သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယပင်လုံညီလာခံခေါ်ယူရေး CRPP အဓိကဆွေးနွေး


ဒုတိယပင်လုံညီလာခံခေါ်ယူရေးကိစ္စမှာ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ တခြား ပြည်တွင်း ပြည်ပက နိုင်ငံရေးအဖွဲ့အစည်း အသီးသီးရဲ့ သဘောထားတွေပါ ပါဝင်နိုင်အောင် ဒီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးသာအောင်က ပြောပါတယ်။ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ CRPP ပုံမှန်အစည်းဝေးအတွင်း ဒီ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စကို အဓိက ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီရဲ့ လစဉ် ပုံမှန် စည်းဝေးပွဲကို ဒီကနေ့ နေ့လည် ၁ နာရီက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့ကြတာပါ။

ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ အစည်းဝေးတုန်းကလိုပဲ ဒီကနေ့မှာလည်း ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စနဲ့ဆိုင်တဲ့ လုပ်ငန်းရပ်တွေကို အဓိကထား ဆွေးနွေးဖြစ်ကြတယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

“ဒီနေ့ ဆွေးနွေးပွဲမှာလည်းပဲ ဒုတိယပင်လုံညီလာခံကိစ္စနဲ့ ပတ်သက်လို့ ထပ်ပြီး ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းအနေနဲ့ကတော့ ဆုံးဖြတ်တာ၊ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးနိုင်တာတွေ မရှိသေးပါဘူး။”

အရင်တခေါက် အစည်းအဝေးတုန်းကတော့ ဒုတိယပင်လုံညီလာခံ ခေါ်ရေးကိစ္စပေါ့နော်။ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်မယ်ဆိုလို့ပါ။ ဒီနေ့ ဘယ်လောက်အထိများ ဆွေးနွေးဖြစ်ပါသလဲ။ -

“ဟုတ်ကဲ့။ ဆွေးတော့ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာကျတော့ ဘယ်တော့ ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာကိုတော့ ဆွေးနွေးကြတာတွေ ရှိတယ်။ ဒါပေမဲ့ သဘောတူညီချက်တော့ မရသေးဘူး။ ထပ်ပြီးတော့ အကြံဉာဏ်ပေးသင့်တဲ့ပုဂ္ဂိုလ်၊ ဒီလူတွေရဲ့ အကြံဉာဏ်တွေကို ယူပြီးတော့ နောက်တဆင့် ထပ်ပြီးတော့ စဉ်းစားဖို့ကိုတော့ သဘောတူကြပါတယ်။”

အဲဒီဟာတွေက ဘယ်သူတွေပါမလဲ၊ ဘယ်သူတွေ ဖြစ်မလဲ၊ -

“တခြား နိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများ၊ ဒီလို ပြည်တွင်းပြည်ပ အင်အားစုများရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ဦးမှာပေါ့ဗျာ။ အဲဒီလို နားထောင်ပြီးမှ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးမှ ကျနော်တို့ ရှေ့ဘယ်လို ဆက်လုပ်မလဲဆိုတာတွေကို ဆွေးနွေးဆုံးဖြတ်မှာပါ။”

အတွင်းထဲက နိုင်ငံရေးပါတီတချို့ကလည်း ပြောပါတယ်။ အပြင်မှာလည်း အသံတွေထွက်နေတာက ဘာလဲဆိုတော့ ဒုတိယ ပင်လုံညီလာခံခေါ်ရေးကိစ္စကို တစိုက်မတ်မတ် ဦးတည်လုပ်နေတာဟာ တဘက်မှာ စစ်အစိုးရနဲ့ ထိပ်တိုက်တွေ့ရေးကိုများ ဦးတည်နေသလားဆိုတဲ့ စိုးရိမ်စိတ်တွေ ထွက်နေတာတွေ ရှိပါတယ်။ ဆိုတော့ အဲန်ကယ်လ်တို့ အစည်းအဝေး လုပ်ကြတဲ့အခါမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားတဲ့ အကြောင်းအရာထဲမှာ ပါပါသလား။ -

“ထိပ်တိုက်တွေ့ဖို့အတွက်လုပ်တာ မဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တနည်းနည်းနဲ့ ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးပမ်းတာပါ။”

ဆိုလိုတာကတော့ ဒုတိယပင်လုံညီလာခံခေါ်ရေးကိစ္စကို လုပ်ဆောင်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တယ်လို့ ယူဆတယ်ပေါ့။ ဆိုတော့ ဒီနေ့အစည်းအဝေးမှာ တခြား အကြောင်းအရာတွေကိုရော ဆွေးနွေးဖြစ်ပါသေးသလားခင်ဗျ။ -

“တခြား အကြောင်းအရာကတော့ အခု ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီများ၊ အဲဒီပါတီများနဲ့ဆက်သွယ်ပြီးတော့ ဘယ်လိုဘယ်လို ဆွေးနွေးမယ်။ ပြီးတော့ ရေရှည်မှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မယ်၊ အဲဒီတော့ သူတို့သဘောထားတွေ ဘယ်လိုရှိမယ်၊ စသည်အားဖြင့်ပေါ့။ ဒါတွေကိုလည်း အလေးအနက်ထားပြီးတော့ စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသားပါတီများရဲ့ သဘောထား ဆိုတာကတော့ မီဒီယာတွေမှာ ပြောတာတွေလောက်ကိုပဲ ကြားနေရတယ်။ ဒါပေမဲ့ ဒီလို ထိတွေ့ပြီးတော့ ဆွေးနွေးပြီးတော့ သူတို့သဘောထားက ဘယ်လိုရှိတယ်၊ သူတို့ရဲ့ ရပ်တည်ချက် အမြင်တွေက ဘယ်လိုရှိတယ်ဆိုတာ မသိရသေးဘူးပေါ့။ အဲဒီလိုဟာတွေကို သိအောင်၊ ရေရှည်မှာရော ဆက်ဆံပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တာတွေ ဘာတွေရှိမယ်၊ အဲဒါတွေကို ဘယ်လို ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆိုတာတွေကို စဉ်းစားဆွေးနွေးကြပါတယ်။”

အခုချိန်ထိတော့ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ သီးသန့်တွေ့ရတယ်ဆိုတာတော့ မရှိသေးဘူးပေါ့။ -

“ဟုတ်ကဲ့။ ပုဂ္ဂိုလ်ရေး တွေ့တာလောက်တော့ ရှိတယ်။ ဒါပေမဲ့ တရားဝင် တွေ့တာမျိုးတော့ မရှိသေးပါဘူး။”

တကယ်လို့ သူတို့ကသာ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် သူတို့ကိုလည်း ကြိုဆိုဖို့ အဲန်ကယ်လ်တို့ဘက်က အဆင်သင့်ရှိတယ်ပေါ့။ -

“ဟုတ်ကဲ့။ ဒါကို ဆွေးနွေးဖို့။ ပြီးတော့ ရေရှည်မှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေကိုတော့ သူတို့နဲ့ ဆွေးနွေးဖို့ သဘောထားရှိပါတယ်။”

တခုရှိတာက အခုလက်ရှိ အဲန်ကယ်လ်တို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာက ၁၉၉၀ ခုနှစ်က အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတယ်။ အခု တိုင်းရင်းသား ကိုယ်စားလှယ်တွေကျတော့ ၂၀၁၀ ခုနှစ်မှာ အရွေးခံနေရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတယ်ဆိုတော့ အဲဒီနှစ်ခု ပူးပေါင်းလို့ရပါသလား။ -

“ပူးပေါင်းဖို့ထက်ပေါ့။ ကျနော်တို့က တိုင်းပြည်အကျိုး၊ ပြည်သူတွေရဲ့အကျိုး အတွက် ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ပါ။”

ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စအပေါ် အခြေခံတဲ့ တခြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖြစ်တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီအနေနဲ့ လစဉ် ပထမ သောကြာနေ့တိုင်းမှာ ပုံမှန် အစည်းဝေး ခေါ်ယူကျင်းပကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG