သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ကိုယ်ခံအားဆိုင်ရာ မြန်မာရိုးရာအစားအစာ


Healthy Diet food group, proteins, include meat (chicken or turkey), cheese, eggs and nuts.
Healthy Diet food group, proteins, include meat (chicken or turkey), cheese, eggs and nuts.

ကိုဗစ်နဲ့တုပ်ကွေးကာလထဲ ကိုယ်ခံအားအတွက် မြန်မာရိုးရာအစားအစာတွေကို အာဟာရဓာတ် မပျက်အောင်နဲ့ မျှတအောင် ပြင်ဆင်စားသုံးတတ်ဖို့ အာဟာရ ပညာရှင်တွေက တိုက်တွန်းနေပါတယ်။

မြန်မာရိုးရာစာ အဓိကတစ်ခုဖြစ်တဲ့ ငပိရည်နဲ့ တို့စရာအတွက်၊ ဟင်းသီးဟင်ရွက် (ရှောက်ရွက်၊ နံနံပင်၊ ဆလတ်၊ သခွားသီး၊ မုန်လာဥနီ၊ ခရမ်းချွတ်သီး) စတာတွေကို သန့်အောင်ရေဆေးကာ အစိမ်းတို့တာက အကောင်းဆုံး အာဟာရအပြည့်ရစေတာပါ။ ဒါပေမဲ့ တချို့ဟင်းသီးဟင်းရွက် (ဥပမာ သခွားသီးနဲ့ မုန်လာဥနီမျိုး) တွေကို အခွံနွှာမပစ်ဖို့ လိုပါတယ်။ အခွံနွှာလိုက်ခြင်းဖြင့် ဖိုင်ဘာအမျှင်ဓာတ်အပါအဝင် အာဟာရဓာတ်တွေ အခွံမှာ ပါသွားနိုင်လို့ပါ။ ဒါတွေကို ရေစင်အောင်ဆေးပြီး အခွံပါစားခြင်းဖြင့် အာဟာရအပြည့်ရနိုင်ပါတယ်။ အကယ်၍ အစိမ်းမစားချင်လျှင်တော့ အငွေ့နဲ့ပေါင်းတာ (Steam) လုပ်တာ၊ ရေနွေးခဏစိမ်တာ (Dip) လုပ်တာ စတဲ့နည်းတွေနဲ့ အာဟာရဓာတ် မဆုံးရူံးအောင် ပြင်ဆင်နိုင်ပါတယ်။ နယ်တွေမှာ ထမင်းအိုးအပေါ်ပိုင်းကိုသုံးပြီး အငွေ့ရိုက် ပေါင်းနိုင်သလို၊ မြို့တွေမှာတော့ လျှပ်စစ်မီးဖို (Rice Cooker) မှာ ပေါင်းဖို့ အပေါ်အဆင့်ပါပြီးသားကို အဆင်သင့် သုံးနိုင်ပါတယ်။ ဟင်းရွက်ပြုတ်တာမှာတော့ ပြုတ်တဲ့ရေထဲ အာဟာရဓာတ်တွေ (အဓိက ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ) ပါသွားနိုင်တာမို့ ရေနွေးဆူချိန် ခဏသာ (တစ်မီးနစ်ထက်နည်းအောင်) ခဏနှစ်ပြီး ပြန်ထုတ်ခြင်းဖြင့် စိမ်းစိုရောင်မပျက် စိမ်းရွှေရွှေအနံ့လည်းမရတော့ဘဲ စိတ်ချလက်ချ စားနိုင်ပါတယ်။

နောက် ရိုးရာစာဖြစ်တဲ့ ချဉ်ပတ်အတွက်လည်း ဆန်ဆေးရေ (သို့မဟုတ်) အချဉ်ရည် (Vinegar) နဲ့ ရာသီထွက် ဟင်းသီးဟင်းရွက် (ပဲတီပင်ပေါက်၊ သခွားသီး၊ မုန်လာဥနီ ဥဖြူ စတာ) တွေကို အိုးထဲ/ပုလင်းထဲ ချဉ်ပတ်လုပ် စားသုံးတာကလည်း အာဟာရနဲ့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ချဉ်ပတ်မှာက သဘာဝ Probiotics (အစာအိမ် အူလမ်းကြောင်းအတွက် ကောင်းတဲ့ပိုး) တွေ ပါကာ၊ အထူးသဖြင့် ကိုဗစ်ကာလအတွက် အထောက်အကူပြုပါတယ်။ ဒီဟင်းသီးဟင်းရွက်ချဉ်ဖတ်လုပ်ရာမှာ အရေးကြီးတာက သန့်ရှင်းအောင်ပြင်ဆင်ဖို့ပါ။ မသန့်လျှင်တော့ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် စားသုံးရာမှာလည်း ရေကိုလဲပေးကာ၊ ရက်ကြာကြာ (၂ ရက်ကျော်) ထားပြီး မစားဖို့ လိုပါတယ်။ Probiotics ရစေတဲ့ ဒိန်ချဉ်ကိုတော့ မြို့ပေါ်မှာ လက်လှမ်းမီနိုင်ပေမဲ့၊ နယ်တွေမှာ ရဖို့ခက်တာကြောင့်၊ ဒီ ဟင်းသီးဟင်းရွက် ချဉ်ပတ်က နယ်တွေအတွက်ပါ လက်လှမ်းအမီဆုံး ဖြစ်နိုင်ပါတယ်။

မြန်မာရိုးရာစာတွေကိုလည်း အာဟာရမျှတအောင် (Healthy Balance Diet) စားသင့်ရာမှာ၊ အသား (ပရိုတိန်း) ဓာတ်အတွက် တတ်နိုင်လျှင် ကြိုက်လျှင် အသား၊ မတတ်နိုင်လျှင် ငါး၊ ပဲမျိုးစုံ၊ ဥနဲ့ အစေ့အဆံတွေကို ပန်းကန် (သို့မဟုတ်) ဇလုံရဲ့ လေးပုံတစ်ပုံက ဆီဓာတ် (ကာဗိုဟိုက်ဒရိတ်) အတွက် လေးပုံတစ်ပုံနဲ့ အသီးအရွက် (ပင်စည်၊ အမြှစ် အပွင့်တွေ အပါအဝင်) တစ်ဝက်စာ (နှစ်ပုံတစ်ပုံ) ထည့်စားသုံးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် မိုးရာသီမှာ ရာသီထွက် ဟင်းသီးဟင်းရွက် (အရောင်စုံ) ရာကျော်ရှိပြီး ဖရုံပင်ကနေ ဖရုံသီး ဖရုံစေ့အပြင် ဖရုံညွန့်ကိုလည်း ရစေသလို၊ ဂေါ်ရခါးသီး ဂေါ်ရခါးညွန့်၊ ဗူးသီး ဗူးညွန့်တွေမှာလည်း အာဟာရဓာတ် အများအပြားရှိကာ ကျန်းမာရေးညီညွြတ်ပီး ရေခဲသေတ္တာမရှိသူတွေလည်း မြန်မြန်ရ မြန်မြန်ချက်စားနိုင်ပါတယ်။ ဒါ့အပြင် စားလို့ရတဲ့ပန်းတွေအပွင့်တွေ (ဆနွင်းဖူး မာလာဖူး တောက်တောက်ဖူး၊ တရုတ်စကားပွင့်၊ သခွပ်ပွင့်) စတာတွေကလည်း အလွယ်တကူ လက်လှမ်းမီနိုင်ပြီး အာဟာရအတွက် ကောင်းတာမို့ စားသုံးသင့်ပါတယ်။

မြန်မာနိုင်ငံမှာ စားပုံစားနည်း ပြဿနာကတော့ ထမင်းစားတာ (ဒန်ပေါက်၊ ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်း စတာအပါအဝင်) များလွန်းတတ်တာပါ။ ခုလိုထမင်းအမောက်ကြီးထည့်စားတတ်တာမို့ ထမင်းနဲ့ ဗိုက်အရင်ပြည့်သွားပြီး တခြား လိုတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားစားဖို့ ဗိုက်မဆန့်တော့ဘဲ နည်းသွားတတ်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို အရင်ဆုံး တတ်နိုင်သလောက်စားပြီး ဗိုက်ပြည့်လုနီးပါးခံစားလာရချိန်ကျမှ ထမင်းကို ထပ်စားခြင်းဖြင့် ထမင်းစားတာ နည်းသွားနိုင်ပါတယ်။ အထူးသဖြင့် ဗူးညွန့် ဖရုံညွန့် ဂေါ်ရခါးညွန့် စတာတွေမှာ ဖိုင်ဘာအမျှင်ပါတာများပြီး ဗိုက်တင်းလွယ်စေတာမို့ နောက်ပိုင်းမှာ ထမင်းသိပ်မစားချင်တော့ဘဲ ဒီအတွက် အထောက်အကူပြုနိုင်ပါတယ်။ အလားတူ အသားငါး ဟင်းတွေစားရာမှာလည်း အသားဖတ် ငါးဖတ် အနည်းငယ်သာစားပြီး ဟင်းအနှစ်အများကြီးနဲ့သာ ထမင်းကိုနယ်စားတတ်တဲ့ အားနည်းချက်လည်းရှိပါသေးတယ်။ တကယ်က ဒီဟင်းအနှစ်မှာက ဆီ၊ ငံပြာရည်၊ ဆားနဲ့ အချိုမူန့်က (မူလ ကြက်သွန်၊ ဂျင်း၊ စပါးလင်၊ မဆလာ၊ ငရုတ်၊ ဆနွင်း စတာထက်) ပိုပါတတ်တာမို့၊ အရသာရှိပေမဲ့ အာဟာရသိပ်မရှိဘဲ (အဆီ အငံ အချို ပိုများတတ်ကာ) ဗိုက်တင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ဟင်းအနှစ်ကိုလျော့ပြီး ပိုလိုအပ်တဲ့ အသား ငါး အဖတ်ကို တစ်ခါစား ၃ အောင်စ (လက်တစ်ပြားစာ အဖတ်) စားနိုင်အောင် တတ်နိုင်သရွေ့ စီမံသင့်ပါတယ်။ တချိန်ထဲမှာ ငံပြာရည် (အချိုမှုန့်ထည့်ထားလေ့ရှိ) နဲ့ ဆား အလွန်အကျွံသုံးတာကိုလည်း လျှော့ချသင့်ပါတယ်။

ဒီအကြောင်းဆိုင်ရာ ပိုမိုသိနားလည်ဖို့အတွက် ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==== Unicode ====







XS
SM
MD
LG