သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန် Covid-19 လူနာအခြေအနေကောင်းမွန်


(zawgyi/unicode)

COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ တဦးဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံက လူနာအခြေဟာ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ သူ့ကို သီးခြားထားရှိကုသပေးနေပြီး သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကိုလည်း အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြသွားမှာပါ။

ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်အတည်ပြုလူနာ အဖြစ်နဲ့ သီးခြားထားရှိကုသပေးနေတဲ့ လူနာဟာ သေဆုံးသွားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပေမယ့် ဒီလူနာကျန်းမာရေး ကောင်းမွန်လျက်ရှိတယ်လို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ဗွီအိုအေကိုအတည်ပြု ပြောဆိုထားပါတယ်။

“ဒီလူနာက လုံးဝကောင်းနေပါတယ် ခင်ဗျ။ ကိုယ်မပူတာတောင် သုံးရက်လောက်ရှိသွားပြီ။ နောက်တခုက အသက်ရှူလမ်းကြောင်း လက္ခဏာလည်း အစကတည်းက ဘာမှမခံစားရပါဘူး ခင်ဗျ။ သူစစချင်း ကိုယ်နည်းနည်းပူတာလောက်ပဲ ရှိပါတယ်ခင်ဗျ။ အခုကိုယ်မပူတာ သုံးရက်ရှိပါပြီ။ လုံးဝနေထိုင်ကောင်းနေပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့က ညထုတ်ပြန်ချက်ထဲမှာ ကိုရိုနာဗိုင်းရပ် ဓာတ်ခွဲအတည်ပြုလူနာ ၂ဦးရှိကြောင်းကို ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ကုသပေးနေတဲ့ အသက် ၃၆နှစ်အရွယ် အမျိုးသားနဲ့ မှော်ဘီမြို့နယ်မှာရှိတဲ့ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ အသွားအလာကန့်သတ် စောင့်ကြပ်တဲ့ Quarantine နေထိုင်နေသူ အသက် ၂၆နှစ်အရွယ် အမျိုးသား၊ သူတို့နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်ပိုးရှိတယ်လို့ အတည်ပြုလိုက်တာပါ။

လက်ရှိအချိန်မှာ သူတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံထောက်လှမ်းပြီး အသွားအလာကန့်သတ်တာ ဆောင်ရွက်ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။

ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံက လူနာကို သီးခြားထားရှိပြီး ကုသပေးနေတယ်လို့ ဒေါက်တာအောင်ငွေစံက အခုလိုပြောပါတယ်။

“ဒီပုဂ္ဂိုလ်ကို ကျတော်တို့တီးတိန်ဆေးရုံမှာ ဝန်ထမ်းအိမ်ရာအသစ်တခု ရှိပါတယ်ခင်ဗျ။ RC တိုက်ကြီးတခုရှိပါတယ်။ ဘယ်သူမှမထားသေးတဲ့ အခန်းတွဲတွေ သီးခြားစီရှိပါတယ်။ ရေချိုးခန်းတို့ အိမ်သာတို့ပါ တွဲရက်ရှိတဲ့အတွက်ကြောင့် အဲဒီကအခန်းတခန်းမှာ ရောက်ကတည်းက ကျတော်တို့သီးခြားထားရှိပါတယ်။ အစားအသောက်တွေပို့တာကိုလည်း ကာယကံရှင်ရဲ့မိသားစုဝင် တဦးကိုသာ ကန့်သတ်ပြီးတော့ အဝေးကနေပို့တဲ့စနစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။”

ဒီလူနာမြန်မာပြည်ထဲ ပြန်ဝင်လာကတည်းက သူသွားခဲ့တဲ့နေရာတွေနဲ့ သူနဲ့နီးကပ်ခဲ့သူတွေကို အသွားအလာကန့်သတ်ဖို့အတွက်လည်း ထောက်လှမ်းစုံစမ်းနေတယ်လို့ ဆက်ပြောပါတယ်။

“စစချင်းသူလာခဲ့တဲ့ လမ်းတလျှောက်တည်းခိုခဲ့တဲ့ နေအိမ်တွေ၊ သူသွားခဲ့တဲ့လမ်းကြောင်း တလျှောက်အသုံးပြုခဲ့တဲ့ ယာဉ်တွေ၊ နောက် သူရောက်ရှိတဲ့ရွာမှာ သူနဲ့ထိတွေ့ခဲ့တဲ့လူတွေကို အခုလောလောဆယ် ကျတော်တို့ Trace လုပ်နေပါတယ်ခင်ဗျာ။ Trace လုပ်တဲ့အခါမှာ ကျန်းမာရေးဌာနတွေရော အုပ်ချုပ်ရေးနဲ့ အခြားသောအဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်း ယူပြီးတော့ Trace ဆောင်ရွက်နေဆဲကာလ ဖြစ်ပါတယ်။ အဲဒီကနေ တွေ့ရှိလာတဲ့အပေါ်တွေ မူတည်ပြီးတော့ WHO Guideline အတိုင်း MOHS ရဲ့ Guideline အတိုင်း ကျတော်တို့ Quarantine ဆောင်ရွက်ခြင်း၊ အခြားလိုအပ်သော ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ် ခင်ဗျာ။”

အခု ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူ နှစ်ဦးလုံးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာမရှိခဲ့ပေမယ့် ရောဂါဖြစ်ပွားရာဒေသတွေကနေ လာတဲ့ သူတို့ရဲ့ခရီးသွားရာဇဝင်တွေကြောင့် သီးခြားထားစောင့်ကြပ်နေစဉ်မှာပဲ ဓာတ်ခွဲအတည်ပြုချက် ထွက်ခဲ့တာပါ။

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ဒီ COVID- 19 ရောဂါကူးစက်သူ မြန်မာနိုင်ငံတွင်းမှာ ရှိနေပြီဆိုပေမယ့် ပြည်သူလူထုအနေနဲ့ စိုးရိမ်မှုမလွန်ကဲဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေကို လိုက်နာဖို့ ဒေါက်တာအောင်ငွေစံက တိုက်တွန်းလိုက်ပါတယ်။

“လောလောဆယ်အနေအထားအရ အရမ်းကြီးပြည်သူလူထုကို ကြောက်လန့်တာမျိုး မဖြစ်စေချင်ပါဘူး။ သို့သော်လည်း ပေါ့ဆတာကိုလည်း မဖြစ်စေချင်ပါဘူး။ အဲတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ညွှန်ကြားထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ ရှောင်ရှားရမယ့် ကိစ္စတွေကို သေသေချာချာ တိတိကျကျလိုက်နာပေးကြဖို့ လိုတယ်လို့ ကျတော့်အနေနဲ့ပြောလိုပါတယ်။”

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၁၉၅နိုင်ငံကို ကူးစက်ခဲ့ပြီး၊ လူပေါင်း ၃၈၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်း သေဆုံးသူ ၁၆,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၀၂,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ ဒီလိုအချိန်မှာ သတင်းအမှားတွေကို မယုံကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ လိုက်နာရမယ့်အချက်တွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။

လူထူထပ်တဲ့နေရာတွေကိုမသွားဖို့၊ လက်နဲ့ မျက်နှာ နှာခေါင်း ပါးစပ်တို့ကို မထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ စနစ်တကျ သေချာဆေးကြောပေးဖို့နဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

++++

















XS
SM
MD
LG