သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားအရေး အကြမ်းမဖက်ဖို့ တကိုယ်တော် ဆန္ဒပြသူသေဆုံး


ကိုထက်လွင်အောင်
ကိုထက်လွင်အောင်

ဆန္ဒပြနေတဲ့ကျောင်းသားသပိတ်ကို အကြမ်းဖက်မှုတွေမလုပ်ဖို့ ရန်ကုန်မြို့မှာ တကိုယ်တော်ဆန္ဒပြနေတဲ့ ကိုထက် (ခ)ကိုထက်လွင်အောင်ဟာ စနေနေ့ အစောပိုင်းက ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ပံတန်းမှာ ပိတ်မိနေတဲ့ကျောင်းသားတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ ပိုမို လုပ်လာနေတဲ့ကြားကပဲ သပိတ်ကျောင်းသားတွေဟာ သူတို့အတွက်သာမက တောင်သူလယ်သမားတွေနဲ့ အများအကျိုးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကိုထက်လွင်အောင်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ တပတ်ခန့်ကြာအောင် ပိတ်ဆို့တားဆီးခံထားရတဲ့ ကျောင်းသားသပိတ်ရှိတဲ့နေရာကို ဆေးဝါး၊ ရေနဲ့အစားအသောက်တွေ သယ်ယူခွင့်ခက်ခဲအောင် အာဏာပိုင်တွေက ကန့်သတ်မှုတွေလုပ်လာတဲ့အကြောင်း သပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင်က ဆိုပါတယ်။

“မနေ့ကစပြီးဖြတ်တာအမ၊ မနေ့တုန်းကဆို သုံးယောက်စာလောက်ဝင်လို့ရတဲ့လမ်းကို barricade နဲ့ထပ်ပိတ်လိုက်တော့ မနေ့ကဆိုလို့ရှိရင် လူတယောက်စာလောက်ကိုတောင်မှ တစောင်းပဲဝင်လို့ရတော့တယ်၊ ဒဲ့ (အတည့်)-ဝင်လို့မရတော့ဘူး။ တစောင်းဝင်ရတာဆိုတော့ ရေသန့်ဗူးတို့၊ အစားအသောက်တို့ ယူလာဖို့ဆိုရင် အဲဒီဥစ္စာတွေက တော်တော် ခက်ခက်ခဲခဲကို သယ်ပြီးတော့ ဝင်နေရတော့ - နောက်တခုက အရင်ကထက် ပိုပြီးတင်းကြပ်တော့ လူထုက ဝင်လာရမှာကြောက်တယ်ပေါ့နော်။ ကြောက်အောင် ခြောက်ထားတဲ့သဘောမျိုး၊ အဲလိုမျိုးပုံစံဖြစ်လာတယ်။ ပြီးတော့ နာရေးကူညီမှုကားတွေ ပြန်လဲဖို့ကို အပြင်ထွက်ဖို့ကို ထွက်ခွင့်မပေးဘူး။ ထွက်ခွင့်မပေးတော့ နာရေးကူညီမှုကားတွေက တချို့ကားတွေဆို ပြန်မလဲရသေးဘူး။ အဲလိုမျိုးတွေ ရှိတယ်။”

မနေ့ကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တပ်ပေါင်းစုအဖွဲ့ နှစ်ဖွဲ့အပါအဝင် အဖွဲ့ပေါင်း ၂၃ ဖွဲ့က ကျောင်းသားသပိတ်ကို ငြိမ်းချမ်းစွာဖြေရှင်းပေးဖို့ သမ္မတဦးသိန်းစိန်ကို မေတ္တာရပ်ခံစာတစောင် ပေးပို့ခဲ့ပါသေးတယ်။

ဒီလို အခြေအနေမှာပဲ ဆန္ဒပြကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ရန်ကုန်မြို့မှာ တကိုယ်တော်ဆန္ဒပြလှုပ်ရှားနေခဲ့တဲ့ ကိုထက် (ခေါ်) ကိုထက်လွင်အောင်ဟာ စနေနေ့ အစောပိုင်းက ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်က လူငယ်တဦးဖြစ်တဲ့ကိုထက် (ခ)ကိုထက်လွင်အောင်ဟာ မနက်အစောကြီးမှာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကြောင်း လမ်းမတွေပေါ်မှာ ဆေးပက်ဖျန်းလှုပ်ရှားမှုကို ဆောင်ရွက်နေစဉ် သေဆုံးခဲ့ရတာဖြစ်လို့ လက်ပံတန်းကျောင်းသားသပိတ်က သူ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပဲလုပ်ခဲ့ကြောင်းလည်း ကိုသီဟဝင်းတင်က ဆက်ပြောပြပါတယ်။

“ရန်ကုန်က ပြည်သူ့အကျိုးဆောင်ကွန်ယက်က ကိုထက် ကွယ်လွန်သွားတာ၊ သူလှုပ်ရှားခဲ့တာကလည်း သူ့ကျွန်ပညာရေး အလိုမရှိ- ဆိုတဲ့ ကျောင်းသားနဲ့ ဆိုင်တဲ့ လှုပ်ရှားမှုတခုကိုလည်း သူလုပ်တယ်။ နောက် ကျောင်းသားနဲ့မဆိုင်တဲ့ ပြည်သူ့အရေးအတွက်တွေလည်းလုပ်နေတဲ့ ရဲဘော်တယောက်ပဲလေ။ အဲဒီတော့ ကျနော်တို့ အလံကို တိုင်ဝက်ထားပြီးတော့ ကိုထက်ကို အလေးပြုခဲ့ကြတယ်။ ကိုထက်ကိုအလေးပြုပြီး ကျနော်တို့ ကမ္ဘာမကြေဘူးသီချင်းဆိုခဲ့ကြတယ်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ပေါ့နော်။ ကိုထက်က အလုပ်သမားအရေး၊ လယ်သမားအရေးတွေလုပ်တယ်။ ပြီးတော့ လက်ပံတောင်းမှာ အချိန်ပြည့် အမြဲတန်း လယ်သမားတွေကို ကူညီနေတယ်။ အဲလိုမျိုးတွေလုပ်တယ်။ ပြီးတော့ သူ့အနေနဲ့ ပြည်သူ့အရေး အကုန်လုံးနီးပါးကိုလည်း လုပ်တယ်လို့ ပြောလို့ရတယ်ဗျ။”

ကိုထက်ဟာ လက်ပံတောင်းအရေး၊ မိုးထိမိုးမိအလုပ်သမားအရေး၊ ကျောင်းသားသပိတ်နဲ့ ရန်ကုန် အလုပ်သမားသပိတ်တွေကို ထောက်ခံကူညီပေးခဲ့သူ တဦးဖြစ်ပြီး လက်ပံတောင်းအရေးကြောင့်လည်း ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူငယ်တဦးဖြစ်ပါတယ်။ သူမသေဆုံးခင်ညတုန်းက သူ့ကို လူငါးဦးက ရိုက်နှက် နှောင့်ယှက် ခြိမ်းခြောက်မှုတွေရှိတယ်လို့ သူငယ်ချင်းတွေကို ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူသေဆုံးမှုဟာ ကားတိုက်မှုအပြင် တခြားအကြောင်းအရာတွေနဲ့ ပတ်သက်နေသလားဆိုတာလည်း စဉ်းစားရခက်ကြောင်း ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ သူ့မိတ်ဆွေ ကိုဝေမှူးသွင်က ပြောပါတယ်။

“သူ့အဝတ်အစားတွေ၊ ပုဆိုးတွေ စုတ်ပြဲ၊ ပေါက်ပြဲနေတဲ့ပုံစံကို ကြည့်ရတာ ကားတိုက်ပြီး တနေရာကိုလွင့်စင်ပြီးတော့ ခိုက်မိဒဏ်ရာဆိုတဲ့ လက္ခဏာတွေလည်းပါတယ်။ နောက်တခါကျတော့ ကားတိုက်တာနဲ့သိပ်မဆိုင်ဘဲနဲ့ - မဆိုင်ဘူးလို့ ထင်ရတဲ့ဟာမျိုး - ဂျိုစောင်းလိုနေရာမျိုးမှာ ညိုမည်းပြီးတော့ တခုခုနဲ့ထုနှက်ခံထားရတဲ့ဟာမျိုးတွေ့ရတယ်။ နောက်ပြီး နံရိုး နံကြားမှာ အမည်းအကွက်ကြီးတွေ့ရတယ်ဆိုတော့ ကားတိုက်တာ ဘယ်လိုဖြစ်အောင် တိုက်လဲဆိုတာ - ဝိုင်းဝိုင်းအကွက်ကြီးပေါ့။ အဲလိုမျိုးဟာတွေက နားမလည်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ပြောပြချက်အရ ဓာတ်မှန်ရဲ့တွေ့ရှိချက်အရကျတော့ ဦးနှောက်ထဲမှာ သွေးခဲသွားတာလို့ ပြောတယ်ပေါ့နော်၊ ကားတိုက်တဲ့ဟာ မတိုင်ခင်မှာ သူ့ကို လူငါးယောက်က ဝိုင်းရိုက်လို့ ထွက်ပြေးပါတယ်ဆိုတဲ့ဟာ - ‘ကျနော့်ကို ဝိုင်းရိုက်လို့ ထွက်ပြေးပါတယ်’ ဆိုတဲ့ဟာ ဖုန်းဆက်တာ၊ သူငယ်ချင်းတယောက်ကို ဖုန်းဆက်တဲ့အခါကျတော့ အဲဒီသတင်းကလည်း ရှိနေတယ်။”

ကိုထက်ဟာ လက်ပံတောင်းအရေးကြောင့် ဖမ်းဝရမ်းထုတ်ခံရသူတဦးဖြစ်တာကြောင့် သူ့အိမ်မှာနေထိုင်နိုင်ခြင်းမရှိဘဲ စောင့်ကြည့်ခံနေရတဲ့ လူငယ်တဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။

“လက်ပံတောင်းတောင်မှာ ဝရမ်းထုတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့အခါကျတော့ ဘယ်လိုပြောရမှန်းကို မသိဘူးပေါ့နော်။ သူ့ကို လိုက်ဖမ်းနေတဲ့ဟာလည်း ရှိတဲ့အခါကျတော့ နားမလည်ဘူး၊ သူကလည်း အဲဒီမှာ ရန်ကုန်မှာနေတယ်ဆိုပေမယ့် ဝရမ်းရှိတဲ့အခါကျ တချို့အိမ်တွေမှာ ပုန်းနေရတာတွေ ရှိတယ်။ သူ့ရပ်ကွက်ထဲမှာသူနေတာတောင် သိပ်မရှိဘူး။ သူရောက်လို့ရှိရင် သတင်းပေးဖို့အတွက် သတင်းပေးတွေက စောင့်ကြည့်နေတာမျိုးတွေလည်း သူခံရတယ်။”

လယ်သမားအရေး၊ အလုပ်သမားအရေးအပြင် အခု နောက်ဆုံးကျောင်းသားသပိတ်ကို ထောက်ခံတဲ့လှုပ်ရှားမှုတွေ ကျောင်းသားသပိတ်ကို အကြမ်းဖက်ခြင်းမလုပ်ဖို့ လှုံ့ဆော်နေရင်း မတ်လ (၇) ရက်နေ့၊ မနက် ၂ နာရီကျော်အချိန်မှာ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ရတာကိုပဲ သိရှိခဲ့ရကြောင်း သူ့မိတ်ဆွေတွေက အတည်ပြု ပြောကြားပါတယ်။ ကိုထက်ရဲ့နောက်ဆုံးအချိန်မှာ သူဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတောင် မပြောနိုင်ခဲ့ဘဲ သေဆုံး သွားခဲ့ရတာလို့ ဆိုပါတယ်။ ကိုထက်ဟာ အရပ်သားသတင်းထောက် (CJ) တယောက်ဖြစ်သလို လယ်သမားအရေး၊ အလုပ်သမားအရေးလှုပ်ရှားရင်း သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေကိုလည်း သတင်းဌာနတွေကို ပေးပို့နေခဲ့သူတဦးလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG