သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသံတိတ်ဆန္ဒပြ သတင်းသမားတွေအပေါ် အရေးယူမှု CPJ ရှုတ်ချ


မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်နေတာတွေဟာ သမ္မတဦးသိန်းစိန်အစိုးရကို နိုင်ငံတကာရဲ့ယုံကြည်မှု လျော့ကျသွားစေတယ်လို့ CPJ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ကပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြခဲ့ကြတဲ့ သတင်းထောက်တွေရော၊ သတင်းယူနေတဲ့ သတင်းသမားတွေပါ စုစုပေါင်း အယောက် (၅၀) နီးပါးကို ပုဒ်မ (၁၈) အစုအဝေးနဲ့ စီတန်းလှည့်လည် ဆန္ဒပြမှုနဲ့ ကမာရွတ်ရဲစခန်းကနေ ဇူလိုင်လ (၁၂)ရက်နေ့က အမှုဖွင့်ထားတာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အခုလို သတင်းထောက်တွေကို ဖိနှိပ်အရေးယူတာဟာ မြန်မာနိုင်ငံ အနာဂတ် သတင်းလွတ်လပ်ခွင့်အတွက် အလားအလာမကောင်းဘူးလို့ CPJ ရဲ့ အာရှရေးရာတာဝန်ခံ Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို တရားရုံးကနေ အနှစ် ၁၀၀ ကျော်ကတည်းက ရှိနေတဲ့ ဥပဒေပုဒ်မနဲ့ နှစ်ရှည်ထောင်ဒဏ်ချလိုက်တာကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင်နဲ့ပတ်သက်လို့ မြန်မာအစိုးရပေါ်ရှိနေတဲ့ ယုံကြည်မှုတွေကို ကျဆင်းသွားပါတယ်။ ခေတ်သစ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်တွေရဲ့အခန်းကဏ္ဍကို မြန်မာအစိုးရအနေနဲ့ လက်မခံနိုင်ဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။”

မြန်မာအာဏာပိုင်တွေဘက်ကတော့ သတင်းသမားတွေဟာ ခွင့်ပြုချက်မရှိဘဲ စုဝေးဆန္ဒထုတ်ဖော်ခဲ့လို့ ပုဒ်မ (၁၈) နဲ့ အမှုဖွင့်ရတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဆန္ဒပြတဲ့သတင်းထောက် အယောက် ၂၀ ကိုသာမက အဲဒီဆန္ဒပြသတင်းယူနေတဲ့ သတင်းသမားတွေကိုပါ အရေးယူအမှုဖွင့်တယ် ဆိုတာကတော့ သတင်းသမားတွေကို အစိုးရဘက်က မလိုလားနေတာဖြစ်တယ်လို့ Bob Dietz က ပြောပါတယ်။

“သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာဆန္ဒပြပိုင်ခွင့်ရှိပါတယ်။ အထူးသဖြင့် သူတို့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချလိုက်တာကို ကန့်ကွက်ဆန္ဒပြကြတာပါ။ နောက်ပြီး ဖျက်လိုဖျက်ဆီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်သဘောထားလည်း မပါပါဘူး။ လမ်းဘေးမှာ အသံတိတ် ဆန္ဒပြကြတာပါ။ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ အခုလိုဆန္ဒပြပွဲတွေကိုခွင့်ပြုရမှာပါ။ အခုတော့ ဒီဆန္ဒပြပွဲသတင်းယူတဲ့သတင်းသမားတွေကိုပါ အမှုဖွင့်တရားစွဲတယ်ဆိုတာကတော့ သတင်းသမားတွေအပေါ်မှာ အစိုးရက ဖိနှိပ်ချင်နေပုံရှိပါတယ်။”

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက်လေးဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်စီရင်လိုက်တဲ့အပေါ် CPJ အဖွဲ့ကြီးက အပြင်းအထန် ကန့်ကွက်ထားပါတယ်။ အဲဒီကြေညာချက်မှာ နိုင်ငံတကာက အလှူရှင်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရအပေါ် အကူအညီ ပေးနေတာတွေကို ပြန်လည်သုံးသပ်ပြီး သံတမန်ရေးနည်းလမ်းအရ ဖိအားပေး လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မန္တလေး ဆူပူအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာသမားတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်ခံထားရသလို သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာလည်း သတင်းမီဒီယာနဲ့ပတ်သက်လို့ သတိပေးပြောဆိုတာတွေလည်း ရှိနေတာကြောင့် ဒီကနေ့ မြန်မာ့ မီဒီယာလောကဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းထောက်တွေက ပြောဆိုနေကြပါတယ်ရှင်။

XS
SM
MD
LG