သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်ဖမ်းဆီးမှု အများဆုံးနိုင်ငံထဲ တရုတ်ပါဝင်


ဖမ်းဆီးခံထားရတဲ့ သတင်းထောက် Gao Yu ဓါတ်ပုံ။ (ဧပြီလ ၊ ၂၀၁၅)
ဖမ်းဆီးခံထားရတဲ့ သတင်းထောက် Gao Yu ဓါတ်ပုံ။ (ဧပြီလ ၊ ၂၀၁၅)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ဒီနှစ်ထဲ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၂၀၀ နီးပါး ရှိခဲ့ပြီး ၄ ပုံ တပုံသာ ပြန်လည်လွတ်မြောက်လာသေးတယ်လို့ အမေရိကန် အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြောဆိုလိုက်ပါတယ်။

ဒီနှစ်ထဲ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံ မကွေးတိုင်း၊ ပေါက်မြို့က စစ်လက်နက်စက်ရုံကို ဓာတုလက်နက်စက်ရုံဆိုပြီး ရေးသားဖော်ပြမှုနဲ့ဆက်နွယ်ပြီး Unity ဂျာနယ်က ဖမ်းဆီးထောင်ချ ခံခဲ့ရသူ ၅ ဦး ပါဝင်ကြောင်းလည်း ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ကမ္ဘာပေါ်မှာ သတင်းသမားတွေ အများဆုံး ဖမ်းဆီးအရေးယူခံရတဲ့ အထဲမှာတော့ တရုတ်၊ အီဂျစ်နဲ့ အီရန်နိုင်ငံတွေ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

သတင်းသမား ၄၉ ယောက်အထိ ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံဟာ CPJ က နှစ်စဉ် ဆန်းစစ်လေ့လာမှုတွေ စတင်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်ကစလို့ အများဆုံးလည်း ဖြစ်ပါတယ်။

၂၀၁၂ မှာ သတင်းသမားတွေ ဖမ်းဆီးမှု မရှိခဲ့သလို၊ ပြီးခဲ့တဲ့နှစ်မှာ ၁၂ ယောက်သာ ရှိခဲ့တဲ့ အီဂျစ်နိုင်ငံကတော့ ဒီနှစ်မှာ ၂၃ ယောက်အထိ ရှိခဲ့တဲ့အတွက် ဒုတိယနေရာကို ရောက်လာခဲ့တာပါ။ သတင်းသမားတွေ ဖမ်းဆီးခံရတဲ့ အရေအတွက် ၂ ဆ တိုးလာပြီး ၁၄ ယောက်အထိ ရှိလာတဲ့ တူရကီနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကိုလည်း CPJ ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီကနေ့ပဲ ထုတ်ပြန်လိုက်တဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF ကလည်း ကမ္ဘာတဝှမ်း ဆက်လက် ဖမ်းဆီးခံနေရဆဲ သတင်းသမား ၁၅၃ ယောက် ရှိနေဆဲဖြစ်ပြီး၊ ၅၄ ယောက်ဟာလည်း စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးမှု ခံထားရတယ်လို့ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG