သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးတွေကြိုက်တဲ့ ကျောက်မျက်ရတနာ


တိုက်ရိုက် လင့်ခ်

စစ်အစိုးရခေတ်ကတည်းက စစ်တပ်ပိုင်ကုမ္ပဏီတွေက ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းကို ပိုင်ဆိုင်ထားတာကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှာ ဦးဆောင်ပါဝင်သူအားလုံးဟာ စစ်ဗိုလ်ဟောင်းတွေ ဖြစ်ကြပါတယ်။ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ စစ်တပ်နဲ့ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ဖို့ ဒီစစ်ဗိုလ်ဟောင်းတွေက တာဝန်ယူရတယ်လို့ 'အင်ဒရူးဘောင်ဝါ" နဲ့ အပေါင်းပါသုတေသီတစု ရေးသားထားတဲ့စာတမ်းမှာ ဖော်ပြပါတယ်။ ပုဂ္ဂလိကကုမ္ပဏီကို လုပ်ကွက်တစ်ဧက၊ အစိုးရနဲ့ အကျိုးတူဖက်စပ်လုပ်တယ်ဆိုတဲ့ ကုမ္ပဏီကိုတော့ ဧက (၅၀) တူးဖော်ခွင့်လိုင်စင်ချပေးပါတယ်။

တူးဖော်ခွင့်လိုင်စင်ရ ပုဂ္ဂလိကကုမ္ပဏီအများစုဟာ စစ်တပ်နဲ့ နီးစပ်သူတွေ ဖြစ်ပါတယ်။ ဖက်စပ်ကုမ္ပဏီတွေဟာ နှစ်ဝက်တကြိမ် ကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲမှာ ရောင်းချဖို့လိုအပ်ပြီး ရောင်းရငွေ (၂၅) ရာခိုင်နှုန်းကို နိုင်ငံပိုင်မြန်မာ့ကျောက်မျက်လုပ်ငန်းကို ပေးရပါတယ်။ ဖမ်းဆီးရမိတဲ့ ကျောက်မျက်ကိုလည်း မြန်မာ့ကျောက်မျက်လုပ်ငန်းက ရောင်းချပြီး (၅၀) ရာခိုင်နှုန်းကို ရဲတပ်ဖွဲ့အား ပေးရပါတယ်။ ကုမ္ပဏီတွေဟာ ထုတ်လုပ်မှုကို ဒေသဆိုင်ရာကျောက်မျက်လုပ်ငန်းက ရောင်းချပြီး (၅၀) ရာခိုင်နှုန်း ရဲတပ်ဖွဲ့ကို ပေးရပါတယ်။ ကုမ္ပဏီတွေဟာ ထုတ်လုပ်မှုကို ဒေသဆိုင်ရာ ကျောက်မျက်ရုံးကို အစီရင်ခံဖို့ လိုအပ်ပါတယ်။ တွင်းဝခွန် ပြပွဲ၊ အထူးကုန်စည်ခွန်၊ ပြပွဲဝန်ဆောင်ကြေး စတာတွေကို ကုမ္ပဏီတွေက ပေးဆောင်ရပါတယ်။

နေပြည်တော်ကျောက်မျက်ရုံးချုပ်၊ ကျောက်မျက်ပြတိုက်နဲ့ ဒေသဆိုင်ရာရုံးခွဲတွေမှာ ဝန်ထမ်း (၆၀၀) လောက် လုပ်ကိုင်နေကြပါတယ်။ နိုင်ငံပိုင်လုပ်ငန်းထဲမှာ မြန်မာ့ကျောက်မျက်လုပ်ငန်းက အစိုးရကိုပေးတဲ့ငွေဟာ အများဆုံးလို့ သိရပါတယ်။ ဒါပေမဲ့ ဝင်ငွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းကို အသေအချာ စစ်ဆေးတာမျိုး သိပ်မရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံပိုင်လုပ်ငန်းဟာ ကျောက်မျက်တွေကို ကိုယ်တိုင်ထိန်းသိမ်းသိုလှောင်ပါတယ်။ ပုဂ္ဂလိကလုပ်ကွက်တွေကြောင့် ပြပွဲအပြင်မှာ ရောင်းဝယ်တာမျိုး ရှိပေမယ့် ကြီးကြပ်စစ်ဆေးမှု သိပ်မရှိဘူးလို့ ဆိုပါတယ်။ ကျောက်မျက်တန်းဖိုးဖြတ်တဲ့ လုပ်ငန်းမှာလည်း မြန်မာအစိုးရဟာ အားနည်းလွန်းတာမို့ ရသင့်သလောက်ပါပဲ နည်းပြီးရတယ်လို့ ဆိုပါတယ်။ နေပြည်တော်က ကျောက်မျက်ပြပွဲ အဆောက်အဦးကတင် ယူရိုငွေ (၄၄) သန်း ကုန်ကျပါတယ်။

နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းမှာ အများဆုံးသုံးတာဟာ လုံခြုံရေးစရိတ် ဖြစ်ပါတယ်။ လုပ်ကွက်အနီးမှာ အခြေစိုက်တဲ့ တပ်ရင်းနှစ်ရင်းရဲ့ အသုံးစရိတ်ကို ကျောက်မျက်ရုံးက ပေးရပါတယ်။ အခုမှ စစ်တပ်က အဲဒီအသုံးစရိတ်ကို ကျခံကြောင်း သိရပါတယ်။ အခြားအသုံးစရိတ်တွေကတော့ ဝန်ထမ်းလစာနဲ့ ဝန်ဆောင်ခတွေ ဖြစ်ပါတယ်။ နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းရဲ့ ၂၀၁၂ က ဖွင့်လှစ်ခဲ့တဲ့ သီးသန့်ငွေစာရင်း (သို့) ကိုယ်ပိုင်ရန်ပုံငွေဟာ ကျပ်ဘီလီယံ (၇၀၀) နီးပါး ရှိပါတယ်။ ဒီငွေဟာ (၁၇၂) နှစ်စာ အသုံးစရိတ်နဲ့ ညီမျှပါတယ်။ အစိုးရကို မှန်မှန်ကန်ကန် ငွေပေးသွင်းနိုင်ရေးအတွက် စာရင်းစစ်ချုပ်ရုံးက နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းကို နှစ်စဉ်စစ်ဆေးပါတယ်။ ဒါပေမဲ့ ကျောက်မျက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးစစ်ဆေးမှုဟာ အားနည်းနေဆဲ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မှုကို မစစ်ဆေးဘူးလို့ ဆိုပါတယ်။

နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းဟာ အသားတင်အမြတ်ရဲ့ (၂၅) ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပြည်တွင်းအခွန်ဦးစီးဌာနကို ပေးသွင်းပါတယ်။ နောက်ထပ် (၂၀) ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ငွေတိုက်ဦးစီးဌာနကို ပေးသွင်းပါတယ်။ နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းမှာ ကြွေးမြီမရှိပေမယ့် တာဝန်နှစ်ခု ရှိပါတယ်။ ပထမတာဝန်က ငွေအရင်းအနှီးအဖြစ် နှစ်ပေါင်းများစွာက စိုက်ပေးထားတဲ့ ကျပ်ငွေ (၁၄၄) ဘီလီယံကို မှန်မှန်ပြန်လည်ပေးဆပ်ဖို့ ဖြစ်ပါတယ်။ ဒုတိယတာဝန်ကတော့ ကျောက်မျက်ကုမ္ပဏီတွေက အပ်နံှထားတဲ့ အာမခံငွေကျပ် (၁၆၁) ဘီလီယံ ဖြစ်ပါတယ်။ ကျောက်မျက်ကုမ္ပဏီက ကန်ထရိုက်စာချုပ် ဖောက်ဖျက်ရင် သိမ်းယူနိုင်ဖို့ အပ်နံှထားတဲ့ငွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကန်ထရိုက်စာချုပ် ဖောက်ဖျက်မှုကြောင့် နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းက အပ်နံှငွေသိမ်းဆည်းတာမျိုး မရှိသေးပါဘူး။

နိုင်ငံခြားကျောက်ကုန်သည် (၉၉) ရာခိုင်နှုန်းဟာ တရုတ်ပြည်ကလာသူဖြစ်ပြီး၊ ပြည်တွင်းကတော့ နိုင်ငံပိုင်ကျောက်မျက်လုပ်ငန်းအပါအဝင်၊ ပုဂ္ဂလိကကုမ္ပဏီ၊ သမဝါယမအသင်းနဲ့ အစိုးရနဲ့ အကျိုးတူဖက်စပ်တွေ ဖြစ်ပါတယ်။ အစိုးရနဲ့ အကျိုးတူဖက်စပ်ကုမ္ပဏီတွေက အများဆုံးထုတ်လုပ်ပါတယ်။ ကုမ္ပဏီတွေ နှစ်စဉ်ထည့်ထားတဲ့ ကျောက်မျက်လုပ်ငန်းအသင်းရန်ပုံငွေ ယူရိုသန်း (၉၀) သို့မဟုတ် အမေရိကန်ဒေါ်လာ သန်းတစ်ရာနီးပါးကို သမ္မတဦးသိန်းစိန်အပါအဝင် စစ်ဗိုလ်ကြီးတွေ အလွဲသုံးစားလုပ်မှုဟာ အတော်လူသိများပါတယ်။

ဖားကန့်ကျောက်စိမ်းမြေမှာ လုပ်ကွက်အကောင်းဆုံးရသူတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ရဲ့ သားတဦးပါဝင်နေပုံကို Seamus Martov က ၂၀၁၆ ဖေဖေါ်ဝါရီ (၁၆) ရက်နေ့ထုတ် ဧရာဝတီစာစောင်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ ကျောက်စိမ်းလုပ်ကွက် အကောင်းဆုံးနေရာကို ကြိုင်ကျောက်မျက်ကုမ္ပဏီက ယူပါတယ်။ ဒီကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးထဲမှာ 'ကြိုင်စန်းရွှေ' ဆိုသူ ပါဝင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြီးစိုးတုန်းက ကြိုင်ကျောက်မျက်ကုမ္ပဏီဆိုပြီး ကျောက်စိမ်းတွေကို ဗြောင်ထုတ်နေရာက စစ်အာဏာရှင်အနားယူသွားတဲ့အခါ Classic International ဆိုတဲ့ အမည်ကို ပြောင်းလိုက်ပါတယ်။ ဒါပေမဲ့ ကြိုင်စန်းရွှေကို ပိုင်ရှင်အဖြစ် မှတ်ပုံတင် ထားတယ်လို့ ဖော်ပြပါတယ်။

XS
SM
MD
LG