သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိတိုက်ဖျက်ရေးလှုပ်ရှားမှု


အဂတိတိုက်ဖျက်ရေးလှုပ်ရှားမှု
please wait

No media source currently available

0:00 0:05:17 0:00
တိုက်ရိုက် လင့်ခ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ပြည်သူလူထုပါဝင်လာဖို့အတွက် ရုပ်ရှင်၊ မှတ်တမ်း၊ ဇာတ်လမ်းတွေ ရိုက်ကူးပြီး အခြေခံပညာကျောင်းတွေမှာ ပြသမယ်လို့ သိရပါတယ်။ သမ္မတသစ်ဦးဝင်းမြင့်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်း စာတမ်းဖတ်တာလည်း ခေတ်စားပါတယ်။ ၂၀၁၁ က နေပြည်တော်အလုပ်ရုံဆွေးနွေးပွဲမှာ အဂတိလိုက်စားမှုအကြောင်းနဲ့ ကုထုံးများ ဆိုတဲ့ စာတမ်းကို စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က တင်သွင်းပါတယ်။ (၂) နှစ်ကြာတော့ ၂၀၁၃ သြဂုတ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို လွှတ်တော်က ပြဌာန်းပြီး (၁၅) ဦး ကော်မရှင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ တာဝန်ယူပေးပါတယ်။

ဒါပေမဲ့ တိုင်စာ (၄၀၀၀) ကျော်မှာ ကော်မရှင်က (၆၀) သာ စုံစမ်းစစ်ဆေးနိုင်ပါတယ်။ NLD အစိုးရတက်လာပြီး (၂) နှစ်အကြာ ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်ခေါင်းဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ် ဖွဲ့စည်းပါတယ်။ (၂) လကြာတော့ ဇန်နဝါရီမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပပြီး စာတမ်း (၂၇) စောင် ဖတ်ပြန်ပါတယ်။ ကော်မရှင်သစ် ဖွဲ့စည်းပြီး (၂) လအတွင်းမှာ တိုင်စာ (၁) ထောင်နီးပါး ရရှိပြီး (၂) စောင်ကို အရေးယူနိုင်ကြောင်း သိရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် သင်္ကြန်အမြောက်လို အသံသာမြည်တဲ့ လုပ်ရပ်ဖြစ်နေပါတယ်။ အဂတိလိုက်စားမှု ကျူးလွန်သူဟာ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ဟောင်းတွေက အများစုဖြစ်ပေမယ့် သူတို့ကို တိုင်ကြားသူမရှိရင် အရေးမယူနိုင်ပါဘူး။ စစ်ဗိုလ်ခေါင်းဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ အများဆုံး အတိုင်ခံရပေမယ့် ကော်မရှင်က အရေးယူနိုင်စွမ်း မရှိတဲ့အတွက် အမှုတွေကို ပြည်သူရေးဌာနလက်ထဲ ပြန်လွှဲပေးရတယ်လို့ ဆိုပါတယ်။ လာဘ်စားမှုကို သက်သေအထောက်အထားနဲ့ တိုင်ကြားပေမယ့် မအောင်မြင်တဲ့အတွက် အတိုင်ခံအရာရှိက ပြဿနာလုပ်လာတာမျိုးလည်း ရှိကြောင်း သိရပါတယ်။ အစိုးရဟောင်းတွေ လက်ထက်ကဖြစ်ပွားတဲ့ အဂတိလိုက်စားမှုတွေကို အရေးယူတာဟာ အစိုးရသစ်ရဲ့ ရင်ကြားစေ့မှုကို ထိခိုက်နိုင်တယ်လို့ မြင်ကြပါတယ်။

တိုင်းပြည်မှာ ခေါင်ကမိုးမလုံတဲ့အခါ တပြည်လုံး စည်းပျက်ကမ်းပျက် အကျင့်ပျက်နေပုံကို မြန်မာစကားပုံမှာ တွေ့နိုင်ပါတယ်။ ဒေါက်တာဦးမြင့်ကလည်း ခေါင်းဆောင်မှု အရေးကြီးပုံကို (၂၀၁၁) စာတမ်းမှာ ဖော်ပြပါတယ်။ ထိပ်ဆုံးက ခေါင်းဆောင်ပိုင်းမှာ ရိုးသားဖြောင့်မတ်မှု၊ စွမ်းရည်ရှိမှု၊ ဝီရိယရှိမှု စတာတွေမှာ စံပြဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ လိုအပ်တဲ့အတွက် ခေါင်းဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးစိတ်ဓါတ်ပြင်းထန်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အများယုံကြည်လက်ခံလာအောင် အစိုးရကိုယ်တိုင် အလေးအနက်လုပ်ပြဖို့ လိုပါတယ်။ လူသိများတဲ့ အကျင့်ပျက်အချို့ကို စစ်ဆေးအပြစ်ပေးပြီး ငါးကြီးကြီးအချို့ကို ကြော်ပြဖို့ လိုအပ်ကြောင်း ဒေါက်တာဦးမြင့်ရဲ့ (၂၀၁၁) စာတမ်းမှာ ဖော်ပြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖိန် ဦးဆောင်ပြီး စခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ အတော်လေး ခရီးရောက်နေပုံရပါတယ်။ ဝန်ကြီးနဲ့ပြည်နယ်အဆင့်မှာ (၅၈) ဦး၊ ဌာနမှူးအဆင့်မှာ (၃၃၀၀)၊ ခရိုင်အဆင့်မှာ (၂) သောင်းကျော် မြို့နယ်အဆင့်မှာ ရှစ်သောင်းနဲ့ ပါတီကေဒါ တသိန်းအပါအဝင် အမှုထမ်း (၅) သိန်းကျော်ကို ဖမ်းဆီးစစ်ဆေး အပြစ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အရေးယူခံရသူတွေထဲမှာ အမျိုးသားခေါင်းဆောင် (၅) ဦး ပါဝင်တာကိုကြည့်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ရှီကျင့်ဖိန်ရဲ့ နိုင်ငံရေးတိုက်ပွဲ ဖြစ်နေတယ်လို့လည်း မြင်ကြပါတယ်။ အဂတိလိုက်စားမှုကို ဦးဆောင်တဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဝမ်ကျီရှန်း မနှစ်က နုတ်ထွက်သွားပါတယ်။ နိုင်ငံရေးအဂတိကင်းစင်ပြီး သစ္စာရှိဖို့ကိုသာ တရုတ်သမ္မတက အဓိကထားတယ်လို့ ဝမ်ကျိရှန်းက ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီမှာ ပါတီဝင်သန်း (၉၀) နီးပါးရှိတာမို့ သြဇာလွှမ်းမိုးနိုင်ဖို့ ခက်ခဲပါတယ်။ ဗဟိုအစိုးရက ဥပဒေပြုပြီး ပေါ်လစီချမှတ်တိုင်း ရာထူးအဆင့်ဆင့်မှာ လိုက်နာလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဒါကြောင့် အစိုးရယန္တရားတခုလုံး စည်းကမ်းရှိလာအောင် ရည်ရွယ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လူကြိုက်များနေပါတယ်။ မြန်မာပြည်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရ အလေးအနက်ဆောင်ရွက်နေကြောင်း ပြည်သူလူထုက ယုံကြည်လာဖို့ အရေးကြီးတယ်လို့ ဇန်နဝါရီက ကျင်းပတဲ့ ရန်ကုန် Park Royal ဆွေးနွေးပွဲမှာ ပြောဆိုသွားကြပါတယ်။

မြန်မာပြည်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကော်မရှင်က တာဝန်ယူ လုပ်ကိုင်ရပါတယ်။ ကော်မရှင်ကလည်း ပြဌာန်းထားတဲ့ ဥပဒေအတိုင်း လုပ်ရတာမို့ ထိရောက်မှု မရှိမှန်းသိပါတယ်။ အရာရှိကြီးတွေ အရမ်းချမ်းသာနေကြတာကို ကော်မရှင်ကသိပေမယ့် တိုင်သူမရှိရင် အရေးမယူနိုင်ပါဘူး။ ဒါကြောင့် အင်မတန် ချမ်းသာနေကြတဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးဟောင်းတွေကို အရေးယူတာမျိုး မရှိကြောင်း သိရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ပါတီသန့်စင်ရေးလုပ်သလို၊ မြန်မာ့တပ်မတော်ကလည်း သန့်ရှင်းရေး လုပ်နိုင်မယ်ဆိုရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ယုံကြည်လာဖွယ်ရှိပါတယ်။

XS
SM
MD
LG