သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ဗီဇပြောင်းကိုဗစ်ပိုးကူးစက်မှု ပညာရှင်တွေသတိပေး  


ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဂျူလိုင် ၁၅၊ ၂၀၂၁။
ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဂျူလိုင် ၁၅၊ ၂၀၂၁။

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း ကိုဗစ် 19 ဗီဇပြောင်း ရောဂါပိုးကူးစက်မှုတွေ တကျော့ပြန်များ လာနေတာကြောင့် သွားလာတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ကြဖို့ အများပြည်သူကို ကျန်းမာရေးပညာရှင်တွေနဲ့ တာဝန်ရှိသူတွေ ဆော်သြနေပါတယ်။ ကာကွယ်ဆေး ထိုးပြီးသားသူတွေပါ ရောဂါပြန်ကူးစက်နေတဲ့အတွက် ကျန်းမာရေးဆိုင်ရာ လိုက် နာရမယ့် စည်းမျဉ်းသတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာဖို့ ပညာရှင်တွေက တိုက်တွန်းနေသလို ကြိုတင် ပြင်ဆင်မှုတွေလည်း လုပ်နေကြောင်း ပရဟိတ္တကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အခြေအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်ထဲမှာ ပြည်တွင်းမှာ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၄၀၉ ဦးရှိထားပြီး သေဆုံးသူ ၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ရောဂါကူးစက်ခံရမှု အများဆုံးရှိနေတဲ့ရန်ကုန်မှာ နေမကောင်းသူ၊ ဖျားနာသူတွေ အခုနောက်ပိုင်း တွေ့လာရပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ် စစ်ဆေးမှုတွေ သိပ်မလုပ်ကြတော့ဘူးလို့ ကပ်ရောဂါကာကွယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။ ရောဂါကူးစက်ခံရတာတွေ များလာနေလို့ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေထဲက နှာခေါင်းစည်းတပ်တဲ့အလေ့အထ ပြန်လုပ်ဖို့ကို ကိုဗစ်ကာကွယ်ရေးအပါအဝင် ပရဟိတဆောင် ရွက်ပေးနေတဲ့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

"ဒီတခေါက်မှာကျတော့ ကာကွယ်ဆေးထိုးထားတာ များလာတာတွေလည်း ရှိတယ်။ နောက် ပြည်သူလူထုကလည်း ကိုဗစ် ကို အရမ်းကြီး စိုးရိမ်မှုမရှိတော့ဘဲနဲ့ ပုံမှန်သဘောမျိုးနဲ့ ဖြစ်လာရင် အိမ်ထဲမှာပဲ ကိုယ့်ဟာကိုယ်နေပြီးတော့ ကုသမှုခံယူတယ်ပေါ့နော်။ အဲဒီလို အပိုင်းလေးတွေပဲဖြစ်တာ ကျနော်တို့က တွေ့လာရတယ်ဗျ။ အဓိက နှာခေါင်းစည်းတပ်တာကလည်း တချို့နေရာတွေမှာ မတပ်ကြတော့ဘူးဆိုတော့ ကျနော်တို့ကတော့ စိတ်ပူတာပေါ့။ သို့သော် ပြည်သူတွေဘက်ကကျတော့လည်း တခါတလေကျလို့ရှိရင် ဒီရောဂါနဲ့ပတ်သက်ပြီးတော့ အရင်ကလောက် သိပ်အာရုံမစိုက်တော့တဲ့အတွက် ပေါ့ပေါ့လေးတွေးတာတွေလည်း ရှိတယ်လို့တော့ ကျနော်တို့တော့ မြင်မိပါတယ်၊ ထင်မိပါတယ်ဗျ။"

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့တဲ့အချိန် ကျောင်းနဲ့ ဈေးတွေကနေ ကပ်ရောဂါ အစုလိုက်ကူးစက်မှုတွေ နေရာတချို့ မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုကူးစက်မှုတွေ ရှိခဲ့ဖူးတဲ့ ပဲခူးတိုင်းမှာ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့ လူနာတွေအတွက် လိုအပ်ချက်တွေကို ပြင်ဆင်ထားပေမယ့် ပြည်သူတွေဘက်က လိုက်နာမှုအားနည်းနေတယ်လို့ ပဲခူးတိုင်းကျန်းမာရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

"စည်းကမ်းပိုင်းပဲ လိုတာပေါ့နော်။ Mask တပ်တာမျိုးပေါ့။ ပြည်သူတွေကလည်း အခက်အခဲတွေအများကြီး ရှိကြတာကိုး။ စီးပွားရေးရော အကုန်လုံး အခက်အခဲလေးတွေ ဖြစ်နေကြတဲ့ အခါကျတော့လည်းပဲ အထိန်းအသိမ်းလေးတွေတော့ ရှိတာပေါ့။"

တာချီလိတ်မြို့မှာတော့ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ တွေ့ရှိတာမကြာသေးဘူးလို့ ဒေသတွင်းကိုဗစ်တိုက် ဖျက်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒါပေမယ့်လည်း လူနာတွေအတွက် အထောက်အကူဖြစ်မယ့် ဆေးပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုတော့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"တာချီလိတ်မှာတော့ အခုလတ်တလော ၂ ယောက်စ၊ ၃ ယောက်စတော့ မနေ့ကစတွေ့တယ်။ အများကြီးတော့ မတွေ့ သေးဘူးခင်ဗျ။ ကျနော်တို့ကတော့ အခု ဒီကိုဗစ်လက္ခဏာတွေ ပိုပြီးဖြစ်လာတဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာကတော့ လူ ၂၀၀၊ ၃၀၀ စာကို ၂ လစာလောက်အထိ ကျနော်တို့ ကြိုတင်ပြင်ဆင်ထားပြီးသား ရှိတယ်။"

အသက် ၅ နှစ်နဲ့ အထက်ရှိသူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့နဲ့ နှာခေါင်းစည်း Mask တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေး ရှောင်ကြဉ်တာ ဒီအချက်တွေကို သေချာဆောင်ရွက်ကြဖို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်သူတွေက သတိပေးနေပါတယ်။ အရင်က ကပ်ရောဂါကြောင့် ရောဂါဖြစ်ပွားကူးစက်ခံရသူတွေနဲ့ သေဆုံးသူ အတော်များများရှိခဲ့ပြီး တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ခြောက်သိန်း၊ နှစ်သောင်းကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ တသောင်းကိုထောင်ကျော် ရှိပါတယ်။ ကိုဗစ်လှိုင်းဒဏ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ပရဟိတဆောင်ရွက် သူတွေလည်း အခုတခါမှာ ပိုပြီးသတိထားနေတယ်လို့ ပြောပါတယ်။

"ဒီတခေါက်ဖြစ်တဲ့ကိုဗစ်က ယခင်ထက်လည်း နည်းနည်းလေးပြင်းတယ်လို့လည်း ပြောကြတယ်ပေါ့။ အဓိကတော့ ကျနော် တို့ရဲ့ စေတနာ့ဝန်ထမ်းတွေက အများကိုကူညီတဲ့အခါ ကိုယ်ကိုယ်တိုင် လူနာပြန်မဖြစ်သွားဖို့ကို ပိုဂရုစိုက်ရပါတယ်။ အဲတော့ ကျနော်တို့ကတော့ ကိုဗစ်နဲ့မဆိုင်တဲ့ သာမန်လူနာ သယ်ယူပို့ဆောင်မှုတွေကို လုပ်တဲ့အခါမှာ လူနာက ဘာရောဂါရှိမှန်း ကြိုတင်မသိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှုတွေကိုလည်း ပိုလုပ်ရပါတယ်။ ကိုယ့်အသင်းဝင်တွေ ကူးစက်မှုမခံရအောင်လည်း ကာကွယ်ဆေးထိုးတာ၊ လိုအပ်တဲ့ကာကွယ်မှုတွေ ပိုလုပ်ပြီးတော့ သတိထားဆောင်ရွက်နေရပါတယ်။ ကျနော်တို့က ကူညီရတဲ့သူတွေဆိုတော့ ကျနော်တို့ရဲ့ ကူညီမှုအား မလျော့သွားအောင်တော့ အထူးသတိထား ဆောင်ရွက်နေရပါတယ်ခင်ဗျာ။"

ကပ်ရောဂါကြောင့် သေဆုံးသူတွေထဲက ရောဂါအခံရှိသူတွေမှာ ၂ ရာခိုင်နှုန်းလောက်က ရောဂါကာကွယ်ဆေး ၃ ကြိမ်ထိုးထားပြီးသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြဖို့နဲ့ နောက်ထပ်တကြိမ် ကာကွယ်ဆေးထပ်ပြီး ထိုးနှံဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေကြပါတယ်။

#Covid19 #ဗီဇပြောင်းပိုး #နှာခေါင်းစည်းတပ်ဖို့သတိပေး #ကိုဗစ်လူနာတိုး

==============

[[Unicode]]













==============

XS
SM
MD
LG