သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲလက်ချက်နဲ့ လူမည်းတွေ သေဆုံးမှုအတွက် အမေရိကန်မှာ ဆန္ဒပြ


ရဲလက်ချက်နဲ့ လူမည်းတွေ သေဆုံးမှုအတွက် အမေရိကန်မှာ ဆန္ဒပြ။ ( ဇူလိုင် ၆၊ ၂၀၁၆)
ရဲလက်ချက်နဲ့ လူမည်းတွေ သေဆုံးမှုအတွက် အမေရိကန်မှာ ဆန္ဒပြ။ ( ဇူလိုင် ၆၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ် Baton Rouge မြို့က ကုန်စုံဆိုင်တခုရဲ့ အပြင်ဘက်မှာ အာဖရိကနွယ်ဖွား အမေရိကန် တဦးကို ရဲအရာရှိက ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်အပြီး ၂၄ နာရီအကြာမှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာ ဆန္ဒပြသူရာနဲ့ချီ စုဝေးပြီး ဖရောင်းတိုင် မီးထွန်း ဆုတောင်းပွဲတခု ဗုဒ္ဓဟူးနေ့က လုပ်ခဲ့ကြပါတယ်။ အခင်းဖြစ်ပွားချိန်မှာ လက်ကိုင်ဖုန်းသုံး ရိုက်ထားတဲ့ ဗွီဒီယိုဖိုင် ထွက်လာပြီး တဲ့နောက် အာဖရိကနွယ်ဖွား အမေရိကန်တွေနဲ့ တခြား လူနည်းစုတွေအပေါ် ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံ သုံးနေတယ်လို့ ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေနဲ့ နိုင်ငံတဝှမ်း မကျေမနပ်ပြောဆိုသံတွေ ပြန် ဖြစ်လာခဲ့တာပါ။

ရဲဝန်ထမ်းတွေနဲ့ လူမည်းဒေသခံတွေကြား လူတွေသေဆုံးတဲ့ အထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေတိုင်းမှာ ကြားရလေ့ရှိတဲ့ “လက်မြှောက်၊ မပစ်နဲ့” ဆိုတဲ့ ကြွေးကြော်သံတွေ၊ နောက် လူမည်းတွေရဲ့ အသက်ဟာလည်း တန်ဖိုးရှိပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အင်္ဂါနေ့က အသက် ၃၇ နှစ်အရွယ် လူမည်းအမျိုးသား Alton Sterling ပစ်သတ်ခံခဲ့ရတဲ့အပေါ် မကျေနပ်သူတွေ Triple S Mart ကုန်စုံဆိုင်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Louisiana အုပ်ချုပ်ရေးမှူး Jon Bel Edwards ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ အမေရိကန်တရားရေးဌာနရဲ့ လူထုအခွင့်အရေးဆိုင်ရာ ဌာနခွဲက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပြောထားပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာတော့ ရဲဝန်ထမ်း နှစ်ဦးနဲ့ Sterling ထိပ်တိုက်တွေ့နေတာ၊ အဲဒီနောက် Sterling ကို မြေပြင်ပေါ်လှဲချပြီး ဖမ်းဆီးဖို့ကြိုးစားတာနဲ့ နောက်ပိုင်း သေနတ်နဲ့ပစ်တဲ့ အသံတွေ ပါပါတယ်။ ဒီဖြစ်ရပ်အပြီး တရက်အကြာ Minnesota ပြည်နယ်မှာလည်း ဗုဒ္ဓဟူးနေ့ညက လူမည်းအမျိုးသားတဦးကို ကားရပ်ပြီး ဖမ်းဆီးချိန်မှာ ရဲအရာရှိက ပစ်ခတ်တာကြောင့် သေဆုံးသွားပါတယ်။

သေဆုံးသူဟာ အစိုးရစာသင်ကျောင်းတခုက ဝန်ထမ်းတဦးဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် Philando Castile ဖြစ်တယ်လို့ မိသားစုတွေနဲ့ မိတ်ဆွေတွေက ဒေသခံ သတင်းဌာနတွေကို ပြောပေမဲ့ အာဏာပိုင်တွေက အတည်ပြုပြောဆိုခြင်းတော့ မရှိသေးပါဘူး။ သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အဲဒီလူ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG