သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်းလွတ်လပ်ခွင့်CPJအမြင်


၁၉၉၂ခုနှစ်ကနေ၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံမှာအသတ်ခံရတဲ့ သတင်းသမား အရေအတွက်လေးဦးရှိကြောင်း CPJ ဖေါ်ပြ
၁၉၉၂ခုနှစ်ကနေ၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံမှာအသတ်ခံရတဲ့ သတင်းသမား အရေအတွက်လေးဦးရှိကြောင်း CPJ ဖေါ်ပြ

မြန်မာနိုင်ငံမှာ၁၉၉၂ခုနှစ်ကနေ၂၀၁၄ခုနှစ်အထိ အသတ်ခံရတဲ့ သတင်းထောက်(၄)ဦးရှိခဲ့ပြီးနောက် ၂၀၁၅ခုနှစ်အတွင်းအသတ်ခံရတဲ့သတင်းထောက်အရေအတွက် မရှိသလောက်လျော့နည်းသွားကြောင်း နယူးရောက်အခြေစိုက်CPJ ခေါ် သတင်းထောက်များကာကွယ်ပေးရေးကော်မတီကပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဟာ သတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီး သတင်းမီဒီယာကိုထိန်းချုပ်ခဲ့တယ်လို့ CPJ ရဲ့တာဝန်ရှိသူတဦးကဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။ CPJ အဖွဲ့ကြီးက မနေ့ကထုတ်ပြန်တဲ့ ၂၀၁၅ခုနှစ်အတွင်း နိုင်ငံတကာမှာအသတ်ခံရတဲ့သတင်းထောက်စာရင်းမှာ စုစုပေါင်း (၆၉)ဦးရှိခဲ့ကြောင်းနဲ့ အဲဒီထဲက (၄၀%) ဟာ သူတို့ရဲ့အလုပ်နဲ့ ဆက်နွယ်ပြီး တာဝန်ထမ်းဆောင်ချိန်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။ သတင်းထောက်တွေအသတ်ခံရတာအများဆုံးနိုင်ငံကတော့ ဆီးရီးယားဖြစ်ပြီး အဲဒီနောက်ပြင်သစ်၊ရီမင် စတဲ့နိုင်ငံပေါင်း (၂၀)ပါဝင်ပါတယ်။

သတင်းမီဒီယာဖိနှိပ်မှု အများဆုံးရှိခဲ့တဲ့ နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာတော့ ၂၀၁၅ခုနှစ်အတွင်း အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်မရှိသလောက်လျော့နည်းခဲ့တယ်လို့ CPJ ရဲ့ အာရှအစီအစဉ်လုပ်ငန်းညှိနှိုင်းရေးမှူး Bob Deitz ကဗွီအိုအေကိုပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သတင်းထောက်တွေအသတ်ခံရတဲ့အရေအတွက်ဟာထိုင်း၊ ဖိလစ်ပိုင်အပါအဝင် အခြားနိုင်ငံအများစုနဲ့နှိုင်းယှဉ်ရင် မရှိသလောက်လျော့နည်းပါတယ်။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို သူတို့ရဲ့အသံတွေကို တိတ်အောင် အာဏာပိုင်တွေက ထောင်ဒဏ်အပြစ်ပေးခဲ့တာတွေရှိခဲ့တယ်လို့Bob Deitz ကဆိုပါတယ်။

“ကျနော်တို့တွေ့ရတာက မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို သတ်ပစ်တာထက် ထောင်ထဲထည့်ပြီး သူတို့ရဲ့အသံတွေကို တိတ်စေတာပါ။ ၂၀၁၄ခုနှစ်မှာ အသတ်ခံရတဲ့ သတင်းထောက်ကိုပါကြီးအမှုကိုတော့ ကျနော်တို့အားလုံး အာရုံစိုက်ခဲ့တာပါ။ ယေဘုယျပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို အထူးသဖြင့် အရင်စစ်အစိုးရလက်ထက်မှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ် အပြစ်ပေးပြီး သတင်းမီဒီယာကို ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။”

CPJ ရဲ့စစ်တမ်းကောက်ယူမှုတွေအရ ၁၉၉၂ခုနှစ်ကနေ ၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ သတင်းသမားအရေအတွက် လေးဦးရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ အလွတ်သတင်းထောက်ကိုပါကြီးကို စစ်တပ်က ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်အပါအဝင်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် Kenji Nagai သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ၊ ၁၉၉၉ ခုနှစ်မှာကြေးမုံသတင်းစာရဲ့ သတင်းသမား ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ဦးလှဟန်နဲ့ ဦးသာဝင်းတို့ကို ထောက်လှမ်းရေးတွေက စစ်ကြောရေးကာလမှာ ညှင်းပမ်းနှိပ်စက်ပြီး သတ်ခဲ့တယ်လို့ CPJ ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သူတို့အားလုံးဟာ သတင်းထောက်အလုပ်နဲ့ဆက်နွယ်ပြီး အသတ်ခံခဲ့ရတာဖြစ်တယ်လို့ CPJ ကအခိုင်အမာထောက်ပြထားပါတယ်။ အခုလို နိုင်ငံတကာမှာ အသတ်ခံရတဲ့ သတင်းထောက်တွေကို CPJ ကစာရင်းပြုစုပုံနဲ့ပတ်သက်ပြီး Bob Deitz ကအခုလိုရှင်းပြပါတယ်။

“သူတို့ရဲ့အလုပ်ကြောင့် အသတ်ခံရတဲ့ သတင်းထောက်တွေနဲ့ပတ်သက်ရင် အချက်အလက်တွေကို ကျနော်တို့အလွန်သတိထားပါတယ်။ အခြားအကြောင်းအရာတွေကြောင့် သူတို့အသတ်ခံရတာလည်းဖြစ်နိုင်ပါတယ်။ သတင်းလိုက်နေရင်း အသတ်ခံရတဲ့သတင်းထောက်တွေရဲ့ဖြစ်ရပ်တွေကို ကျနော်တို့ အထူးပဲစိုးရိမ်တာပါ။ ဒါကြောင့်လည်း အသတ်ခံရတဲ့အခြေအနေအလိုက် ကျနော်တို့ခွဲခြားသတ်မှတ်ဖေါ်ပြထားတာဖြစ်ပါတယ်။”

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စောင့်ကြည့်တဲ့ သတင်းထောက်များကာကွယ်ပေးရေးကော်မတီ CPJရဲ့ ၂၀၁၅ခုနှစ်တွင်း ကမ္ဘာပေါ်မှာ ဆင်ဆာတည်းဖြတ်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲမှာလည်း မြန်မာနိုင်ငံကို အဆင့် (၉) အဖြစ် ထည့်သွင်း သတ်မှတ်ထားဆဲရှိပါတယ်။

XS
SM
MD
LG