သုံးရလွယ်ကူစေသည့် Link များ

"နှောင်ကြိုးမဲ့ သတင်းသမား" လှုပ်ရှားမှု စတင်


ဝါရှင်တန် ဒီစီမြို့တော် Newseum သတင်း မီဒီယာပြတိုက်။
ဝါရှင်တန် ဒီစီမြို့တော် Newseum သတင်း မီဒီယာပြတိုက်။

ကမ္ဘာတဝန်းမှာ သတင်းထောက်တွေ အလုပ်လုပ်ရင်း အဖမ်းခံရ ဒါမှမဟုတ် အသတ်ခံကြရတာနဲ့ပတ်သက်ပြီး အများပြည်သူ သတိပြုမိလာစေဖို့ လှုံ့ဆော်စည်းရုံးတဲ့ လှုပ်ရှားမှုတခုကို နိုင်ငံတကာအဖွဲ့အစည်းနှစ်ခုက ကြာသပတေးနေ့မှာ စတင်လိုက်ပါ တယ်။

"သတင်းလောကကို နှောင်ကြိုးဖြုတ်ပါ - သတင်းလောကကို လွတ်လပ်ခွင့်ပေးပါ"လို့ဆိုရမယ့် Press Uncuffed: Free the Press ဆိုတဲ့ လှုပ်ရှားမှုကို သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ CPJ က ဝါရှင်တန် ဒီစီမြို့တော် Newseum သတင်း မီဒီယာပြတိုက်မှာ စတင်လိုက်တာပါ။

မေရီလန်းဒ်တက္ကသိုလ်၊ Philip Merrill သတင်းပညာကောလိပ်က ကျောင်းသူကျောင်းသားတွေနဲ့ CPJ တို့ ပူးတွဲလုပ်ဆောင်မယ့် ဒီလှုပ်ရှားမှုမှာ အကျဉ်းကျနေတဲ့ သတင်းထောက်ကိုးဦးရဲ့ ဖြစ်ရပ်တွေကို မီးမောင်းထိုးပြပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆို ထားပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ကြောက်တဲ့အစိုးရတွေက ဒီသတင်းထောက်တွေကို အကျဉ်းကျထားတာပါလို့ CPJ အဖွဲ့ ရဲ့ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။

အခုလှုပ်ရှားမှုကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ သတင်းထောက်တွေကတော့ တရုတ်နိုင်ငံက Ilham Tohti, ဆွာဇီလန်း နိုင်ငံက Bheki Makhubu, အီသီယိုးပီးယားနိုင်ငံက Reeyot Alemu, အဇာဘိုင်ဂျန်နိုင်ငံက Khadija Ismayilova, အီရန်နိုင်ငံက Jason Rezain, ဥဇဘက်ကစ္စတန်နိုင်ငံက Yusuf Ruzimuradov, အီဂျစ်နိုင်ငံက Mahmoud Abou Zeid, ဗီယက်နမ်နိုင်ငံက Ta Phong Tan နဲ့ ဘာရိန်းနိုင်ငံက Ammar Abdulrasool တို့ဖြစ်ကြပါတယ်။ CPJ ရဲ့အဆိုအရ လူထုအကျိုးအတွက် သူတို့ရေးသား တဲ့သတင်းတွေကြောင့် အဲဒီသတင်းထောက်တွေအပေါ် နိုင်ငံတော်ကို ဆန့်ကျင်တဲ့ပုဒ်မ ဒါမှမဟုတ် လက်တုန့်ပြန်တဲ့စွဲချက်တွေနဲ့ ဖမ်းဆီးထားတာလို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ကလည်း အဖွဲ့ရဲ့ ဒေသအတွင်းက သတင်း သမားတွေရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာတို့ကို အကာအကွယ်ပေးရေးဆိုင်ရာ နှစ်ရက်ကြာ ညီလာခံတခုကို ကျင်းပနေပါတယ်။

XS
SM
MD
LG