သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန် ဘာတွေလုပ်ခဲ့သလဲ


ဦးသိန်းစိန်အစိုးရသက်တမ်း (၅) နှစ် ကုန်ဆုံးတာမှာမို့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို ပြည်တွင်းပြည်ပမှာ သုံးသပ်နေကြပါတယ်။ အနှစ် (၅၀) စစ်အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ စတင်တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ဇန်နဝါရီလ (၂၈) ရက်နေ့မှာ ဦးသိန်းစိန်က မိန့်ခွန်းအရှည်ကြီး ခြွေသွားခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ လက်ရှိ အခြေခံဥပဒေပြုစုတဲ့ အမျိုးသားညီလာခံမှာ အဓိကပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်အောက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တာမို့ သူ့ရဲ့ပြုပြင်ရေးကို အစပိုင်းမှာ အလေးမထားကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဒီမိုကရေစီ သူရဲကောင်းလို့ ယူဆကြပါတယ်။

ဒါပေမဲ့ ဥပဒေမျိုးစုံပြဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်နိုင်အောင် တားဆီးထားတဲ့ကြားက ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်အောင် ဦးသိန်းစိန်က လမ်းခင်းပေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသား Nelson Mandela ကို လက်တွဲခေါ်ယူတဲ့ သမ္မတ De Klerk နဲ့ တူတယ်လို့ တင်စားပြောဆိုကြပါတယ်။ တချို့ကလည်း ရုရှားမှာ ပါတီစုံဒီမိုကရေစီကို မြှင့်တင်ပေးတဲ့ Gorbachev နဲ့ တူတယ်လို့ ပြောပါတယ်။ အနောက်တိုင်းနဲ့ အဆင်ပြေအောင် လုပ်တာသာ ဖြစ်တယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြမ်းပဲ့ ဒီမိုကရေစီကို ကမ္ဘာက လက်ခံအောင် လုပ်သူဟာ ဦးသိန်းစိန်ပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို ဖိနှိပ်ထားလို့ နာမည်ပျက်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်အောက်မှာ နှစ်နဲ့ချီ အမှုထမ်းပြီး ၂၀၀၇ မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်သိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီစဉ်တဲ့အတိုင်း သမ္မတဖြစ်လာတဲ့အခါမှာ ဒီပုပ်ထဲက ဒီပဲမို့ အကြောင်းမထူးဘူးလို့ ယူဆကြပါတယ်။ ဒါပေမဲ့ ၂၀၁၁ သြဂုတ်လမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး စက်တင်ဘာမှာ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းတာကြောင့် ဦးသိန်းစိန်ကို စတင်ယုံကြည်လာကြပါတယ်။ တခြမ်းပဲ့ လွှတ်တော်စနစ်မှာ ဒေါ်စု ပါဝင်လာနိုင်အောင် လုပ်နိုင်တာရယ်။ တရုတ်သြဇာခံ မဟုတ်ကြောင်း ပြသနိုင်တာရယ်ကြောင့် ဦးသိန်းစိန်ရဲ့ ပြုပြင်ရေးကို အမေရိကန်နဲ့ ဥရောပအစိုးရတွေက ထောက်ခံအားပေးလာပါတယ်။ စစ်ဗိုလ်ထဲမှာ ရှားပါးတဲ့ ပြုပြင်ရေးသမားအဖြစ် ဦးသိန်းစိန်ကို ရှုမြင်သုံးသပ်လာကြပါတယ်။

ဦးသိန်းစိန်ဟာ စိတ်ရင်းမှန်နဲ့ ပြုပြင်ရေးလုပ်သူဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အတွက် အဲဒီတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Hillary Clinton နေပြည်တော်ကို ရောက်လာပြီး၊ မကြာမီမှာ သမ္မတ Obama ရောက်လာပါတယ်။ ဒဏ်ခတ်အရေးယူမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအတောအတွင်း နာမည်ဆိုးထွက်နေတဲ့ စာပေစီစစ်ရေးကို ဖျက်သိမ်းပြီး၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ပြုမှု၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု၊ ငြိမ်းချမ်းရေးဆွေးနွေးမှု စတာတွေကြောင့် ပြည်တွင်းမှာလည်း ဦးသိန်းစိန်ကို ထောက်ခံသူ တိုးပွားလာပါတယ်။ တရုတ်နောက်လိုက် ကမ္ဘာ့အပယ်ခံဘဝကို စွန့်လွှတ်ပြီး အနောက်တိုင်းနဲ့ ရွှေလမ်းငွေလမ်း ဖောက်နိုင်သူဟာ ဦးသိန်းစိန် ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တာနဲ့ အခြား တရုတ်အရင်းအနှီးတွေကို မေ့သွားကြပုံရပါတယ်။

ဦးသိန်းစိန်ရဲ့ ပြုပြင်ရေးကို ကမ္ဘာကို ထောက်ခံလေလေ၊ ဗိုလ်သန်းရွှေနဲ့ စစ်အုပ်စု သိမ်းယူထားတဲ့ ဓနဥစ္စာဟာ တရားဝင်လာလေလေ ဖြစ်ပါတယ်။ ဒေါ်လာတွေကို ခိုးကြောင်ခိုးဝှက် သုံးနေရတဲ့ဘဝက တရားဝင် ဗြောင်သုံးနိုင်တဲ့ အဆင့်ကို ရောက်လာပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ရဲ့ ပြုပြင်ရေးမှာ အများဆုံး အကျိုးခံစားရသူတွေဟာ ဗိုလ်သန်းရွှေနဲ့ စစ်အုပ်စုဝင်တွေ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ အခြေခံဥပဒေဘောင်ကိုကျော်ဖို့ ဦးသိန်းစိန်က စိတ်မကူးပါဘူး။ ဝန်ကြီးဌာန (၃၆) ခုအထိ တိုးပွားလာတာဟာလည်း ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးရဲ့ အသွင်လက္ခဏာဆိုး တခုဖြစ်တဲ့ အခွင့်ထူးနဲ့ အဆောင်အယောင်တွေကို မပယ်ဖျက်နိုင်တာဟာ ဦးသိန်းစိန်အစိုးရရဲ့ အားနည်းချက်တခု ဖြစ်ပါတယ်။ လုပ်ငန်းမစမီ ရှိသမျှ အခွင့်ထူးကို အရင်ဆုံးယူတာဟာ စစ်ဗိုလ်ရဲ့ ဓလေ့ထုံးစံ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကချင်ပြည်နယ်စစ်ပွဲ၊ ရခိုင်ပြည်နယ်က လူမျိုးရေး ပဋိပက္ခနဲ့ ဘာသာရေး အဓိကရုဏ်းတွေကို ပိုပြီးလူသိများပါတယ်။ ဦးသိန်းစိန်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အသံသာမြည်ပြီး အဆန်မပါတဲ့ သင်္ကြန်အမြောက်လို ဖြစ်နေပါတယ်။ ထိပ်ပိုင်းအရာထမ်းတွေ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကို ကြေညာဖို့ ၂၀၁၂ မှာ ဦးသိန်းစိန်က ဆော်သြပေမယ့် လက်တွေ့မှာ အချည်းနှီးဖြစ်သွားပြီး ကျပ် (၃) သိန်း လာဘ်စားတာကို ခွင့်ပြုရတဲ့ အခြေအနေ ရောက်သွားပါတယ်။ အပြောနဲ့အလုပ် မညီသူအဖြစ် ဦးသိန်းစိန်ကို ပြည်တွင်းမီဒီယာတွေမှာ ဝေဖန်လာကြပါတယ်။

အဂတိလိုက်စားမှုဆိုတာဟာ လာဘ်ပေးလာဘ်ယူတင် မဟုတ်ပါဘူး။ မတရားလုပ်မှု၊ မမှန်မကန်လုပ်မှု၊ ကြောက်ပြီးလုပ်မှု၊ ဘက်လိုက်မှု စတာတွေလည်း ပါဝင်ပါတယ်။ ပြည်သူလူထုအများစုဟာ အယုံအကြည်မရှိလို့ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ ရှုံးရတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ၊ ဘာသာရေးနဲ့ လူမှုစီးပွားရေး ပြဿနာတွေကို ဦးသိန်းစိန်အစိုးရ ဖြေရှင်းရာမှာ မထိမရောက် ဖြစ်နေတာဟာ အဂတိလိုက်စားမှုကြောင့် ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒီ ပဋိပက္ခတွေဟာ အစိုးရကို အယုံအကြည် ကင်းမဲ့စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်ဟာ တခြမ်းပဲ့ ဒီမိုကရေစီစနစ်ကို ရှင်သန်လာအောင် လုပ်သူအဖြစ် သမိုင်းတွင်ရစ်မှာကတော့ သေချာသလောက် ဖြစ်နေပါတယ်။

XS
SM
MD
LG