သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ မြန်မာဒုက္ခသည်စခန်းတွင်း ကိုဗစ်ကူးစက်သူတိုး


အုန်းဖျန် ဒုက္ခသည်စခန်း

==[[ Zawgyi ]]==

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျန် ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ဒီလထဲ ပိုတိုးလာပြီး၊ ဒုက္ခသည်တွေ မိသားစုလိုက် ကူးစက်မှုဖြစ်နေတာပါ။ ကိုဗစ် ကပ်ရောဂါအပြင် စားသောက်ရေးပါ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဒီသတင်းကို ပြောပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ဒီလအတွင်း ၁၉၀ နီးပါးထိရှိလာပြီး၊ ဒုက္ခသည်တွေ မိသားစုလိုက် ကူးစက်မှုတွေဖြစ်နေတာပါ။ ကိုဗစ်ဒုတိယလှိုင်းမှာတုန်းက အနည်းငယ်သာ ကူးစက်ခဲ့ပေမယ့် ဒီလအတွင်းမှာတော့ ဒုက္ခသည်တွေကြား ဆက်တိုက် ကူးစက်မှုတွေဖြစ်လာတယ်လို့ အုန်းဖျံစခန်းထဲက ဒုက္ခသည်တဦးက ပြောပြပါတယ်။

"၂၅ ရက်နေ့ကျတော့ ၁၅ ယောက်ထပ်တွေ့တယ်။ ၂၆ ရက်နေ့က ၁ ယောက်ထပ်တွေ့တယ်။၂၇ ရက်နေ့ကျတော့ ၂၀ တွေ့တယ်။ ၂၈ ရက်နေ့ကျတော့ ၂၁ ယောက်တွေ့တယ်။ နောက်ထပ် ထပ်တိုးတာက ၂ ယောက်ထပ်တွေ့တယ် ။ အားလုံးပေါင်း ၁၈၆ ယောက်ပါ။"

ဒုက္ခသည်တွေ ရင်ဆိုင်နေရတာကတော့ ကိုဗစ်ကပ်ဘေးကာလမှာ စခန်းပြင်ပကို ထွက်လို့မရတဲ့အတွက် ဝင်ငွေအနည်းငယ်ရနိုင်ဖို့ အနီးနားက စိုက်ခင်းတွေကိုသွားပြီး အလုပ်လုပ်ခွင့်လည်း မရကြပါဘူး။ အခုလို ဆက်တိုက် ကူးစက်မူတွေ ဖြစ်နေရင်လည်း အပြင်ထွက်ခွင့်ရဖို့က မသေချာတော့တာကြောင့် စားဝတ်နေရေးအတွက် ပိုပြီး စိုရိမ်လာကြတယ်လို့ သူကဆိုပါတယ်။

" စိုးရိမ်နေကြတယ်၊ အဲဒီကနေ အပြင်ကိုထွက် အလုပ်လုပ်လို့လည်း မရတဲ့အတွက်ကြောင့် စားစရာမရှိဘူး။ TBBC ကပေးတဲ့ရိက္ခာ ထုတ်ပြီးတာနဲ့ ဘယ်လိုမှ မလောက်ကြဘူး။ လူကြီးတယောက်ကို ၂၈၃ ဘတ် ကလေးက ၁၅၁ ဘတ် ၄ ယောက်ရှိတဲ့အိမ်ဆိုရင် ဘတ်ငွေ ၈၀၀ လောက်ရတယ် ။ သူတို့ TBBC က အသိမှတ်ပြုထားတဲ့ဆိုင်မှာ သွားဝယ်ရတယ်။ ရိက္ခာထုတ်ဖို့ ကဒ်ပေးထားတယ်။ Food Card ထဲမှာ ငွေထည့်ပေးထားတယ်လေ။ အဲဒီထဲက ဘတ်ငွေ ၈၀၀ ရတယ်ဆိုရင် ၇ ရက်လောက် စားလိုက်ရင် ကုန်သွားပြီ။ ဒုက္ခသည်တွေအဖို့ကတော့ ဒုက္ခက ရောက်သထက် ပိုရောက်နေပါတယ်။"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲဖြစ်ပြီဆိုပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ၂၀၁၅ ခုနှစ်လောက်ကစလို့ နယ်စပ်ဒေသက ဒုက္ခတွေကိုပေးနေတဲ့ အကူညီတွေ လျော့ချပစ်လိုက်သလို ၊ UNHCR နဲ့ ထိုင်းအစိုးရကလည်း ဒုက္ခသည်တွေ မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင်တယ်ဆိုပြီး နေရပ်ပြန်ခွင့်ပေးခဲ့ပါတယ်။ ဒုက္ခသည် ရာဂဏန်းလောက်ကတော့ နေရပ်ပြန်သွားကြပါတယ်။

ဒါပေမယ့် ဒုက္ခသည်အများစုကတော့ မြန်မာအစိုးရ အဆက်ဆက်ဟာ သူတို့ရဲ့နေထိုင်ရပ်တည်ရေးကို ကာလတခုထိ တာဝန်မယူပေးနိုင်တဲ့အတွက် နေရပ်ပြန်ရေးဟာ မမျှော်မှန်းနိုင်ပဲ ဖြစ်ရတယ်လို့ဆိုပါတယ်။ အခုဆိုရင် အုန်းဖျန်ဒုက္ခသည်စခန်းထဲမှာရှိနေတဲ့ ဒုက္ခသည်တွေဟာ အနည်းဆုံး ၁၄ နှစ်ကနေ အများဆုံး၂၅ နှစ်လောက်ထိ တတိယနိုင်ငံတွေကိုလည်း ထွက်ခွါခွင့်မရပဲ နေထိုင်နေကြရတာပါ။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ထဲက ပြည်တွင်းစစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေကြရပါတယ်။ တာခ့် ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ လူဦးရေ ၈ ထောင်လောက် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=={{ Unicode }}==






အုန်းဖျန် ဒုက္ခသည်စခန်း
အုန်းဖျန် ဒုက္ခသည်စခန်း






XS
SM
MD
LG