သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားခေါင်းဆောင်ဟောင်း Castro ရဲ့သား ကိုယ့်ကိုကိုယ်အဆုံးစီရင်


ကျုးဘားနိုင်ငံက ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင် Castro သား Fidel Castro Diaz-Balart
ကျုးဘားနိုင်ငံက ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင် Castro သား Fidel Castro Diaz-Balart

ကျုးဘားနိုင်ငံက ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင် Fidel Castro ရဲ့ သားအကြီးဆုံးဟာ စိတ်ကျဝေဒနာအတွက် လနဲ့ချီ ဆေးကုသ ခံယူခဲ့ရပြီးနောက် မနေ့တုန်းကပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းက ကြေညာလိုက်ပါတယ်။

အသက် ၆၈ နှစ်အရွယ် Fidel Castro Diaz-Balart ဟာ စိတ်ကျဝေဒနာ အပြင်းအထန် ခံစားနေခဲ့ရကြောင်းလည်း သတင်းက ဖော်ပြပါတယ်။ စိတ်ကျဝေဒနာ အတွက် ဆေးရုံတင်ကုသပေးခဲ့ရပြီး၊ နောက်ပိုင်းမှာတော့ ပြင်ပလူနာအဖြစ်နဲ့ ဆက်လက် ကုသမှုခံယူနေခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းဆင်တဲ့အတွက် ဖီဒယ် အသေးစားလို့ လူသိများတဲ့ Castro Diaz-Balart ဟာ တချိန်က ဆိုဗီယက်ယူနီယံမှာ နျူကလီးယား ရူပဗေဒ ပညာရပ်ကို သင်ယူခဲ့ပြီး၊ ကျုးဘား နိုင်ငံတော် အတိုင်ပင်ခံကောင်စီမှာ သိပ္ပံဆိုင်ရာ အကြံပေး အဖြစ်နဲ့လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကျုးဘားသိပ္ပံ အကယ်ဒမီရဲ့ ဒုဥက္ကဋ္ဌ အဖြစ်နဲ့လည်း တာဝန်ယူခဲ့ဘူးသလို၊ ကျူးဘားနိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းတွေမှာလည်း ၁၉၈၀ ပြည့်နှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ဦးဆောင်ခဲ့တာပါ။ သူဟာ ဖခင်ဖြစ်သူရဲ့ ပထမအိမ်ထောင်ဘက် Mirta Diaz-Balart က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Fidel Castro ကတော့ ကျုးဘားအာဏာရှင် Fulgencio Batista ကို ၁၉၅၉ ခုနှစ်က ဖြုတ်ချခဲ့တဲ့ တော်လှန်မှုတွေ မတိုင်မီ လူငယ်ဘဝမှာပဲ အထက်တန်းလွှာ အသိုင်းအဝန်းက မိခင်ဖြစ်သူနဲ့ ပထမအိမ်ထောင်ကျခဲ့တာပါ။

မိခင်ဘက်က သွေးသားတော်စပ်တဲ့ ဝမ်းကွဲညီအကိုတွေထဲမှာတော့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က အဝေးရောက် ကျုးဘားနိုင်ငံသားတွေကို ကိုယ်စားပြုထားတဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Mario Diaz-Balart အောက်လွှတ်တော် အမတ်ဟောင်း Lincoln Diaz-Balart တို့လည်း ပါဝင်ကြပါတယ်။ ညီအငယ်ဖြစ်သူကတော့ ဖခင် Fidel Castro ရဲ့ ကွန်မြူနစ် အယူအဆတွေကို အစဉ်တစိုက် ကိုင်စွဲခဲ့သူဖြစ်ပြီး၊ အသက် ၉၀ အရွယ် ဖခင်ဖြစ်သူ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကွယ်လွန်ပြီး တနှစ်ကျော်အကြာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG