ရုရှားဆီက ဂျက်တိုက်လေယာဉ်တွေ ဝယ်ဖို့လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ မြန်မာအစိုးရဟာ ပညာရေးနဲ့ တခြားဦးစားပေးရမယ့် ကဏ္ဍတွေအတွက် လုံလောက်အောင် ငွေမချပေးပဲ စစ်ဘက်ဆိုင်ရာမှာ သုံးတာသိပ်များနေတယ်လို့ ဝေဖန်မှုတွေ ထွက်လာပါတယ်။
ရုရှားလုပ် Su-30 ဂျက်တိုက်လေယာဉ် ၆ စင်း မြန်မာက ဝယ်ယူဖို့စီစဉ်နေတယ်လို့ ရုရှား TASS သတင်းစဉ်က ဇန်နဝါရီလ ၂၂ ရက်နေ့က ရေးသားသလို မြန်မာသတင်းမှာတော့ ခန့်မှန်းခြေ ဒေါ်လာ သန်း ၂၀၀ လောက်ရှိမယ့် သဘောတူညီချက်လို့ဖေါ်ပြထားတာပါ။ ဒီသဘောတူညီချက်ဟာ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu မြန်မာနိုင်ငံကို သွားရောက်စဉ်မှာ ရခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာလေတပ်အတွက် နိုင်ငံ့ပိုင်နက်ကို ကာကွယ်ဖို့ အဓိကသုံးမယ့် တိုက်လေယာဉ်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး Alexander Fomin ကပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အရာရှိ ခန့်မှန်းခြေ ၆၀၀ လောက်ဟာလည်း ရုရှားမှာ အဆင့်မြင့်စစ်ပညာတွေ သင်ယူနေကြောင်း ပြောခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကတော့ ဒါဟာ လူ့အခွင့်ရေးချိုးဖေါက်တဲ့ စစ်တပ်တွေကို လက်နက်ပေးဖို့ ဆက်ကြိုးစားနေတဲ့ ရုရှားရဲ့ လုပ်ရပ်ထဲက တခုလို့ပြောပါတယ်။ ရုရှားဟာ ရခိုင်ပြည်နယ်အရေးကို အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ပြောနေချိန်မှာပဲ အဆင့်မြင့်စစ်လက်နက်တွေ ရောင်းဖို့လုပ်နေတဲ့ သတင်းတွေထွက်လာတာ လို့လည်းပြော ပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှိဘက် ထွက်ပြေးသူက ၇ သိန်း နီးပါးဖြစ်လာနေပြီး တပ်မတော်က တရားမဲ့သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေနဲ့ အစုလိုက် အဓမ္မကျင့်မှုတွေရှိခဲ့ကြောင်း ထွက်ပြေးသူတွေက ပြောဆိုနေတာပါ။ ရခိုင်ပြည်နယ်တွင်း စစ်တပ်ရဲ့စစ်ဆင်ရေးကို ဒေသခံတွေက အတော်ထောက်ခံကြပေမယ့် အခုလို ဂျက်တိုက်လေယာဉ်တွေ ဝယ်တာကိုတော့ တချို့က ဝေဖန်ကြပါတယ်။
၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်အတွက် စစ်ရေးအသုံးစားရိတ်က ဒေါ်လာ ၂.၁ ဘီလျံလျာထားတာ ဖြစ်ပြီး စီမံဘဏ္ဍာနဲ့ စွမ်းအင်ကဏ္ဍ ပြီးရင် တတိယမြောက် ငွေအများဆုံးချထားပေးတာပါ။ စစ်ရေးအသုံးစားရတ် မနှစ်ကထက် လျော့ကျသွားတယ် ဆိုပေမယ့် ပညာရေးနဲ့ ကျန်းမာရေး အသုံးစားရိတ်နဲ့ ယှဉ်ရင် အများကြီး ပိုသုံးနေဆဲ ဖြစ်ပါတယ်။
နိုင်ငံသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်အတွက် ဦးတည်ပြီး IC- ESCR နိုင်ငံတကာ စီးပွါးရေး လူမှုရေးနဲ့ ယဉ်ကျေးမှုရေး ရပိုင်ခွင့်ဆိုင်ရာ လိုက်နာဖို့ အောက်တိုဘာလထဲမှာ မြန်မာက သဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ အခုချထားပေးတဲ့ ဘတ်ဂျက်ထဲမှာ ပညာရေးနဲ့ကျန်းမာရေး အတွက် လိုအပ်တဲ့ အသုံးစားရိတ် ချမပေးပဲ စစ်ရေးအတွက်ဦးစားပေး ချထားတာဟာ ဒီသဘောတူညီချက်ကို ချိုးဖေါက်ရာ ကျနေတယ်လို့ ICJ အဖွဲ့ကဝေဖန်ပါတယ်။