သုံးရလွယ်ကူစေသည့် Link များ

သင်္ကြန်ကာလ မန္တလေးမြို့မှာ အတာရေသဘင်ပွဲတော်နဲ့ မြို့လုံးအနှံ့ မဏ္ဍပ်ပေါင်း ၇၀ ကျော် စည်စည်ကားကားကျင်းပဖို့ ရှိနေချိန်မှာ လုံခြုံရေးနဲ့ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်မကင်း ဖြစ်နေကြောင်း ဒေသခံတွေကပြောပါတယ်။ မန္တလေးမြို့မှာ ဒုစရိုက်တွေနှိမ်နင်းပေးဖို့ Save Our Mandalay ဆိုပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး အရှိန်အဟုန်မြှင့် လှုပ်ရှားနေကြပါတယ်။

ဒီအတောအတွင်း အင်္ဂါနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်းမှာလည်း မန္တလေးမြို့မှာ ရာဇ၀တ်မှုတွေအလွန်များပြားလာကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

သင်္ကြန်ကာလအတွင်း အများပြည်သူဘေးကင်းလုံခြုံ ဆင်နွှဲနိုင်ဖို့ မန္တလေးတိုင်းအစိုးရက ကြပ်မတ်ဆောင်ရွက်နေပေမယ့် လုယက်၊ သတ်ဖြတ်မှုတွေနဲ့ အခြားရာဇ၀တ်မှု ကျူးလွန်သူတွေ မန္တလေးမြို့မှာ ပိုပြီးများလာတဲ့အတွက် ရဲအာဏာပိုင်တွေဘက်က ထိထိရောက်ရောက်နှိမ်နင်းဖို့ လူထုအခြေပြုအဖွဲ့အစည်းတွေက တောင်းဆိုလှုပ်ရှားနေကြပါတယ်။

အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားဝိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းက ကိုခိုင်မင်းထက်ကနေ မန္တလေးမြို့မှာ အခုနောက်ပိုင်း ရာဇ၀တ်မှုတွေ အလွန်များပြားလာကြောင်း တင်ပြသွားပါတယ်။

“လောလောဆယ် မန္တလေးက လက်ရှိအခြေအနေဟာ တော်တော်ကြီးကို ဆိုးရွားနေပါတယ်။ လုယက်မှုတွေ တကယ်ဖြစ်နေပါတယ်။ စွယ်တော်ကားကြီးဝင်းနဲ့ စက်မှုနဲ့ဆိုရင် ဆိုက်ကယ်နဲ့ သုံးမိနစ် လေးမိနစ်လောက်မောင်းရတယ်ပေါ့။ အဲဒီကြားထဲမှာ ဆိုးသွမ်းနေတဲ့ လူငယ်တွေ များနေတယ်။”

မန္တလေးမြို့အနှံ လောင်းကစားရုံတွေ၊ အပျော်အပါးလုပ်ငန်း တွေ အပြင် မူးယစ်ဆေးရောင်းဝယ်မှုတွေကို ရဲအာဏာပိုင်တွေဘက်က ထိထိရောက်ရောက်နှိမ်နင်းနိုင်မှုမရှိပဲ တရားဥပဒေစိုးမိုးရေး လျော့နည်းနေတယ်လို့ ကိုခိုင်မင်းထက် ကပြောပါတယ်။ မန္တလေးမြို့ လုံခြုံရေးအတွက် ရဲအင်အားအလုံအလောက်မရှိကြောင်းသူက ဆက်လက်တင်ပြရာမှာ နိုင်ငံတော်အနေနဲ့ ရဲအင်အားဖြည့်ဆည်းဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

“မန္တလေးတင်မဟုတ်ဘူး။ ကြုံတုံပြောရမယ်ဆိုရင် တနိုင်ငံလုံးမှာ နည်းတယ်။ အမေတို့နိုင်ငံမှာဆိုရင် လိုအပ်ချက်ရဲ့ ၅၀% မပြည့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုတိုပြောရရင် မတတ်နိုင်သေးလို့ပေါ့။ တတ်နိုင်အောင်လို့တော့ ကြိုးစားရမှာပဲ။”

ရာဇ၀တ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနှိမ်နင်းနိုင်ဖို့ ရဲတပ်ဖွဲ့မှာ ဘတ်ဂျက်အလုံအလောက် မရှိတာ၊ ကျူးလွန်သူတွေဟာ ရာဇ၀တ်မှုနောက်ကြောင်းမရှိပဲ မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေအများစု ဖြစ်နေတာ စတဲ့ အကြောင်းအရင်းတွေကို မန္တလေးမြို့မှာ ဒုစရိုက်မှုတွေကို နှိမ်နင်းပေးရေး လူထုအခြေပြုအဖွဲ့အစည်းတွေ စုပေါင်းလှုပ်ရှားနေတဲ့ Save Our Mandalay က ကိုဝမ်းကနေ အခုလိုပြောပြပါတယ်။

“တကယ့်ဒုစရိုက်သမားတွေ မဟုတ်ပဲနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေက သူတို့ ပိုက်ဆံပြတ်တဲ့အခါကြတော့ တွေ့တဲ့ကြုံတဲ့လူတွေဆီက လုတယ်။ တဖြည်းဖြည်းပေါ့။ ရှေ့ကလူက လုပ်တာကို နောက်ကလူတွေက လိုက်ပြီးလုပ်တယ်။ ရှေ့ကလူတွေကလည်း အဖမ်းမခံရတဲ့အခါကျတော့ နောက်ကလူတွေက လက်ရဲဇက်ရဲတွေဖြစ်လာကြတယ်။ မနေ့ကဖမ်းမိတဲ့ ဒုစရိုက်ကျူးလွန်သူ သုံးဦးမှာ မိန်းကလေးတဦးတောင်ပါနေတယ်။ အားလုံးကလည်း လူငယ်တွေ၊ အသက် (၂၀)ကျော်တွေ။ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်နေတော့ လုယက်ရုံတင်မကတော့ဘူး၊ အသက်ပါသတ်တဲ့အထိဖြစ်လာတာပေါ့။”

မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီ၊ နောက် မန္တလေးတိုင်းမှာဆိုရင်လည်း ဒေါက်တာ ဇော်မြင့်မောင် တိုင်းအစိုးရအဖွဲ့ ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ အစိုးရလက်ထက်ရောက်မှ အရင်ကထက်စာရင် ရာဇ၀တ်မှုတွေ ပိုပြီးများလာတာလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိကကတော့ ရာဇ၀တ်မှုကျူးလွန်ကြတဲ့ သူအများစုက လူငယ်တွေဖြစ်နေတယ်လေ။ နောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်နေတယ်။ မန္တလေးမှာလည်း မူးယစ်ဆေးဝါးက တော်တော်ကို လွယ်လွယ်ကူကူနဲ့ ဈေးသက်သက်သာသာနဲ့ ရနေတဲ့ အနေအထားရှိနေတယ်။ မူးယစ်ဆေးဝါးပြဿနာက အရင်အစိုးရ လက်ထက်ကတည်းက ကြီးထွားလာတာပါ။ အခု NLD အစိုးရတက်လာပြီးနောက်ပိုင်း မန္တလေးမှာ ထိထိရောက်ရောက် မနှိမ်နင်းနိုင်ပါဘူး။ နောက်ပြီး ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးအဓိက ရောင်းချသူတွေကို ဖမ်းမမိဘဲ အစွန်အဖျားတွေကိုပဲ မိတာ။

မန္တလေးမြို့မှာ ဒုစရိုက်တွေနှိမ်နင်းပေးရေး Save Our Mandalay ဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုကို လွန်ခဲ့တဲ့ သတင်းပတ်တွေက စတင်ခဲ့ပြီး ပြည်သူတွေရဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့ တိုင်းဝန်ကြီးချုပ်အပါအ၀င် ရဲ အာဏာပိုင်အဖွဲ့အစည်းတွေကို တင်ပြသွားမှာဖြစ်တယ်လို့ ကိုဝမ်းကပြောပါတယ်။

လူငယ်တွေနဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးအပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းမှာ ရဲတပ်ဖွဲ့ကို ခေတ်မှီတဲ့ နည်းစနစ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေတပ်ဆင်ပေးဖို့ သူ့အနေနဲ့ သဘောတူသလို ရဲတွေကို သင်တန်းတွေပေးဖို့လည်း လိုအပ်နေကြောင်း အခုလိုပြောသွားပါတယ်။

ကမ္ဘာ့လူဦးရေ စစ်တမ်းအဖွဲ့ရဲ့ ၂၀၁၇ခုနှစ် စာရင်းဇယားအရ မန္တလေးမြို့မှာ လူဦးရေ တသန်းကျော်နေထိုင်ပြီး လူဦးရေ လေးသန်းကျော်ရှိတဲ့ ရန်ကုန်မြို့ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယ လူဦးရေ အများဆုံးနေထိုင်တဲ့ မြို့ကြီးဖြစ်ပါတယ်။

XS
SM
MD
LG