သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CSIS မှာ မြန်မာ့အရေးဆွေးနွေး


မြန်မာနိုင်ငံအပေါ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်ပြီး သုံးသပ်တဲ့ တချိန်တည်းမှာ အစိုးရရဲ့ စွမ်းဆောင်နိုင်ခြေကို ပံံ့ပိုးပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်အောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန်အစိုးရ အရာရှိတဦးက ပြောဆိုပါတယ်။

ဒီကနေ့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေအပြင် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ခြေ ခြေလှမ်းတွေအပေါ် ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ကြပါတယ်။ ကိုယ်တိုင်သတင်းသွားယူတဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ရောက်လာမယ့်နေ့မှာပဲ၊ ဝါရှင်တန်အခြေစိုက် သုတသီအဖွဲ့တခုဖြစ်တဲ့ CSIS မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့မှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးပွဲ ကျင်းပတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး အမေရိကန်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက်လည်း ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးနဲ့ သက်ရောက်မှုကိစ္စ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးပွဲကို လွှမ်းမိုးခဲ့ပါတယ်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေးအရာရှိ Ben Rhodes ကတော့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးဝင်လာတာကို အဟန့်အတား မဖြစ်စေဖို့နဲ့ မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ တိုးတက်ရေးကို အထောက်အကူ ပြုတယ်ဆိုတာ သေချာစေဖို့ ဖြစ်ပါတယ်။ ဘယ်လို ဆုံးဖြတ်ချက်ပဲချချ ဆွေးနွေးချက်တွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဦးဆောင်တဲ့အစိုးရရဲ့ အကြံပေးချက်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ပိတ်ဆို့အရေးုယူမှု ကိစ္စတွေတင် မဟုတ်ဘဲ၊ အစိုးရရဲ့ စွမ်းဆောင်နိုင်ခြေ တိုးမြှင့်အောင် ကူညီဖို့ ရင်းနှီးမြှုပ်နှံမှုတွေကနေ အလုပ်သမားအခွင့်အရေး လေးစားလိုက်နာတာ၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းဖို့ စတဲ့ ပွင့်လင်းမြင်သာမှုရှိပြီး အောင်မြင်အောင် လုပ်ဆောင်ရေးမှာ ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာတွေကို အကြံပေးကြဖို့ စီးပွားရေးကုမ္ပဏီတွေကို တိုက်တွန်းထားတဲ့ အကြောင်း Mr. Ben Rhodes က ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“ဒီနေရာမှာ အကဲစပ်တဲ့ ကိစ္စတခုကတော့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့တချို့နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအရပါ။ NLD ဦးဆောင်တဲ့ အစိုးရနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်မှုအပေါ်မှာ ကျနော်တို့ အနေနဲ့ အားတက်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကောင်းမွန်အောင် ကြိုးစားလိုက်နိုင်တာကို အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ ကျနော်တို့က မြင်ပါတယ်။ ဒါက တဦးတည်းရဲ့ အကျိုး မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ဥရောပနဲ့ ဂျပန်နိုင်ငံ၊ နိုင်ငံအားလုံး မြန်မာနိုင်ငံ တည်ငြိမ်ပြီး ဒီမိုကရေစီ နိုင်ငံဖြစ်ရေးဟာ သူတို့အကျိုး အဖြစ်လည်း သတ်မှတ်ထားကြတာပါ။”

ဆွေးနွေးပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Serge Pun & Associates ကုမ္ပဏီက Serge Pun က မြန်မာနိုင်ငံအတွင်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို ရှင်းပြသွားပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ လက်ရှိ မတူကွဲပြားမှုနဲ့ အမျိုးသား သင့်မြတ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ရင်လှိုင်ကလည်း ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေကို ရှင်းလင်း ပြောဆိုသွားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ Renaissance Institute က ဦးဘိုဘိုငယ်ကတော့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းတဲ့အချိန်တည်းမှာ စီးပွားရေး လုပ်ကိုင်လို့ ကောင်းမယ့် အခွင့်အလမ်းတွေ ပြည်တွင်းမှာ ရှိလာဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“ကျနော်တို့ မြန်မာတွေ ကိုယ့်ဘာသာချထားတဲ့ Sanction တွေ ပြန်ဖြေရှင်းရမှာပေါ့ဗျာ။ ကျနော်တို့မှာ ကုန်ပစ္စည်းတွေ သယ်သွားရင်ပဲဖြစ်ဖြစ် နည်းတဲ့ ဂိတ်တွေ မဟုတ်ဘူး ပေးရတဲ့ ပိုက်ဆံတွေ၊ အဲဒီ ဂိတ်တခုချင်းဆီက ကျနော့်အမြင်ကတော့ စီးပွားရေး ပိတ်ဆို့မှုပါပဲ၊ ဒါတွေလည်း ဖြေရှင်းရမှာပေါ့။ လက်ရှိ အစိုးရအနေနဲ့ စီးပွားရေအရ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ အနေအအထားကို ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူမှ ပိုအခွင့်အရေးမရဘဲ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ အခွင့်အရေးကို ရအောင်လုပ်ပေးမှ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြည်သူအတွက် ဖြစ်လာမယ်။ လက်ရှိ အစိုးရအနေနဲ့လည်း စဉ်းစားထားမယ်လို့ ကျနော်ထင်ပါတယ်။”

စီးပွားရေးလုပ်ငန်းတွေလိုပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို ထောက်ပြသူက အရင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ Derek Mitchell ဖြစ်ပါတယ်။ လက်ရှိ Albright Stonebridge သုတေသီအဖွဲ့ရဲ့ အကြီးတန်း အကြံပေး ဖြစ်ပါတယ်။ အစိုးရရဲ့ သဘောထားမဟုတ်ဘဲ သူ့ရဲ့အမြင်ကို ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိက အဟန့်အတား ဖြစ်နေတာက တယောက်နဲ့ တယောက် မယုံကြည်မှုပါ။ လွတ်လပ်ရေး ရခဲ့ကတည်းက တယောက်နဲ့တယောက် တိုက်လာကြတယ်။ ဆွေးနွေးမှုတွေမှာ ကိုယ့်ပြောချင်တာကို ပြောဖို့ထက် သူများကိုလည်း နားထောင်ဖို့ လိုပါတယ်။ ဒီမိုကရေစီဆိုတာ ပြောပိုင်ခွင့်ရှိတာ တခုထဲ မဟုတ်ပါဘူး။ နားထောင်ဖို့လည်း တာဝန်ရှိပါတယ်။ ဒါကို အစပျိုးပြီလို့ ကျနော်မြင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ရေရှည်ပံ့ပိုး ကူညီမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ရေရှည် လုပ်ရမယ့် အလုပ်တခုလို့လည်း ကျနော်တို့ သိထားပါတယ်။”

ဒါပေမဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအကြောင်း အားလုံးက စိတ်ဝင်တစား ဆွေးနွေး ပြောဆိုလာတာဟာ ဖြစ်စဉ်တခုရဲ့ အစ တိုးတက်မှုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အလားအလာအပြင် အမေရိကန် - မြန်မာ စီးပွားရေးအလားအလာ၊ လူမျိုးစုဒေသ အခြေအနေနဲ့ ငြိမ်းချမ်းရေးအပေါ် ရိုက်ခတ်မှု၊ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးနဲ့ ပဋိပက္ခတွေ မပေါ်ပေါက်အောင် တားဆီးရေး အမြင်သဘောထားတွေကို ဆွေးနွေး ပြောဆိုသွားကြပါတယ်ခင်ဗျား။

CSIS မှာ မြန်မာ့အရေးဆွေးနွေး
please wait

No media source currently available

0:00 0:05:23 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG