သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ သတင်းထောက် ကမ္ဘာမှာ မြန်မာ စတုတ္ထ အများဆုံး


အကျဉ်းကျ သတင်းထောက် ကမ္ဘာမှာ မြန်မာ စတုတ္ထ အများဆုံး
အကျဉ်းကျ သတင်းထောက် ကမ္ဘာမှာ မြန်မာ စတုတ္ထ အများဆုံး

CPJ ခေါ် သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီက သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ၂၀၁၀ ခုနှစ်မှာ ကမ္ဘာတဝန်းက သတင်းထောက်တွေ ဖမ်းဆီးခံရတာဟာ စံချိန်တိုးခဲ့တယ်လို့ မီးမောင်း ထိုးပြထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အဖမ်းခံရတဲ့ သတင်းထောက် ဦးရေဟာ ကမ္ဘာပေါ်မှာ စတုတ္ထ အများဆုံး လိုက်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

သတင်းမီဒီယာအပေါ် တိုက်ခိုက်မှုများလို့ ခေါင်းကြီးတပ်ထားတဲ့ CPJ ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ၂၀၁၀ အတွင်း သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ ဓာတ်ပုံသတင်းထောက်တွေ ဖမ်းဆီး အကျဉ်းကျခံနေရတာဟာ ကမ္ဘာတဝန်း ၁၄၅ ဦးရှိပြီး ဒါဟာ ၁၉၉၆ ခုနောက်ပိုင်း အကျဉ်းကျနေတဲ့ သတင်းထောက် အရေအတွက် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အများဆုံးက တရုတ်နဲ့ အီရန်မှာ အကျဉ်းကျ သတင်းထောက်ပေါင်း ၃၄ ဦးရှိပြီး အီရီထရီးယားက ၁၇ ဦးနဲ့ မြန်မာက စတုတ္ထ အများဆုံး ဖြစ်ပါတယ်။

ဘော့ဘ် ဒိဇ် (Bob Dietz) ဟာ CPJ ရဲ့ အာရှရေးရာ ညှိနှိုင်းရေးမှူး ဖြစ်ပါတယ်။

“မြန်မာနိုင်ငံကိုကြည့်ရင် အကျဉ်းချခံ သတင်းထောက် အရေအတွက် စတုတ္ထ အများဆုံးနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ စာရင်းအရ အကျဉ်းကျနေတဲ့ သတင်းထောက် ၁၃ ဦး ရှိပါတယ်။ အဲဒီအထဲက ၁ ဦး ပြန်လွတ်လာတော့ အခု ၁၂ ဦး ရှိတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့လည်း အရေအတွက် အတိအကျ ဆိုတာက အပြောင်းအလဲ လွယ်နေတော့ အသေအချာပြောဖို့ ခက်ပါတယ်။ အထူးသဖြင့် အခု ဖေဖော်ဝါရီလက အသက် ၅၈ နှစ်အရွယ် ဦးမောင်မောင်ဇေယျကို ထောင်ဒဏ် ၁၃ နှစ် ချလိုက်တာပါပဲ။ လူဝင်မှု ကြီးကြပ်ရေးနဲ့ အီလက်ထရောနစ် ဥပဒေ အရပါ။ ဒီဇင်ဘာလတုန်းက သူ့ရဲ့သား စည်သူဇေယျကိုလည်း အဲဒီလိုမျိုး အလားတူ ပြစ်မှုနဲ့ ထောင်ဒဏ် ၈ နှစ် ချခဲ့ပါတယ်။”

၂၀၁၀ မှာ အကျဉ်းကျနေတဲ့ သတင်းထောက်ပေါင်း ၁၃ ဦးနဲ့ Myanmar Tribune ထုတ်ဝေသူ ဦးအောင်ကျော်ဆန်းဟာ တောင်ကြီးထောင်ကနေ ဇန်နဝါရီလ ၂၆ ရက်နေ့က လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

CPJ ထောက်ပြခဲ့သလိုပဲ သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ စာရင်းတင်သလို တခြား စာရင်းဝင်တာတွေလည်း ရှိတယ်လို့ ပြည်ပရောက် BMA သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက ပြောမယ်ဆိုရင် အရှေ့တောင်အာရှမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် အနိမ့်ဆုံး အဆင့်မှာပါ။ သတင်းသမားတွေကို ဖမ်းဆီးထားတဲ့ နေရာမှာတော့ ကမ္ဘာမှာ စတုတ္ထ လိုက်တာပေါ့။ နောက်ပြီးတော့ သတင်းသမားတွေရဲ့ အဆိုးဆုံးရန်သူ ၁၀ ယောက် စာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါပါတယ်။ ဆိုလိုတာကတော့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ သတင်းသမားတွေကို အန္တရာယ်ပေးတဲ့ နေရာမှာပဲဖြစ်ဖြစ် မြန်မာနိုင်ငံက အစိုးရဟာ အင်မတန်မှ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အစိုးရ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

“ပြီးတော့ သတင်းသမားတွေကို အရေးယူတဲ့ နေရာမှာလည်း အဆိုးဆုံးက သတင်းသမားတွေကို သူတို့တပ်ချင်တဲ့ ပုဒ်မ တပ်ပြီးတော့ သူတို့ယူချင်တဲ့ ဥပဒေနဲ့ သူတို့ပြချင်တဲ့ ဥပဒေကို ပြပြီးတော့ သူတို့ပေးချင်တဲ့ အပြစ်ဒဏ်ကို ပေးလေ့ရှိတဲ့ အကျင့်ပါပဲ။ ဆိုလိုတာက သတင်းသမားကို အင်တာဗျူးလို့ ဆိုပြီးတော့ အရေးယူဖို့အတွက် ဥပဒေ မရှိတဲ့ အခါကြတော့ မော်တော်ဆိုင်ကယ် နောက်ကနေ လိုက်စီးတယ်ဆိုတဲ့ ဥပဒေမျိုးနဲ့ သူတို့ အရေးယူလေ့ ရှိပါတယ်။ ပြီးတော့ မတော်တဲ့ ပုဒ်မတွေ တပ်ပြီးတော့လည်း အရေးယူလေ့ ရှိပါတယ်။

“နာဂစ်မုန်တိုင်းတုန်းက သွားပြီး ကူညီခဲ့တဲ့ သတင်းသမားတွေကို အရေးယူတဲ့ အခါကြတော့ မတော်မတရားသဖြင့် ဘာမှ မပတ်သက်တဲ့ ဥပဒေတွေ ပြပြီးတော့ အရေးယူပါတယ်။ အဆိုးဆုံး ဥပဒေ၊ သူတို့ အများဆုံး သုံးလေ့ရှိတဲ့ ဥပဒေကတော့ နိုင်ငံခြားနဲ့ တရားမဝင် ဆက်သွယ်တယ်ဆိုတဲ့ ဥပဒေမျိုး၊ အဲဒီဥပဒေက ဘယ်လောက်အထိ ဆွဲဆန့်လို့ ရသလဲဆိုရင် အီးမေးလ်တစောင် နိုင်ငံခြားကို ပို့မိရင်၊ ဒါမှမဟုတ် နိုင်ငံခြားက ဖက်စ်တစောင် လက်ခံမိလို့ရှိရင် အဲဒီသတင်းထောက်ဟာ ထောင်ဒဏ် နှစ်ရှည် ကျနိုင်ပါတယ်။ ၆၅ နှစ်လောက်အထိ သူတို့ အရေးယူတာမျိုးတွေ ရှိပါတယ်။

“အီလက်ထရောနစ် ဥပဒေဟာလည်း အခုနောက်ပိုင်း တော်တော်လေးကို အသုံးများလာတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဆိုတော့ ဒီလို ဥပဒေမျိုးတွေနဲ့ အဲဒီလောက် ဖိနှိပ်နေတဲ့ အတွက်ကြောင့် မြန်မာအစိုးရဟာ တကယ်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အစိုးရ ဖြစ်နေရတာပါ။”

မြန်မာအစိုးရသစ် လက်ထက်မှာ ဒီမိုကရေစီ မဏ္ဍိုင်တရပ်ဖြစ်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြောင်းအလဲ သိပ်မမြင်ပေမဲ့လို့ နိုင်ငံတကာရဲ့ အကူအညီနဲ့ CPJ အနေနဲ့ ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ ဒိဇ်က ပြောပါတယ်။

“မြန်မာပြည်ကို ကြည့်မယ်ဆိုရင် တွေ့ရတာက အစိုးရက သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့၊ လွတ်လပ်စွာ ဝေဖန် ပြောဆိုမှုကို နှိပ်ကွပ်ဖို့ နှစ်ရှည် ထောင်ဒဏ်တွေကို စီရင်နေတာပါပဲ။ အခု နောက်အစိုးရသစ် တက်လာမယ် ဆိုရင်လည်း အခြေအနေ ပြောင်းလဲဖို့ မမြင်ပါဘူး။ အဲဒါကြောင့် သတင်းမီဒီယာ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ထောင်ဒဏ် စီရင်ခံရမယ် ဆိုတာကို တွေ့ရမယ့် အလားအလာတွေ မြင်ရတာပါပဲ။ ကျနော်တို့ CPJ အဖွဲ့ကတော့ အစိုးရသစ်အဖွဲ့ကို စောင့်ကြည့်သွားမယ့်အပြင် ကုလသမဂ္ဂ၊ အာဆီယံအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြီးတော့ မြန်မာပြည်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရရှိအောင် ဖိအားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

အခုလို မြန်မာနိုင်ငံမှာ သတင်းထောက်တွေ နှစ်ရှည်ထောင်ဒဏ် စီရင်ခံရမယ့် အန္တရာယ် ရှိနေပေမဲ့လည်း မြန်မာနိုင်ငံမှာ သတင်းလုပ်ငန်းကို စိတ်ပါဝင်စားကြသူတွေ ပိုများလာတာ အားရစရာကောင်းတဲ့ အကြောင်းလည်း CPJ အဖွဲ့က ပြောခဲ့ပါတယ်။

XS
SM
MD
LG