိုယ်တိုင် ကြားနာခဲ့ရတဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

" ဒီနေ့ တရားရုံးလိုမျိုးပေါ့၊ ကျနော်တော့ နားထောင်ခွင့်ရခဲ့တယ်။ နားထောင်ခွင့် ရခဲ့ပေမဲ့ ကျနော့်စိတ်ထဲ ဘာဖြစ်လာလဲဆိုတော့ သတင်းသမားတွေကို အင်မတန် နားထောင်စေချင်တဲ့ စိတ်တွေ တဖွားဖွားဖြစ်လာတယ်။ ဘာဖြစ်လို့ ဒီလောက် ကြီးကျယ်တဲ့ အမှုကို ဒီလောက်ကျဉ်းတဲ့ ရုံးခန်းလေးထဲမှာ ဘာဖြစ်လို့ စစ်လဲဆိုတာ ကျနော် စဉ်းစားမိတယ်။ အဲ့တော့ ပွင်လင်းမြင်သာစေချင်တယ်။ ဘယ်သူ တရားတယ်။ ဘယ်သူ မျှတတယ်ဆိုတာက အစပေါ့။ တကယ်တော့ ကျနော်သည် ပင်လျှင် ပြောခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော့်ဆုံးဖြတ်ချက်က ကျနော့်စိတ်ကြိုက်၊ ကျနော့်အကြိုက်ဖြစ်လိမ့်မယ်။ သတင်းသမားအများစု နားထောင်သင့်တယ်လို့ပဲ ကျနော်မြင်တယ်။

အခုကျနော် ကြုံတာက ဘာကြုံလာရလဲဆိုတော့ စွတ်စွဲခံရတဲ့ ဘက်က ရှေ့နေတွေ ကနေပြီးတော့ တရားစွဲတဲ့ ပုဂ္ဂိုလ်ကို ပြန်ပြီးတော့ မေးတဲ့မေးခွန်းတွေ၊ အဲ့တာတွေဟာ ခင်ဗျားတွေအနေနဲ့ အင်မတန် နားထောင်သင့်တဲ့ မေးခွန်းတွေလို့ ကျနော်ထင်တယ်။ ပြန်ဖြေဆိုတဲ့အချက်တွေကလည်း သတင်းသမားတွေ ရကို ရထိုက်တယ်လို့ ကျနော်ထင်တယ်။ အဲ့တော့ ဒီတရားရုံးဟာ တပြည်လုံးသာမက တကမ္ဘာလုံးကပါ စိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီ့ထက်ပိုပြီးတော့ အများနားထောင်နိုင်အောင် ကျယ်ပြန့်အောင်တော့ လုပ်ပေးသင့်တယ်လို့ ကျနော်ထင်တယ်။ အဲတော့ ဆက်ပြီးတော့ နောက်ဆုံးအဆုံးသတ်မှာတော့ တကယ်တရားမျှတမှု ရှိ၊ မရှိဆိုတာတော့ ကျနော်တို့ကြည့်ရမယ်။ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာပြီဆိုရင် နောက်ထပ် ရဟန်းပြည်သူတွေရဲ့ မကျေနပ်မှုတွေဟာ ပိုပြီးတော့ များလာမယ်။"

ဒီကနေ့ ဇွန်လ ၂၇) ရက်နေ့ ဒုတိယအကြိမ် ရုံးထုတ်စဉ်မှာတော့ သာသနာရေးက တာဝန်ရှိသူတချို့ တရားလိုအဖြစ် လာရောက်ထွက်ဆိုခဲ့ပါတယ်။ ရုံးတော်ရှေ့မှာတော့ သံဃာတော်တချို့ အပြင် လူပုဂ္ဂိုလ်အများအပြား လာရောက်ပြီး စောင့်ဆိုင်းနေခဲ့ကြတာပါ။ တတိယအကြိမ်ရုံးချိန်းကိုတော့ လာမယ့် ဇူလိုင်လ(၄) ရက်နေ့ နေ့လည် (၁၂) နာရီမှာ ချိန်းဆိုထားတာ ဖြစ်ပါတယ်။

မဟာသန္တိသုခ ကျောင်းတော်ဟာ သံဃမဟာနာယက အဖွဲ့နဲ့ ပီနန်ဆရာတော် ဦးပညာဝံသ တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှာတော့ ယာယီသတင်းသုံးနေတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ငါးပါးကို အင်အားသုံး ဖမ်းဆီးခေါ်ဆောင် လူဝတ်လဲစေခဲ့ပြီး ကျောင်းတော်ကိုလည်း ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG