သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ဗုဒ္ဓဘာသာ


Myanmar Lunar New Year
Myanmar Lunar New Year
တရုတ်-မြန်မာ ဗုဒ္ဓဘာသာ
please wait

No media source currently available

0:00 0:05:07 0:00
တိုက်ရိုက် လင့်ခ်

မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ဖိတ်ကြားတဲ့အတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် သံဃာတော် (၁၅) ပါး လွန်ခဲ့တဲ့ဇွန်လက တရုတ်ပြည်ကို လေ့လာရေးခရီး ထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်အကြောင်း အသေးစိတ်မှတ်တမ်းကို 'ကွန်ရက်ပေါက်ဖော်' အွန်လိုင်းစာစောင်မှာ ဖော်ပြထားပါတယ်။ တရုတ်အစိုးရရဲ့ အလွှာပေါင်းစုံစည်းရုံးရေးဟာ သံဃာလောကအထိ ပြန့်နံှ့လာပုံ ရပါတယ်။ လွန်ခဲ့တဲ့လကလည်း တရုတ်သံအမတ်နဲ့ တရုတ်အသင်းအဖွဲ့ စုပေါင်းပြီး သံဃာမဟာနာယကအဖွဲ့ဝင် သံဃာတွေကို ကထိန်းသင်္ကန်းနဲ့ အလှုငွေကျပ်သိန်း (၁၀၀) ကျော် လှူဒါန်းပါတယ်။

ဗုဒ္ဓဓါတ်တော် မွေတော် ထိန်းသိမ်းတဲ့နေရာမှာ တရုတ်ပြည်ဟာ ထင်ရှားပါတယ်။ မြန်မာပြည်မှာ ဝန်ကြီးချုပ်ဦးနုလက်ထက် (၁၉၅၅) က တကြိမ်၊ စစ်အစိုးရလက်ထက်မှာ သုံးကြိမ် (၁၉၉၄၊ ၁၉၉၆၊ ၂၀၁၁) တို့မှာ တရုတ်ပြည်က ဗုဒ္ဓစွယ်တော်ကိုပင့်ပြီး ရက်ရှည်လများ ပူဇော်ပသဖူးပါတယ်။ သံဃာ့မဟာနာယကအဖွဲ့ဟာ ဘေဂျင်မြို့တော် လင်းကွမ်းကျောင်းတိုက်က ဗုဒ္ဓစွယ်တော်ကို အရင်ဆုံးဖူးမြော်ပါတယ်။ ဗုဒ္ဓရဲ့ လက်ညှိုးတော်ဓါတ်တော်နဲ့ နဖူးသင်းကျစ်တော် စတာတွေကိုလည်း တရုတ်ဘုန်းကြီးကျောင်းက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ တရုတ်ဗုဒ္ဓဘာသာအသင်းက ဆိုပါတယ်။

တရုတ်အစိုးရစာရင်းအရ ဗုဒ္ဓဘာသာဘုန်းကြီး နှစ်သိန်းခွဲလောက်ရှိကြောင်း သိရပါတယ်။ ဒီအထဲမှာ တဝက်လောက်က မဟာယာန တိဘက်ဘုန်းကြီးတွေဖြစ်ပြီး မဟာယာန တရုတ်ဘုန်းကြီးဦးရေကလည်း တသိန်းလောက်ပဲ ရှိပါတယ်။ ထေရဝါဒဘုန်းကြီး နှစ်သောင်းကျော်ရှိပြီး ယူနန်နဲ့ ဂွမ့်ရှီ ပြည်နယ်တွေမှာ နေထိုင်ကြပါတယ်။ တရုတ်ဘုန်းကြီးတသိန်းအတွက် ကျောင်းတိုက်သုံးသောင်းလောက် ရှိပါတယ်။ လက်ရှိ သမ္မတရှီကျင့်ဖိန် လက်ထက်မှာ ဘုန်းကြီးကျောင်းတွေ အစိုးရထောက်ပံ့မှု ရကြပါတယ်။ တရုတ် ဗုဒ္ဓဘာသာဝင် သန်း (၂၀၀) လောက်ရှိပြီး လူဦးရေသန်း (၁၄၀၀) ရှိတဲ့အတွက် လူဦးရေရဲ့ (၁၄) ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပါတယ်။ မြန်မာပြည်မှာတော့ လူဦးရေ (၅၁) သန်းမှာ (၉၀) ရာခိုင်နှုန်း (သို့မဟုတ်) (၄၆) သန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ကမ္ဘာ့ ဗုဒ္ဓဘာသာဝင် တဝက်လောက်ဟာ တရုတ်ပြည်မှာ နေထိုင်ကြလို့ ဗုဒ္ဓဘာသာဝင် အများဆုံးရှိတဲ့နိုင်ငံလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အများစုဟာ မဟာယာနဂိုဏ်းဝင်တွေ ဖြစ်ပါတယ်။ တရုတ် ဗုဒ္ဓဘာသာဝင် သန်း (၂၀၀) မှာ သံဃာဦးရေဟာ တသိန်းသာရှိလို့ လူတထောင်မှာ သံဃာတပါးတောင် မရှိပါဘူး။ မြန်မာပြည်မှာတော့ ဗုဒ္ဓဘာသာ (၄၆) သန်းမှာ သံဃာ (၅) သိန်း၊ (၆) သောင်း ရှိတာမို့ လူတထောင်မှာ သံဃာ (၁၂) ပါး ရှိနေပါတယ်။ ဒီအထဲမှာ တိပိဋကကို ကျွမ်းကျင်စွာ လေ့လာထားတဲ့ သ့ဃာတော် (၁၄) ပါးရှိတယ်လို့ သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က အမိန့်ရှိပါတယ်။ မန္တလေးအခြေစိုက် ယူနန် ဗုဒ္ဓဘာသာကျောင်းတိုက်ဟာ ၂၀၁၂ ကစပြီး ဝါတွင်းကာလမှာ ဥပုသ်နေ့တိုင်း သံဃာအပါး နှစ်ရာကျော် (၂၅၆) ပါးကို ဆွမ်းလောင်းနေကြောင်း သိရပါတယ်။

တရုတ်ဘုန်းကြီးကျောင်းရဲ့ ဂေါပကအဖွဲပမှာ ကွန်မြူနစ်ပါတီဝင်တွေ ကြီးစိုးတာမို့ ဘုန်းကြီးက အရေးမကြီးသလို ဖြစ်နေပါတယ်။ ဥပမာ နာမည်ကျော်ရှောင်လင်ကျောင်းကို ရုပ်ရှင်ရိုက်ဖို့ သွားတဲ့အခါ ဘုန်းကြီးတပါးမှာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ကျောင်းစောင့်လုပ်တဲ့ သိုင်းသမားတွေကိုသာ တွေ့ရပါတယ်။ ဈေးကွက်စီးပွားရေး ကျင့်သုံးကတည်းက ဘုန်းကြီးကျောင်းတွေလည်း စီးပွားရေးဆန်လာကြပုံ ရပါတယ်။ ဘုန်းကြီးကျောင်းထဲဝင်ချင်ရင် ဝင်ကြေးပေးရပါတယ်။ ရှောင်လင်ကျောင်းဆိုရင် ၂၀၁၅ တနှစ်ထဲမှာတင် ဝင်ကြေးဒေါ်လာ (၇) သန်းကျော် ရရှိပါတယ်။ ကွန်မြူနစ်ပါတီဝင်တွေ ကြီးစိုးနေတဲ့ ရှောင်လင်ကျောင်းဟာ နိုင်ငံတော်အလံကို လွှင့်ထူထားတဲ့ ပထမဦးဆုံးသော ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ ကျောင်းရဲ့ဝင်ငွေ သုံးပုံ-နှစ်ပုံကို ဒေသန္တရအစိုးရက သိမ်းယူကြောင်း သိရပါတယ်။

ဗုဒ္ဓရှင်တော်ရဲ့ ဓါတ်တော်မွေတော် ရှိတယ်လို့ နာမည်ရတဲ့ ဘုန်းကြီးကျောင်းဟာ လူစည်းကားတာမို့ ဝင်ငွေလည်း ကောင်းပုံရပါတယ်။ ဘုန်းကြီးကျောင်းတွေဟာ ရှေ့ဟောင်းပစ္စည်းထိန်းသိမ်းတဲ့ ပြတိုက်အဖြစ်လည်း စီးပွားရှာကြပါတယ်။ ဘေဂျင်းမြို့တော် တခုတည်းမှာပင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း (၇၀၀၀) လောက် ရှိခဲ့ဖူးပါတယ်။ မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ (၅၀၀၀) လောက် ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။ အဲဒီခေတ်မှာ တပြည်လုံးမှာ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း (၅) သိန်းလောက် ဖျက်ဆီးခံလိုက်ရပြီး သံဃာတွေလည်း နှိပ်စက်ညှဉ်းပမ်းခံကြရပါတယ်။

အခုတော့ ဗုဒ္ဓဘာသာဟာ တရုတ်ပြည်ရဲ့ ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းပစ္စယတွေရောင်းတဲ့ နေပေါလ်လုပ်ငန်းရှင်တဦး ကြီးပွားချမ်းသာနေပုံကို ၂၀၁၆ မတ်လ (၁၆) ရက်နေ့ထုတ် တိုင်းမ်စ် မဂ္ဂဇင်းကြီးမှာ ဖော်ပြထားပါတယ်။ တရုတ်ဘုန်းကြီးကျောင်း စီမံခန့်ခွဲအုပ်ချုပ်ရေးမှာ ကွန်မြူနစ်ပါတီဝင်တွေ ကြီးစိုးတာကြောင့် ဗုဒ္ဓဘာသာရော၊ ဘုန်းကြီးတွေရော နာမည်ပျက်ရတယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်ပါတီ အကျင့်ပျက်လာသလို ဘုန်းကြီးကျောင်းတွေလည်း အကျင့်ပျက်လာတာမို့ အပြန်အလှန် မှီခိုမှုတွေများ ရှိနေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။


==Unicode ===









XS
SM
MD
LG