သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ထံ CPJ ရဲ့ အိတ်ဖွင့်ပေးစာ


၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် Nobel ဆုကို လက်ခံစဉ်

မြန်မာနိုင်ငံမှာ ရိုက်တာသတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ် အရေးယူထားတာဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်စေရုံသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေကြောင်း နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ တိုက်ရိုက်အိတ်ဖွင့်ပေးစာထဲမှာ ဝေဖန် ထောက်ပြခဲ့ပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထား ကျင့်သုံးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ပြပြောဆိုမှုတွေကို နားထောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း CPJ ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အမေရိကန်အခြေစိုက် နာမည်ကြီး သတင်းစာကြီးတစောင်ဖြစ်တဲ့ the Washington Post နဲ့ ပူးပေါင်းလှုပ်ရှားတဲ့ ကမ္ဘာတ၀ှမ်း သတင်းလွတ်လပ်ခွင့် မိတ်ဖက်လှုပ်ရှားမှု ကို စတင်တဲ့အနေနဲ့ နိုဝင်ဘာလ၂၆ ရက်နေ့ထုတ် the Washington Post သတင်းစာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ရေးသားတဲ့ CPJ ရဲ့ အိတ်ဖွင့်ပေးစာကို စာမျက်နှာ်တမျက်နှာလုံးအပြည့် ဖေါ်ပြခဲ့ပါတယ်။

CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး Joel Simon ကနေ ဒေါ်အောင်ဆန်းစုကြည်ဆီကို ရေးသားထားတဲ့ အိတ်ဖွင့်ပေးစာရဲ့ အဓိကရည်ရွယ်ချက်နဲ့ပတ်သက်လို့ CPJ အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဒီစာရဲ့ အဓိကရည်ရွယ်ချက်က အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ရိုက်တာသတင်းထောက်နှစ်ဦး အမြန်ဆုံးလွှတ်ပေးရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆောင်ရွက်ဖို့ ဖိအားပေးတာဖြစ်ပါတယ်။ အရင်တုန်းကတော့ တရားရုံးမှာ အမှုစစ်ဆေးနေဆဲဖြစ်လို့ သူ့အနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်လို့ မရပါဘူး။ အခုတော့ သူ့မှာ လုပ်ပိုင်ခွင့်ရှိနေပါတယ်။ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးဖို့သူ့ကို တွန်းအားပေးတာဖြစ်ပါတယ်။"

ဒီစာထဲမှာ ထောက်ပြထားတဲ့အချက်အလက်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံနားထောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Steve Butler ကဆိုပါတယ်။

"သူနားထောင်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ စာထဲမှာလည်း သူ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိခိုက်မှုတွေရှိနေလဲဆိုတာ သူသိအောင် ကြိုးစားပြီး တိုက်ရိုက် ပြောထားပါတယ်။ သူ့အနေနဲ့ဒီသတင်းထောက်နှစ်ဦး ဘာကြောင့် အမြန်ဆုံးလွှတ်သင့်သလဲဆိုတာကို စာထဲမှာ တင်ပြထားပါတယ်။ ကျနော်တို့ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ငြိမ်နေမှာမဟုတ်ပါဘူး။"

မြန်မာနိုင်ငံအပါအ၀င် အခြားကမ္ဘာ့နိုင်ငံတွေမှာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို Washington Post သတင်းစာကြီးနဲ့အတူ CPJ တို့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း Steve Butler က အခုလိုရှင်းပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဆီကို အိတ်ဖွင့်ပေးစာရေးသားမှုဟာ ကမ်ပိန်းနဲ့ ပတ်သက်လို့ စတင်လိုက်တဲ့ ပထမဆုံး လှုပ်ရှားမှုဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အခြားအဖွဲ့အစည်းတွေပါဝင် ရေးသားဖေါ်ပြမှုတွေ ရှိလာမှာပါ။ Washington Post သတင်းစာကြီးအနေနဲ့ CPJ လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် အခုလို ကမ်ပိန်းကို စတင်တာဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဆီကို ရေးသားထားတဲ့ စာထဲမှာတော့- ဒေါ်အောင်ဆန်းစုကြည်ဟာနေအိမ်အကျယ်ချုပ်အဖြစ် (၁၅)နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသလို၊စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆင်ဆာအရှိဆုံး နိုင်ငံတွေထဲမှာ တနိုင်ငံဖြစ်ခဲ့ကြောင်း အစချီထားပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့ပြီး မြန်မာနိုင်ငံကို ဒီမိုကရေလမ်းကြောင်းအသစ်ဆီ လျှောက်လှမ်းနိုင်ဖို့ သူ့အနေနဲ့ နိုင်ငံရေးနယ်ပယ်ထဲ ပြန်ပြီးဝင်ခွင့် ရခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ သတင်းမီဒီယာတွေအနေနဲ့လည်း လွတ်လပ်ခွင့်ရခဲ့ပြီး ကြောက်ရွံစရာမလိုတော့ပဲ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုတွေနဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ပိုပြီး လွတ်လပ်စွာ စတင်တင်ပြခွင့်ရခဲ့တယ်လို့ စာထဲမှာ အသိအမှတ်ပြုရေးထားပါတယ်။

နောက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အဆုံးသတ်စေခဲ့သလို ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာတာ၊ ကမ္ဘာလှည့်ခရီးသွား အရေအတွက် များလားတာ၊ ကမ္ဘာ့ခေါင်းဆောင်တွေလည်း လာရောက်ခဲ့ကြတယ်လို့လည်း CPJ အမှုဆောင်ညွန်ကြားရေးမှူး Joel Simon က ရေးထားပါတယ်။ ၂၀၁၅ခုနှစ်မှာ ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်ပွဲကျင်းပခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာခဲ့သလို၊ သူဟာ တကယ့်အာဏာရခေါင်းဆောင်ဆိုတာကိုလည်း ကမ္ဘာက လက်ခံခဲ့တယ်လို့Joel Simon ကဆိုပါတယ်။

ဒါပေမယ့် ဒီကနေ့အချိန်မှာတော့ အဲဒီလို မျှော်လင့်ချက်နဲ့ အကောင်းမြင်ယုံကြည်မှုတွေဟာ ပျောက်ကွယ်သလောက်ဖြစ်နေတယ်လို့ သူ့စာထဲမှာ ဖေါ်ပြထားပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဆိုရင် ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုနဲ့ အရေးယူခံခဲ့ရသလို တချိန်တည်းမှာပဲ အခြားသတင်းထောက်တွေဟာဆိုရင်လည်း ဖိနှိပ်မှုဥပဒေတွေအောက်မှာ ထောင်ဒဏ်အချိန်မရွေးကျခံနိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခံထားရတယ်လို့ ဆိုပါတယ်။ ဒီဥပဒေတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရအနေနဲ့ ဖျက်သိမ်းပစ်လိမ့်မယ်လို့ အများက မျှော်လင့်ခဲ့ကြတယ်လို့ စာထဲမှာ ရေးထားပါတယ်။ အခုလို အင်မတန်ဆိုးရွားတဲ့ မှားယွင်းမှုကို အမှန်ဖြစ်အောင် ပြန်ပြီး တည့်မတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံကြောင်း CPJအမှုဆောင်ညွန်ကြားရေးမှူး Joel Simon ကဆိုပါတယ်။ ဒီမှားယွင်းမှုတွေဟာ မြန်မာနိုင်ငံကိုလည်း အလွန်ပဲ ထိခိုက်စေတဲ့အပြင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ နောက် လွတ်မြောက်ရေးနဲ့ဒီမိုကရေစီရေး ချန်ပီယံ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့လည်း စာထဲမှာ အလေးအနက်ဖေါ်ပြထားပါတယ်။

အစိုးရအာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကြောင့် ထိခိုက်နစ်နာမှုတွေအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျမ်းတစောင်လို လေ့လာပြုစုရေးသားထားတဲ့ Freedom From Fear ကြောက်ရွံခြင်းမှ ကင်းဝေးရေး စာအုပ်မှာ အာဏာကသာ အကျင့်ပျက် လာဘ်စားတာ မဟုတ်ပဲ အကြောက်တရားကလည်း အကျင့်ပျက်ပြားစေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့အချက်ကို CPJ ရဲစာမှာ ထောက်ပြထားပါတယ်။ ကိုယ်တိုင်ရေးခဲ့တဲ့ မူကျင့်ဝတ်နဲ့အညီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်တွေ့ကျင့်ကြံနေထိုင်ပြီး ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတ ဦးဝင်းမြင့်ကို မေတ္တာရပ်ခံပန်ကြားလိမ့်မယ်လို့ မျှော်လင့်ကြောင်း အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီစနစ်နဲ့အညီ မြန်မာပြည်သူတွေက ယုံယုံကြည်ကြည် အာဏာအပ်နှင်းခဲ့တာဖြစ်ပြီး ဒီအခွင့်အာဏာကိုသုံးပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်ပေးဖို့ တောင်းဆိုကြောင်း CPJ ရဲ့အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း သတင်းမီဒီယာတွေရဲ့ ရပ်တည်ချက် ကဏ္ဍနဲ့ပတ်သက်လို့ ဝေဖန်တဲ့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်မှာ မြန်မာသတင်းမီဒီယာကောင်စီနဲ့ ညစာစားပွဲ အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထံ CPJ ရဲ့ အိပ်ဖွင့်ပေးစာ
please wait

No media source currently available

0:00 0:05:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG