သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ၂၀၁၄ CPJ သတင်းလွတ်လပ်ခွင့်ဆုရ


ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)
ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)

နယူးယောက်အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီက နှစ်စဉ်ချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုအတွက် မြန်မာနိုင်ငံက ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့အတူ အီရန်၊ တောင်အာဖရိကနဲ့ ရုရှားနိုင်ငံက သတင်းသမား ၃ ဦးကို ဒီနှစ်အတွက် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အထဲမှာ ပြည်ပမှာ နှစ်ပေါင်းများစွာ အခြေစိုက်ခဲ့တဲ့ ဧရာဝတီသတင်းဌာနဟာ အရေးပါခဲ့တယ်လို့လည်း CPJ က ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

၂၀၁၄ ခုနှစ် ၂၄ ကြိမ်မြောက် CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ကို ရွေးချယ်ချီးမြှင့်ရတဲ့ အကြောင်းအရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမတိုင်ခင် ပြည်ပလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံ သတင်းဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ဧရာဝတီမဂ္ဂဇင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရေးပါခဲ့တယ်လို့ CPJ ရဲ့ အာရှရေးရာတာဝန်ခံ Bob Dietz က ပြောပါတယ်။ ဒါ့အပြင် ပြည်ပမှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး မြန်မာအစိုးရကို ဆက်လက် ဝေဖန်ပြောဆိုရေးသားနေဆဲဖြစ်တဲ့ ကိုအောင်ဇော်ကို စံနမူနာထားစရာ သတင်းသမားအဖြစ် အသိအမှတ်ပြု ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေဟာ မရေရာ မသေချာသေးပါဘူး။ ကျနော်တို့ သံသယတွေနဲ့ အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေတာပါ။ စစ်မှန်တဲ့ အပြောင်းအလဲ အခုအချိန် မြန်မာနိုင်ငံမှာ ဖြစ်မလာသေးပါဘူး။ ကိုအောင်ဇော်ဟာ ကျနော်တို့လိုပဲ မြန်မာနိုင်ငံက ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို ဝေဖန်ရေးသားနေသူပါ။ ဒါကြောင့် သတင်းလွတ်လပ်ခွင့်အတွက် အစိုးရကို ဆန့်ကျင်ပြီးတော့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုမှာ ကိုယ်စားပြုနိုင်သူ ကိုအောင်ဇော်ကို ဒီဆုနဲ့ထိုက်တန်သူအဖြစ် ကျနော်တို့ ရွေးချယ်ခဲ့တာပါ။”

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ဟာ ၂၀၁၃ ခုနှစ်ကလည်း အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်ကချီးမြှင့်တဲ့ Shorenstein သတင်းသမားဆုကို လက်ခံရရှိခဲ့တာပါ။ အခု CPJ ကချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ကိုအောင်ဇော်ဟာ အခြားနိုင်ငံခြားသတင်းထောက်တွေဖြစ်တဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ အီရန်သတင်းထောက် Siamak Ghaderi၊ ရုရှား Dozhd TV သတင်းဌာန အယ်ဒီတာ Milhail Zygar နဲ့ တောင်အာဖရိက City Press သတင်းစာအယ်ဒီတာ Ferial Haffajee တို့နဲ့အတူ ရရှိခဲ့တာပါ။ CPJ ကချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ၂၀၀၄ခုနှစ်က မြန်မာနိုင်ငံသားနှစ်ဦး လက်ခံရရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု မှတ်တမ်းဗွီဒီယို ရိုက်ကူးမှုကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ မှတ်တမ်းဗွီဒီယို ရိုက်ကူးသူ ကဗျာဆရာအောင်ပွင့်နဲ့ ကဗျာဆရာငြိမ်းသစ်တို့နှစ်ဦး ဖြစ်ပါတယ်။

CPJ ကကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားဟာ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူတွေကို အသိအမှတ်ပြုတဲ့ပွဲဖြစ်သလို ရန်ပုံငွေရှာဖွေပွဲလည်းဖြစ်တဲ့အပြင် အလှူရှင်တွေကို CPJ လှုပ်ရှားမှုတွေသိအောင် ပြသတဲ့ပွဲလည်းဖြစ်တယ်လို့ Bob Dietz က ပြောပါတယ်။

“ဒီဆုပေးပွဲအခမ်းအနားမှာ ကျနော်တို့ကို ထောက်ခံကူညီနေတဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ချမ်းသာတဲ့နိုင်ငံတွေက အလှူရှင်တွေကို CPJ လှုပ်ရှားမှုတွေနဲ့ မိတ်ဆက်ပညာပေးအစီအစဉ်ကို ကျနော်တို့ လုပ်ပါတယ်။ သူတို့ထောက်ပံ့မှုတွေဟာ ဒီလို ဂုဏ်သိက္ခာ ရှိတဲ့သူတွေအတွက်လည်း ဖြစ်တယ်ဆိုတာကို ပြတာဖြစ်ပါတယ်။”

၂၄ ကြိမ်မြောက် ဆုပေးပွဲအခမ်းအနားကိုတော့ နယူးယောက်မြို့က နာမည်ကျော် The Grand Ballroom မှာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့သတင်းဌာနတွေဖြစ်တဲ့ Reuters နဲ့ Google တို့ကလည်း ပါဝင်ကူညီကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG