သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားဆိုင်ရာ အမေရိကန်မူဝါဒပြောင်းလဲ


အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးစစ်ကာလကစတင်ပြီး ရာစုနှစ် တဝက်ကျော်ကြာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက် ထားခဲ့တာကို အဆုံးသတ်ပြီး ပုံမှန်ဆက်ဆံရေးဆီကို သွားနေကြပြီ ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောဆိုလိုက်ကြပါတယ်။

အမေရိကန်သမ္မတ Barak Obama နဲ့ ကျူးဘားနိုင်ငံသမ္မတ Raul Castro တို့ဟာ နှစ်နိုင်ငံ မြို့တော်တွေဖြစ်ကြတဲ့ ဝါရှင်တန်နဲ့ ဟာဗားနားတို့ကနေ တပြိုင်နက်ထဲ ပြောဆိုခဲ့ကြတဲ့ မိန့်ခွန်းမှာ သူတို့ဟာ နှစ်အတန်ကြာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့တဲ့ အကျဉ်းသားတွေကို လဲလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ခရီးသွားလာမှုတွေ တိုးမြှင့်ပြုလုပ်ကြဖို့ လမ်းဖွင့်ပေးလိုက်ပြီလို့ ပြောဆို ခဲ့ပါတယ်။

ကျူးဘားနိုင်ငံအတွင်းကို ပိတ်ပင်ထားတဲ့ နည်းပညာတင်သွင်းမှုနဲ့ ၅ နှစ်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ ကန်ထရိုက်တာ Alan Gross ကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ Gross နဲ့အတူ အလွန်အရေးပါတဲ့ အမေရိကန် ထောက်လှမ်းရေး အေးဂျင့်တွေထဲက တယောက်တို့ကို ကျူးဘားက ပြန်လွှတ်ပေးခဲ့ပြီး အလဲအလှယ်အနေနဲ့ အမေရိကန် အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်တခုကျော်ကြာ အကျဉ်းချထားခံခဲ့ရတဲ့ ကျူးဘား ထောက်လှမ်းရေး ၃ ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အမေရိကန်ရဲ့ တောင်ဘက်ကမ်းခြေကနေ မိုင် ၉၀ ခန့် အကွာအဝေးမှာတည်ရှိတဲ့ ကွန်မြူနစ်ကျွန်းနိုင်ငံအပေါ် နှစ်ပေါင်း ၅၀ ကြာ သံတမန်ဖြတ်တောက်ထားခဲ့တာဟာ အလုပ်မဖြစ်ကြောင်းနဲ့ အခုအချိန်မှာ ချဉ်းကပ်မှုအသစ် လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ မစ္စတာ အိုဘားမားက ပြောဆိုပါတယ်။ မစ္စတာ Castro ကလည်း မစ္စတာအိုဘားမားဟာ ကျနော်တို့ ပြည်သူတွေရဲ့ လေးစားမှုနဲ့ အသိအမှတ်ပြုမှု ခံထိုက်သူဖြစ်တယ်လို့ ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ အင်္ဂါနေ့က ၄၅ မိနစ်ကျော်ကြာ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြပါတယ်။ ဒါဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတိုကြား ပထမဦးဆုံးအကြိမ် သမ္မတအဆင့် ဆက်သွယ် စကားပြောဆိုတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG