သုံးရလွယ်ကူစေသည့် Link များ

Russia နဲ့ပူးပေါင်းဖို့ Crimea လွှတ်တော်ဆုံးဖြတ်


Crimean ပါလီမန်အဆောက်အအုံ (မတ်လ ၆၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအတွင်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ပေါင်းဖို့ Crimea ဒေသ လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့အတွက် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပိုဆိုးလာမယ့် အလားအလာ ရှိနေပါတယ်။ ယူကရိန်းနိုင်ငံအတွင်း ရုရှားတပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်လာနေမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့တွေ ပြန်လည် ဆုပ်ခွာပေးရေး ရုရှားကို ဘယ်လို ဖိအားပေးသင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ Brussels မြို့မှာ အရေးပေါ် စည်းဝေးပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ Crimea ဒေသအစိုးရက ကြာသပတေးနေ့မှာ မဲခွဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့အပေါ် အမေရိကန်လွှတ်တော်အမတ်တွေ ကြာသပတေးနေ့မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ရုရှားနဲ့ ပေါင်းစည်းရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို လာမယ့် လတ်လ ၁၆ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ပင်လယ်နက် ကျွန်းဆွယ်ဒေသ Crimea အစိုးရက ကြေငြာလိုက်ပါတယ်။ Crimea ဖက်က အခုလို တောင်းဆိုလာတဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို တောင်းဆိုနေကြပါတယ်။

Crimea ဒေသအနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် လူထုဆန္ဒခံယူပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ယူကရိန်း စီးပွားရေးဝန်ကြီး ပြောတာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ Crimea ဒေသအစိုးရက အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် ဒီကိစ္စကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်ပါတယ်။
XS
SM
MD
LG