သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်းအနောက်ခြမ်း မြို့တချို့ ပုဒ်မ ၁၄၄ ထုတ်


ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းအတွင်းက မြို့တွေမှာ နောက်ထပ် ဆူပူမှုတချို့ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဗလီကျောင်း အပါအဝင် အစ္စလာမ် ဘာသာဝင်တွေရဲ့ အဆောက်အဦးတွေကို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နောက်မှာတော့ လုံခြုံရေးအတွက် အာဏာပိုင်တွေနဲ့ ဒေသခံတွေ သတိထား စောင့်ကြပ်နေရတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ဖြစ်ရပ်နဲ့ နောက်ဆက်တွဲ ဆူပူအောင် လှုံ့ဆော်တာတွေ ရှိနေတဲ့အထဲမှာ အခုနောက်ဆုံး ပဲခူးတိုင်း အနောက်ခြမ်းမှာလည်း မတည်မငြိမ် အခြေအနေတွေကြောင့် မင်းလှ၊ အုတ်ဖို နဲ့ ကြို့ပင်ကောက် စတဲ့မြို့တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဖြစ်အပြီး နောက်တရက်မှာပဲ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာလို့ စစ်ကွင်း ဒေသခံတဦးဖြစ်တဲ့ ကိုကျော်သက် ကပြောပါတယ်။

“မူဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ပဋိပက္ခကို အကြီးအကျယ် ပိုပြီးတော့ ဆိုးမလာအောင်လို့ တားတဲ့အနေနဲ့ ၁၄၄ ထုတ်တာ ဖြစ်ပါတယ်ခင်ဗျ။ အခုလက်ရှိ မြို့လူထုကတော့ ဘယ်လိုခေါ်မလဲဆိုတော့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ ကြောက်ကြတာပေါ့လေ။ ညပိုင်းကျတော့လည်း ညပိုင်း ၆ နာရီကနေစပြီး ဆိုင်တွေ ပိတ်ကြရတယ်ဆိုတော့ စားသောက်ဆိုင်တွေရယ် ကျန်တဲ့ဈေးသည်တွေက နည်းနည်း ကြောက်ကြတာပေါ့။ မြို့လူထုကလည်း ကြောက်ကြတာပေါ့။ ဘာဖြစ်မလဲဆိုတာ ဒါကိုတော့ စိုးရိမ်စရာရှိတာပေါ့လေ။”

၂၄ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အုတ်ဖိုမြို့ အိုးသည်ကုန်းကျေးရွာမှာ ဆူပူသူတစုက ဘာသာရေး အဆောက်အအုံနဲ့ ဈေးဆိုင်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေး တာဝန်ရှိတွေများက သွားရောက် ထိန်းသိမ်းခဲ့ပြီး ဦးဆောင်ပါဝင်သူတွေအဖြစ် သံသယရှိသူ ၅ ယောက်ကို ဖမ်းဆီးထားကြောင်းလည်း သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က Facebook အင်တာနက် လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။

စစ်ကွင်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှဝင်း ကတော့ တိုက်ခိုက်သူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အတိအကျ မသိရပေမဲ့ မြို့ခံတွေ ဖြစ်ပုံမရဘူးလို့ ပြောပါတယ်။

“ဗလီကတော့ နည်းနည်းပါးပါး ပျက်စီးသွားတာပေါ့။ လဘက်ရည်ဆိုင်ရယ် အဲ့ဒီ ၂ ခုပေါ့။ နောက်ပိုင်း အခြေအနေကတော့ လူငယ်ကွန်ရက်တွေ ဘာတွေနဲ့ မြို့က မြို့မိမြို့ဖတွေရော ဆယ်အိမ်မှူးတွေရော၊ တိုင်းလူငယ် အဖွဲ့အစည်းတွေရော၊ လုံခြုံရေး အဖွဲ့တွေရော အားလုံး ဒီနေ့ ချထားပါတယ်။”

အစ္စလာမ်ဘာသာဝင်တွေရဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထား ဖျက်စီးမှုတွေ ကြုံရတဲ့အချိန်မှာ လုံခြုံရေး အားနည်းနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ နောက်ဆက်တွဲဆိုသလို မီးတွေ၊ ဆက်သွယ်ရေးတွေပါ ပြတ်တောက်ခဲ့တဲ့အကြောင်း စစ်ကွင်း ဒေသခံတဦးဖြစ်တဲ့ ကိုကျော်သက် က ပြောပါတယ်။

“သူတို့ အဲဒီလိုမျိုး အချိတ်အဆက် လုပ်ပြီးတော့ လုပ်သွားနေတဲ့အချိန်မှာ တနာရီအတွင်းကို အပြီးလုပ်သွားတယ်ခင်ဗျ။ ကျနော် နာရီကြည့်နေတာ တနာရီအတွင်းကို အပြီးလုပ်သွားတယ်။ နောက်တခု ကျနော်လေ့လာမိတာ၊ သတိထားမိတာက သူတို့ လုပ်ကာနီးအချိန်မှာ မီးလည်း မလာဘူးခင်ဗျ။ မီးကတော့ ညဦးကတည်းက မလာဘူး၊ ဖုန်းလိုင်းကတော့ အဲ့ဒီအတောအတွင်းမှာ ပျက်သွားတာခင်ဗျ။ ကျနော်တို့ ဘယ်မှ ချိတ်ဆက်လို့ မရဘူး။”

မိတ္ထီလာမြို့မှာသာမက အနီးအနားမြို့တွေမှာပါ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာက အခုလို တခြားဒေသတွေကိုပါ ပျံ့နှံ့လာတဲ့အတွက် သတိထား ကာကွယ်သွားကြဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေကြတာပါ။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင် ကတော့ တိုင်းပြည် တည်ငြိမ်မှုကို ပျက်ပြားအောင် လှုံ့ဆော်သူတွေ ရှိနေပေမဲ့ နားမယောင်ဖို့ လိုတယ်လို့ သတိပေးပါတယ်။

“ကျနော်တို့အားလုံး သံသယနဲ့ လက်ဦးမှုကို မယူလိုက်ဖို့ပဲခင်ဗျ။ ကိုယ့်စိတ်ထဲမှာ သံသယရှိနေလို့ လက်ဦးအောင်ဆိုပြီး လုပ်လိုက်တာမျိုးက သမိုင်းတလျှောက်လုံးမှာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရပြီးပြီ။ ကျနော်ကိုယ်တိုင်လည်း အများကြီး တွေ့ခဲ့ဘူးတယ်ဗျ။ အဲ့ဒီတော့ သံသယတွေနဲ့ ကျနော်တို့ တယောက်နဲ့ တယောက် ပူလောင်မနေကြဘဲနဲ့ အတူတကွ ယုံကြည်ပြီးတော့၊ ကျောချင်းကပ်ပြီးတော့ အရာရာကို ရင်ဆိုင်ရင် ရပါတယ်။ ဘယ်ဘာသာ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကျနော်တို့ အခု ဖြစ်နေတာ ဘာသာရေး တမျိုးတည်း မဟုတ်ဘူးဆိုတာ ကျနော်တို့ သိရမယ်။ အဲ့ဒီ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲ မောင်းထည့်နေတာကို ကျနော်တို့ ဝင်လို့မရပဲနဲ့ ကျနော်တို့ ရာဇဝတ်မှုဟာ ရာဇဝတ်မှုလို သီးခြားဖြေရှင်း၊ ပြီးတော့ အပြစ်မရှိတဲ့ လူတွေကို စုပေါင်းကာကွယ်ကြရလိမ့်မယ်။”

မြန်မာအစိုးရကတော့ သွေးထိုးလှုံ့ဆော်သူတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို အကြောင်းကြားကြဖို့လည်း နှိုးဆော်ထားတာပါ။ လူအသေအပျောက်တွေ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေး အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကြောင့် အခြေအနေတွေဟာ ဆိုးဆိုးရွားရွား အဆင့်ကို ကျော်လွန်နိုင်ပြီလို့လည်း ပြောဆို ထားကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG