သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကစီသုံးပြီး မှုခင်းကျူးလွန်တဲ့ ပြသနာ ဘယ်လို အဖြေရှာကြမလဲ


ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ မျိုးဇော်ဦးနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ (ဓါတ်ပုံ- Yangon Police facebook)
ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ မျိုးဇော်ဦးနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ (ဓါတ်ပုံ- Yangon Police facebook)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန် မြောက်ဒဂုံမှာ အတော်လေးကို ဆိုးရွားတဲ့ လူသတ် မုဒိန်းမှု တစ်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူကို နောက်ထပ် ၃ ရက်အကြာ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။ ပြည်သူတွေအကြား ဟိုးလေးတစ်ကြော် ဖြစ်သွားတဲ့ အဲဒီမှုခင်းဟာ တက္ကစီ ငှားစီးရာကနေ စ တက္ကစီ မောင်းသမားက ကျူးလွန်တဲ့ မှုခင်းဖြစ်နေလေတော့ နောက်ပိုင်း တက္ကစီ ငှားစီးသူတွေရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စကိုပါ မေးခွန်း ထုတ်လာကြပါတယ်။ တစ်ပြိုင်နက်တည်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဘက်ကလည်း တက္ကစီ ကားတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာ၊ စည်းကမ်းကြပ်မတ်တာတွေ လုပ်ဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။ မှုခင်း ဘယ်လို ဖြစ်ရတာပါလဲ၊ အရင်က အလားတူ မှုခင်းမျိုး ဘယ်လောက် ဖြစ်ခဲ့ဖူးပြီး နောင် အဲလိုပြသနာမျိုး ဖြစ်ပွားမှု ကျဆင်းအောင် ဘာတွေ လုပ်နိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ မျိုးဇော်ဦးနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ (ဓါတ်ပုံ- Yangon Police facebook)
ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ မျိုးဇော်ဦးနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ (ဓါတ်ပုံ- Yangon Police facebook)

မှုခင်းဖြစ်စဉ် အကျဉ်းကတော့ အသတ်ခံရတဲ့ အမျိုးသမီးဟာ လှည်းတန်းစင်တာနား အင်းစိန်လမ်းပေါ်ကနေ သူနေထိုင်ရာ ဒဂုံမြို့နယ် မင်းမနိုင်ရပ်ကွက်ကို တက္ကစီကား ငှားစီးခဲ့တဲ့အကြောင်း၊ သူ့နေအိမ်အနား အရောက်မှာ အဲကွန်းဖွင့်ပေးလို့ တက္ကစီခ ကျပ် ၁၀၀၀ ပိုတောင်းရာကနေ တက္ကစီ ဒရိုင်ဘာနဲ့ စကားများပြီး ဒရိုင်ဘာက အမျိုးသမီးကို လည်ပင်းညှစ်၊ ဝက်အူလှည့်နဲ့ ထိုးခဲ့ကြောင်း၊ အမျိုးသမီး သတိလစ်သွားချိန် ကားကို မြောက်ဒဂုံဘက် ပြန်မောင်းလာပြီး ၃၃ ရပ်ကွက်နားမှာ မုဒိန်းကျင့်ကြောင်း၊ နောက်ပိုင်း အမျိုးသမီး သေဆုံးသွားလို့ အလောင်းကို ငမိုးရိပ် ချောင်းနံဘေး တံတားအစပ် မန်ကျည်းပင် အောက်မှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ ကျူးလွန်တယ်လို့ ဝန်ခံထားတဲ့ တက္ကစီ ဒရိုင်ဘာ တစ်ယောက်တည်းရဲ့ ထွက်ဆိုချက်ပဲ ဖြစ်တဲ့အတွက် ဘယ်လောက်မှန်တယ်လို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အားလုံး နားလည်လိုက်တာ တစ်ခုကတော့ တက္ကစီ ငှားစီးရင်း ဒရိုင်ဘာရဲ့ သတ်ဖြတ်တာ ခံလိုက်ရတယ် ဆိုတာပါပဲ။ ဒီ အတွက် ပြည်သူတွေက ရန်ကုန်တက္ကစီတွေကိစ္စ အာရုံစိုက်လာကြတာ ဖြစ်ပါတယ်။

တကယ်တော့ တက္ကစီ မောင်းသူက ပြစ်မှု ကျူးလွန်တာ၊ ဒုစရိုက်သမားတွေက တက္ကစီကို အသုံးပြုပြီး ရာဇဝတ်မှု လုပ်တာတွေကတော့ ရန်ကုန်မှာ သိပ်ပြီး မဆန်းကြယ်ပါဘူး။ ဒီထဲမှာ တချို့တွေက ပြစ်မှုကို အတွဲလိုက် ကျူးလွန်တာတွေတောင် ရှိခဲ့ပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၁၁ ရက်နေ့ မနက်လင်းအားကြီး ၃ နာရီဝန်းကျင်လောက်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းက g&g စတိုးဆိုင်ကို လူငယ်တစ်စု ဝင်ပြီး ဓားပြတိုက်ပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့မှာတော့ အဲဒီ ဓားပြတိုက် လုယက်မှု တရားခံတွေဖမ်းဆီးရမိပါတယ်၊ နောက်ဆက်တွဲ အမှုတွေနဲ့ တရားခံတွေလည်း ထပ်ပြီး ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ လူငယ်တစ်ချို့ တက္ကစီကားတစ်စီးကို အသုံးပြုပြီး g&g ဆိုင် တွေမှာ ဓားပြတိုက်မှု ၅ မှု ဆက်တိုက်ဆိုသလိုကျူးလွန်၊ ရဲတပ်ဖွဲ့က နောက်ပိုင်းမှ ဖမ်းဆီးရမိတာပါ။

အလားတူပါပဲ။ ၂၀၁၇ မေလ ၂ ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်မှာ ကားတစ်စီး ဓားပြ အတိုက်ခံရပါသေးတယ်။ ပဲခူးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးကြီး တစ်ယောက်ဟာ ကိုရီးယားသွားမယ့် သူ့ရဲ့ သားကို မိသားစုဝင်တွေနဲ့အတူ မင်္ဂလာဒုံ လေယာဉ်ကွင်းကို ကိုယ်ပိုင်ကားနဲ့ လိုက်ပို့ပါတယ်။ အပြန် ကားပေါ်ပါလာတဲ့ ကလေးငယ် တစ်ယောက် အပေါ့သွားချင်တယ် ဆိုလို့ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ် ဘီအိုစီ မှတ်တိုင်နားမှာ လမ်းဘေးရပ်ပြီး အပေါ့သွားစေပါတယ်။ အဲဒီအချိန် ကယ်လ်ဒီနား အမျိုးအစား တက္ကစီ တစ်စီး သူတို့ကားရှေ့ ပိတ်ရပ်၊ ကားပေါ်ပါတဲ့ လူ ၄ ယောက်က အမျိုးသမီးကြီးကို ဓားနဲ့ထောက်ပြီး ပါလာတဲ့ ပိုက်ဆံအိတ်၊ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကိုင်ဖုန်း စုစုပေါင်း တန်ဘိုး ကျပ် သိန်း ၄၀ ကျော်ဖိုး၊ အားလုံးကို လုယူပြီး သူတို့ကားနဲ့ပဲ ပြန်ထွက်သွားပါတယ်။

နောက်ပိုင်း ဓားပြတိုက်ရာမှာ ပါတဲ့ အဖွဲ့ဝင်တစ်ယောက်ကို လှော်ကားနယ်မြေမှာ အခြား ပြစ်မှုတစ်ခု ကျူးလွန်တုန်း ဖမ်းဆီးရမိ စစ်ဆေးရာကနေ အဲဒီ တက္ကစီ အသုံးပြုပြီး အုပ်စုနဲ့ ဓားပြတိုက်တဲ့ အမှုပေါင်း ၂၈ မှု ကျူးလွန်ခဲ့တယ် ဆိုပြီး ဝန်ခံ ထွက်ဆိုပါတယ်။ ဒါတွေကိုကြည့်ရင် တက္ကစီ ဒရိုင်ဘာက လူသတ်၊ ပစ္စည်းယူ၊ မုဒိန်းကျင့် ဆိုတဲ့ ပြစ်မှုမျိုး ကျူးလွန်တာတွေ ရှိသလို၊ ဒုစရိုက်သမားတွေက တက္ကစီကားကိုငှား၊ အဲဒီ ကားကိုသုံးပြီး ရာဇဝတ်မှုကို အသေအခြာ ပြင်ဆင် ကျူးလွန်တာမျိုးလည်း ရှိနေတယ် ဆိုတာပါ။

အခုနောက်ဆုံး အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခံရတော့မှ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ တက္ကစီတွေနဲ့ ပတ်သက်တဲ့ အစီအမံ တစ်ချို့ လုပ်ကိုင်လာတာ တွေ့မြင်ရပါတယ်။ အငှားယာဉ်အဖြစ် နံပတ်အနီ ထုတ်ပေးထားတဲ့ ကားတွေကို စီးတီးတက္ကစီ အဖြစ် ဇန်နဝါရီ ၃၁ နောက်ဆုံးထား မှတ်ပုံတင်ခိုင်းပါတယ်။ ရန်ကုန်တိုင်း ယာဉ်ထိန်း အဖွဲ့ကတော့ မှုခင်းတွေ မဖြစ်ပွားရအောင် တက္ကစီကားတွေမှာ စတေကာ ကပ်တာ၊ လေစုတ်ခွက်ကပ်တာ၊ ကြော်ငြာကပ်တာ၊ လိုက်ကာ ကာတာတွေ မလုပ်ဖို့၊ လိုက်နာမှု မရှိရင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစ လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည် အထိ ထိထိရောက်ရောက် အရေးယူမယ် ဆိုပြီး ကြေငြာပါတယ်။ အလားတူ ယာဉ်ထိန်းရဲ တပ်ဖွဲ့ကလည်း တက္ကစီတွေကို စည်းကမ်းချက်တွေနဲ့ ညီမညီ ရှောင်တစ်ခင် စစ်ဆေးမယ်လို့ ဆိုထားပါတယ်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲမှူးသိန်းအောင် ကတော့ ရန်ကုန်မှာ တက္ကစီ စီးမယ်ဆိုရင် ပထမ ဦးဆုံး ကားနံပတ်နဲ့ ကားအမျိုးအစားမှတ်ပါ၊ ကားတံခါးဘေးက နံပတ်ပါမှတ်ပြီး ကိုယ့်လူရင်းဆီကို message ပို့ထားပါ။ နောက်ခန်းက စီးပါ။ ဖြစ်နိုင်ရင် မှန်တံခါး မပိတ်နဲ့၊ ကားတံခါး လော့ချ် ချထားရင် ဘယ်လို ဖွင့်ရမယ် ဆိုတာ လေ့လာထား။ စတစ်ကာ ကပ်ထားတဲ့ကား မစီးမိစေနဲ့။ ည စီးရင် အဖော်ပါပါစေ။ အစရှိသဖြင့် အလွန် ရှည်လျားများပြားလှတဲ့ အကြံကို ပေးပါတယ်။ ရန်ကုန်မှာ တက္ကစီကား စီးရတာ မလွယ်ပါလားလို့ မှတ်ယူရမလိုလိုပါပဲ။

ဒါပေမယ့် အခု ပြသနာကြီးမှာ တကယ့်တကယ် အဓိက တာဝန်ရှိတာကတော့ ယာဉ်စည်းကမ်း ထိန်းသိမ်းသူတွေနဲ့ ရဲတပ်ဖွဲ့ပါ။ အခု ဖြစ်ခဲ့တဲ့ မှုခင်းတွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဒုစရိုက်သမားတွေ၊ အများပြည်သူ ဝန်ဆောင်မှု တက္ကစီ ကားမောင်း အလုပ် လုပ်ဖို့ အရည်အချင်း မပြည့်စုံသူတွေဟာ လွယ်လွယ်ကူကူ တက္ကစီ ဒရိုင်ဘာ ဝင် လုပ်နေနိုင်တာ တွေ့ရမယ် ဖြစ်ပါတယ်။ ဒါကို စနစ်တကျ စိစစ်ဖို့ လိုပါတယ်။ နောက်ထပ် ရန်ကုန်မှာ ဖြစ်နေတဲ့ ပြသနာ တစ်ခုက တက္ကစီကား ပိုင်ရှင်တွေဟာ ည ဘက်မှာ သူတို့ကားကို အခြား ညမောင်းသမားတွေကို ငှားပေးတဲ့ ကိစ္စပါ။ အဲဒီသူတွေ အများစုဟာ အဲဒီ တက္ကစီကားနဲ့ တွဲပြီး မှတ်ပုံတင်ထားသူတွေ မဟုတ်ပါဘူး။ တစ်ချို့ဆို တက္ကစီ မောင်းနိုင်တဲ့ ယာဉ်မောင်းလိုင်စင်တောင် မရှိပါဘူး။ ဒီအတွက် အဲလို ပြသနာမျိုး မဖြစ်ပေါ်ဖို့ တက္ကစီ ဒရိုင်ဘာတွေ စိစစ်ရေးကို စနစ်တကျ လုပ်ဖို့ လိုပါတယ်။ အဲဒီ ယာဉ်မောင်းရဲ့ အချက်အလက်ကို ကားစီးသူ ထင်သာမြင်သာ နေရာမှာ အသေအခြာ ပြသထားဖို့လည်း လိုပါတယ်။

တက္ကစီ စီးသူတွေ တစ်စုံတစ်ရာ ဒုက္ခရောက်ရင် ရဲတပ်ဖွဲ့ကို လွယ်လွယ်ကူကူ ခေါ်လို့ရတဲ့ တယ်လီဖုန်းနံပတ်မျိုးကိုလည်း ပြင်ဆင်ပေးထားဖို့ လိုပါတယ်။ တက္ကစီပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ စည်းကမ်းအတိုင်း လိုက်နာ မလိုက်နာ အမြဲတစေ စစ်ဆေး ကြပ်မတ်နေဖို့လည်း လိုပါတယ်။ ဒီထက် ပိုအရေးကြီးတဲ့ အချက်တစ်ခုကတော့ လူ ၅-၆ သောင်းလောက် တက္ကစီ ဒရိုင်ဘာ အလုပ်နဲ့ အသက်မွေးနေကြတဲ့ ရန်ကုန်မှာ အများစုကြီးဟာ ဝမ်းရေးအတွက် ရိုးရိုးသားသား လုပ်ကိုင်စားနေသူတွေအဖြစ် မြင်ဖို့ လိုပါတယ်။ တက္ကစီဒရိုင်ဘာတွေဟာ ဒုစရိုက်သမားတွေ မဟုတ်ပါဘူး။ ဒါမှသာ တက္ကစီ ငှားစီးသူ ပြည်သူတွေနဲ့ ဒရိုင်ဘာ နားလည်မှု ရှိမှာဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာ ပေါ်ပေါက်မှုလည်း နည်းမယ် ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG