သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို စက်တင်ဘာလ ၁၁ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ UNDP ခေါ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူးနဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Haoliang Xuဟာ ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စနဲ့ လာရောက်ဆွေးနွေးဖို့ အတွက် ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ် ။

ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေဖြစ်အပြီး တည်ငြိမ်မူ မရှိတဲ့ မြို့နယ်တိုင်းနီးပါး မှာ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ရုံးတွေ တိုက်ခိုက် ခံရမူဖြစ်ပြီး ဒေသခံတွေနဲ့ တင်းမာမူတွေဖြစ်ခဲ့ရတဲ့ စစ်တွေမြို့မှာတော့ စက်တင်ဘာလ ၁၁ရက်နေ့မှာ ညမထွက်ရ အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

တည်ငြိမ်မူတွေ ရှိနေပြိဖြစ်လို့ ပြန်ရုပ်သိမ်းတာ ဖြစ်တယ်လို့ စစ်တွေမြို့က ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကဆိုပါတယ်။

"ဒီနေ့ပဲ ညမထွက်ရ အမိန့် ၁၄၄ ကို ရုပ်သိမ်းလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ကြေညာချက် ထုတ်ခဲ့တာပါ။"

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရုံး လက်ထောက် အုပ်ချုပ်ရေးမှူး ရခိုင်ပြည်နယ်ကို လာရောက်တဲ့ ခရီးစဉ်မှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ စစ်တွေမြိုက ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီစဉ်ကနေ ထောက်ပံ့ထားတဲ့နေရာတွေကို သွားရောက် လေ့လာခဲ့ပြီး စစ်တွေမြို့မိ မြိုဖတွေကိုလည်း တွေ့ဆုံခဲ့ ပါတယ်။ တွေ့ဆုံမူတွေ အတွင်းမှာ မြို့မိမြို့ဖတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ တာတွေကိုလည်း စစ်တွေမြို့က ဦးသန်းထွန်းက အခုလိုပြောပြပါတယ်။

"ရခိုင်တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း အချက်အလက်တွေ၊ ဖြစ်ရပ် သမိုင်းကြောင်း အချက်အလက်တွေကို သူတော်တော်များများ လေ့လာဖတ်ရှု့ပြီးမှ သူလာရောက်တာဖြစ်ကြောင်း ပြောပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့ အနေအထားကိုလည်း သူ နားလည် ပါတယ်ပြောပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ ရခိုင်တိုင်းရင်းသားတွေကို Negative View နဲ့ ကြည့်နေကြတာတွေဟာ ဟုတ်တယ်။ မဟုတ်ဘူး ဆိုတဲ့အကြောင်းကိုလည်း လာရောက်လေ့လာချင်တဲ့သဘော ရှိတယ်လို့ပြောပါတယ်ခင်ဗျ။

နောက်ပြီး အခုသူလာတဲ့အချိန်မှာ Humanitarian Aid လို့ခေါ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကိုတော့ အစိုးရအဖွဲ့နဲ့ညှိနှိုင်းပြီးတော့ နှစ်ဖက် မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ သူပြောပါတယ်။ Development လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကိုတော့ ရခိုင်ကျေးလက်ဒေသတွေ ဘက်မှာ ရခိုင်တိုင်းရင်းသားတွေ ဘက်ကို ဦးစားပေးပြီးတော့ အများကြီး ဆောင်ရွက်ပေးမယ်လို့ အဲ့လို ပြောပါတယ်ခင်ဗျ။"

လူသားချင်းစာနာမူ အကူညီတွေကိုတော့ ပဋိပက္ခဖြစ်ခဲ့တဲ့ လူမှု အသိုင်းအ၀ိုင်း နှစ်ခုကိုနှစ်ဖက် မျှတစွာ ပေးမယ်ဆိုရင်တော့ ရခိုင် လူထုဘက်က ကန့်ကွက်စရာ မရှိဘူးလို့လည်း ဦးသန်းထွန်းကပြောခဲ့ပါတယ်။

"UN တွေ NGO တွေအနေနဲ့လည်း ရခိုင်အပေါ်မှာ အခုလို သတင်းအမှားတွေကြောင့် မကောင်းမြင်နေရတဲ့ ကိစ္စတွေကို ကမ္ဘာ့အသိုင်းအဝိုင်းကို ဖြန့်ချီပေးဖို့ကောင်းပါတယ်လို့ ကျနော်တို့တင်ပြပါတယ်ခင်ဗျ။ ကျနော်တို့ ရခိုင်တွေဘက်ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို ညီတူမျှတူပေးမယ်ဆိုတဲ့ ကိစ္စကို ဘာမှ ကန့်ကွက်စရာမရှိပါဘူးဆိုတဲ့အကြောင်းပြောပါတယ်။"

အလားတူပဲ ရခိုင်ပါတီတွေဘက်ကလည်း ဒီလိုသဘောမျိုး ရှိနေတာပါ။ စစ်တွေမြို့က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကလည်း အခုလိုပြောပါတယ်။

" အဓိက ကတော့ မျှမျှတတ လုပ်ရင်တော့ လက်ခံကြမယ့် သဘောမျိုးပါ။ အဲ့လိုမျိုး ဘက်လိုက်တဲ့ ပိုင်းတွေ မျှတမှု မရှိဘူး ဆိုတဲ့ သဘောတွေ ဖြစ်ပေါ်နေရင်တော့ လက်ခံကြမှာ မဟုတ်ပါဘူး။"

ရခိုင်ပြည်နယ်အစိုးရဘက်ကတော့ ရခိုင်ပြည်နယ်တွင်းမှာ နယ်စီးမခြား ဆရာဝန်များအဖွဲ့ MSF ထွက်သွားပြီးကတည်းက အစိုးရနဲ့ ကျန်းမာရေး ၀န်ကြီးဌာနတို့ ရဲ့ ကြီးကြပ်မူတွေနဲ့ ရခိုင်လူထုနဲ့ ဒုက္ခသည်တွေကို လုံလောက်တဲ့ အကူညီပေးနိုင်ခဲ့တယ်လို့ ပြည်နယ် အစိုးရအဖွဲ့က ဥပဒေချုပ်ဦးလှသိန်းကတော့ ဆိုပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ပေါ့လေ။ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ပြည်နယ်ကျန်းမာရေး ဦးစီးမှူးကလည်း သူတင်ပြချက်အရ ဆိုရင်တော့ ပြည့်စုံနေတဲ့သဘောပါပဲ။ ကျနော်တို့ ဒုက္ခသည်စခန်းလို့ သတ်မှတ်ထားတဲ့ IDP ကမ့်တွေ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်သွားတယ်။ စစ်တွေနားက စခန်းတွေကတော့ တစ်ပတ်ကို ငါးကြိမ်လောက် သွားတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း ဆောက်ထားပေးတယ်။ လက်ရှိအနေအထားနဲ့ ရခိုင်ပြည်နယ်တခုလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတိုင်းအတာတရပ်အနေနဲ့ ဆိုရင်တော့ လုံလောက်နေတယ်လို့ ကျနော်တို့ကမြင်ပါတယ်။"

ဒါပေမဲ့လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲတွေ ထွက်ခွါသွားပြီးချိန် မှာတော့ ရခိုင်ပြည်နယ်တွင်းမှာ ကျန်းမာရေးလုပ်ငန်းတွေအတွက် စိုးရိမ်စရာ ရှိနေတယ်ဆိုပြီး ကမ္ဘာ့အသိုင်းက ရူမြင်ခဲ့တာပါ။ စစ်တွေမြို့မှာ မတ်လက ပဋိပက္ခတွေဖြစ်ပြီးနာက် ဇူလိုင်လအတွင်းမှာတော့ MSF အပါအ၀င် နိုငံတကာ လူသားချင်းစာနာတဲ့ အကူညီတွေပြန်ပေးဖို့အတွက်ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဖိတ်ခေါ်ခဲ့ပါတယ်။

ကုလသမဂ္ဂ လက်ထောက်အရာရှိရဲ့ ခရီးစဉ်ကလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ဆက်ပေးနိုင်ရေးအတွက် သွားရောက်လေ့လာတဲ့ခရီးစဉ်ဖြစ်ပြီး ရခိုင်ပြည်နယ်တခုလုံးရဲ့ အကျိုးစီးပွားအတွက် အကူညီတွေပေးနိုင်ရေး ကုလသမဂ္ဂက စီစဉ်ဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။

XS
SM
MD
LG