သုံးရလွယ်ကူစေသည့် Link များ

တရုတ် မြန်မာနယ်စပ်ဂိတ်တွေ ရှေ့လဆန်း ပြန်ဖွင့်နိုင်မှာလား 


တရုတ်နယ်စပ်က မြန်မာကုန်ကားများ (ယခင်မှတ်တမ်းဓာတ်ပုံ)
တရုတ်နယ်စပ်က မြန်မာကုန်ကားများ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်မှာရှိတဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ဇန်နဝါရီလဆန်းမှာ ပြန်ဖွင့်ပေးမယ်လို့ ယူနန်အစိုးရက အသိပေးထားပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်ကန့် သတ်ချက်တွေ ဖြေလျော့ပြီးတဲ့နောက် ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေတာကြောင့် အခြေအနေစောင့်ကြည့်ရမယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

လူအသွားအလာနဲ့ ယာဉ်အဝင်အထွက်အတွက် တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို လာမယ့် ဇန်နဝါရီလထဲမှာ တရုတ်၊ ယူနန်အစိုးရက ပြန်ဖွင့်ပေးနိုင်ခြေရှိကြောင်း နယ်စပ်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်စဖြစ်တဲ့ လွန်ခဲ့တဲ့၂ နှစ်လောက်က ပိတ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်က မန်ဝိန်း၊ ဆင်ဖြူ၊ နန်းတော် စတဲ့ဂိတ်တွေအပါဝင် ကချင်နဲ့ ချင်းရွှေဟော်ဘက်က နယ်စပ်ဂိတ်ကိုလည်း ပြန်ဖွင့်ပေးမယ်လို့ ကြားသိထားကြောင်း ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်း ပြန်များလာတဲ့အတွက် အခြေအနေကို မှန်းရခက်ခဲကြောင်း မူဆယ်က ရေထွက်ကုန် လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

" ၁ ရက်နေ့ဖွင့်မယ်လို့ သတင်းကြားတယ်။ ဖွင့်မလား၊ မဖွင့်ဖြစ်မလားတော့ မသိဘူး။ ဘာလို့ဆို ရောဂါတွေက အခု တရုတ်ဘက်မှာ တအားများနေတာဆိုတော့လေ။ သူတို့ဘယ်လိုဆက်ပြီး လုပ်ကြမယ်တော့ မသိဘူးပေါ့။ ဖွင့်ရင်တော့ ကောင်းတာပေါ့၊ ကျနော်တို့ဘက်က ကုန်သွယ်မှုပိုပြီးတော့ မြန်ဆန်တော့ ကုန်သည်တွေအတွက်ရော၊ ကားဆရာတွေ အတွက်ရော အဆင်ပြေတာပေါ့။ အခုတော့ အဆင်မပြေဘူးဗျ၊ တဘက်တည်းမှာပဲ ကျင်စန်းကျော့လမ်းမှာ ကုမ္ပဏီတခုက သူတို့ပဲ အကုန်လုပ်စားသလိုဖြစ်တော့ ကုန်ကျစရိတ်တွေ တအားများပြီးတော့ အခုအချိန်က လုပ်ရအဆင်မပြေ ဖြစ်နေတာပေါ့။"

တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ စပြီးပိတ်ချိန်ကတည်းက လူအဝင်အထွက်ကို လုံးဝပိတ်လိုက်ပြီး ကျင်စန်းကျော့ဂိတ်တခုကိုပဲ အကန့်အသတ်နဲ့ ကုန်ကားတွေအတွက် တရုတ်ဘက်က ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဒီဂိတ်ကိုဖြတ်ပြီး မြန်မာကားတွေကို တရုတ်နိုင်ငံထဲကို တိုက်ရိုက်ဝင်ခွင့် ပေးထားတာပါ။ ယခင်က တရုတ်ယာဉ်မောင်းတွေ လက်ထဲကို မြန်မာကုန်ကားတွေ နယ်စပ်မှာ လွှဲပြောင်းပေးခဲ့ရတာပါ။

မူဆယ် နယ်စပ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးကတော့ တရုတ်ဘက်မှာ အတည်ပြုလူနာဦးရေ တိုးလာတယ်ဆိုပေမဲ့ မြန်မာဘက်မှာ ရောဂါဖြစ်နှုန်းမရှိတာကြောင့် ကိုဗစ်ကန့်သတ်ချက်တွေကို တရုတ်ကအရင်ကထက် လျှော့ချထားကြောင်း ပြောပါတယ်။ တကယ်လို့ တရုတ်ဘက်က မြန်မာနဲ့ နယ်စပ်ဂိတ်အားလုံးကို ပြန်ဖွင့်မယ်ဆိုရင် တရုတ်နှစ်သစ်ကူးအပြီး ဇန်နဝါရီလလယ်လောက်မှာ ဖွင့်နိုင်ကြောင်း သူကပြောပါတယ်။

" တရုတ်နိုင်ငံတွင်းမှာတော့ ကိုဗစ်ရောဂါ တွေ့ရှိတဲ့သူက သန်းနဲ့ချီရှိတယ်တနေ့တည်းမှာ။ နောက်တခုက တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာလည်း ကိုဗစ်ရောဂါပိုးကို သာမန် ချောင်းဆိုးနှာစေး ဖျားနာအဆင့်လောက်ပဲ သတ်မှတ်ထားတယ်၊ လူအသေအပျောက်နှှုန်းက ရှိတော့ရှိတယ်၊ တော်တော်နည်းတယ်။ ဒါကြောင့်သူတို့ကလည်း ဖြေလျှော့မှုတွေ အများကြီးလုပ်ပေးတယ်။ ဇန်နဝါရီလ ၈ ရက်ကစပြီး တရုတ်နိုင်ငံကို ပြင်ပနိုင်ငံတွေက ဝင်ရောက်မယ်ဆိုရင် ကွာရန်တင်း ၇ ရက် ဝင်စရာမလိုတော့ဘူး။ ပြန်ဖွင့်မယ်ဆို ဇန်နဝါရီလလယ်လောက်ဖွင့်မလား၊ တရုတ်နှစ်သစ်ကူးအပြီး ဖွင့်မလားတော့ မသိဘူး။ ဒါကလည်း ၅၀-၅၀ လောက်ပဲရှိတယ်။"

တရုတ်နိုင်ငံ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဗဟို China CDC ရဲ့ အခုဒီဇင်ဘာလ ၂၈ ရက် ထုထ်ပြန်ချက် အရဆိုရင် ပြည်နယ် ၃၁ ခုမှာ တရက်အတွင်း အတည်ပြုလူနာ ၅,၁၀၂ ဦးရှိပြီး ဒီထဲမှာ ဂွမ်ဒေါင်း၊ ပေကျင်း၊ ဖူကျန့်၊ ဟူနန်၊ ဟူဘေး ပြည်နယ်တွေက ကူးစက်မှု အများဆုံးဖြစ်ပါတယ်။ မြန်မာနဲ့ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာလည် ကူးစက်မှုတွေ ရှိနေတယ်လို့ ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ သတင်းတွေမှာတော့ တရုတ်ပြည်ရဲ့ တရက်ကူးစက်နှုန်းဟာ အလွန်များပြားနေပြီး တရက်ကိုလူပေါင်း သိန်းချီ ကူးစက်နေတယ်လို့ ဖော်ပြကြပါတယ်။

ပြည်တွင်းမှာတော့ မြန်မာကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် အခုဒီဇင်ဘာ ၁ ရက်ကနေ ၂၈ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၃၉၄ ဦး ရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံထားပြီးတဲ့ အရေအတွက်ကတော့ ၃၇ သန်းကျော် ရှိတယ်လို့ မြန်မာကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကိုတော့ တဖြေးဖြေးနဲ့ ဖြေလျှော့ပေးနေပြီဖြစ်ပါတယ်။

====================

[[Unicode]]









====================

XS
SM
MD
LG