သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးခေါင်းဆောင်မှု ပြဿနာ


ပြန်လည် ဖွဲ့စည်းလိုက်သော NLD CEC အဖွဲ့ဝင်များ
ပြန်လည် ဖွဲ့စည်းလိုက်သော NLD CEC အဖွဲ့ဝင်များ
နိုင်ငံရေးခေါင်းဆောင်မှု ပြဿနာ
please wait

No media source currently available

0:00 0:05:29 0:00
တိုက်ရိုက် လင့်ခ်

ဒေါ်အောင်ဆန်းစုကြည် Australia ကို သွားရောက်စဉ်က ခရီးပန်းတဲ့အတွက် ဟောပြောပွဲအစီအစဉ်တခုကို ဖျက်သိမ်းလိုက်ရပါတယ်။ ဟောပြောပွဲလုပ်မယ့် မတ်လ (၂၀) ရက်နေ့မှာ ဒေါ်စု မြန်မာပြည် ပြန်ရောက်သွားပါတယ်။ မတ်လ (၂၄) ရက်နေ့ရောက်တော့ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန် Australia က ပြန်ရောက်လာပြီး သူ ထွက်စာတင်တာကို ဒေါ်စု လက်မခံလို့ ပြန်လာရတာလို့ ဆိုပါတယ်။ (၇၇) နှစ်အရွယ် နိုင်ငံရေးသမားက အပါယ်ငရဲကျမှာစိုးလို့ ပါတီက ထွက်ရတာလို့ဆိုတဲ့အတွက် နိုင်ငံရေးနဲ့ အပါယ်ငရဲ ဆက်စပ်တဲ့သဘော ဖြစ်နေပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားတဲ့ ဦးမန်းဂျော်နီလည်း (၇၆) နှစ်ရှိပါပြီ။ NLD ပါတီရဲ့ သက်ကြီးရွယ်အို ပြဿနာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။

NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုစုရပ်အဖြစ်ထားပြီး တည်ထောင်တဲ့ပါတီဖြစ်လို့ အသက်ကြီးလာတဲ့ ခေါင်းဆောင်ပိုင်းကို ဆက်ဆံရေးမှာ ပြဿနာ ရှိလာပါတယ်။ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတာမို့ ခေါင်းဆောင်မွေးယူချိန် မရှိပါဘူး။ စစ်ဗိုလ်ကြီးစိုးချိန်မှာ နိုင်ငံရေးခေါင်းဆောင်ပေါ်ထွက်ဖို့ အခွင့်အလမ်း မရှိပါဘူး။ NLD ပါတီဟာ သက်တမ်းအနှစ် (၃၀) မှာ ညီလာခံ တကြိမ်သာ (၂၀၁၃) မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒုတိယညီလာခံကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အများစုဟာ (၆၅) နှစ် ကျော်နေပြီ ဖြစ်ပါတယ်။ သမ္မတသစ် ဦးဝင်းမြင့်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်မြင့်မောင်က (၆၆) နှစ်၊ ဒေါ်အောင်ဆန်းစုကြည်က (၇၂) နှစ်၊ ဦးဝင်းထိန်က (၇၇) နှစ် ရှိပြီး ဖြစ်ပါတယ်။ ဒေါ်စုကို သစ္စာရှိတဲ့ ဗဟိုကော်မတီဝင်တွေဟာ ဆုံးဖြတ်ချက်ချနိုင်သူ မျိုးဆက်ဟောင်းတွေ ဖြစ်ပါတယ်။ မျိုးဆက်သစ်ခေါင်းဆောင်တွေ မရှိတဲ့အတွက် သက်ကြီးရွယ်အိုတွေကိုပဲ အမျိုးမျိုးလှည့်သုံးနေပုံရတယ်လို့ ဆောင်းပါးရှင် ဂျွန်အဲမွန် (John Emont) က မတ်လ (၂၈) ရက်ထုတ် Wall Street Journal မှာ ရေးသားထားပါတယ်။ မျိုးဆက်သစ်ခေါင်းဆောင်ပိုင်းကို အချိန်မီ မွေးမထုတ်နိုင်ရင် နိုင်ငံရေး တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲဖို့ ခက်ခဲလာလိမ့်မယ်လို့ ဆိုပါတယ်။ ဦးဝင်းထိန်ဟာ နှလုံးရောဂါရှိသူဖြစ်ပြီး အိပ်တဲ့အခါ Oxygen အသက်ရှုနေရလို့ ထွက်ခွင့်တောင်းတာ ဖြစ်ပါတယ်တဲ့။

အလုပ်က နားချင်ပေမယ့် နားခွင့်မရတဲ့ ဦးဝင်းထိန်ကိုကြည့်ပြီး NLD မှာ ခေါင်းဆောင်ရှားပါးနေပုံကို ဂျွန်အဲမွါန် က ထောက်ပြပါတယ်။ ဒါပေမဲ့ NLD ဦးအောင်ရှင်ကတော့ လူငယ်ညီလာခံကျင်းပပြီး ခေါင်းဆောင်သစ်တွေ မွေးထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ NLD မှာ လူငယ်တွေ ရှိပေမယ့် အပေါ်ပိုင်းရောက်ဖို့ အလွန်နှေးကွေးတာကြောင့် ရည်ရွယ်ချက်မြင့်မားတဲ့ လူငယ်တွေဟာ အခြားနေရာဌာနတွေကို ကူးပြောင်းသွားကြတယ်လို့ ဂျွန်အဲမွန်က ဆိုပါတယ်။ ဒေါ်စုဟာ သူကို ယှဉ်နိုင်မယ့်လူကို မလိုချင်တဲ့အတွက် ရှစ်လေးလုံးခေါင်းဆောင်တွေကို NLD ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မပေးတာလို့ ဂျွန်အဲမွန် က ထောက်ပြပါတယ်။ အသက် (၇၀) ကျော် သမ္မတကို (၆၀) ကျော်နဲ့ အစားထိုးနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နေရာကို ဆက်ခံမယ့်သူ မရှိဘဲ ဖြစ်နေပါတယ်။

NLD အဖွဲ့ချုပ်မှာ ပါတီဝင်လူငယ် ခုနှစ်သောင်းကျော်ရှိပြီး ဒီအထဲက ငါးထောင်ကျော်ကို တာဝန်ပေးထားကြောင်း သိရပါတယ်။ ဒုတိယအကြိမ်မြောက် NLD လူငယ်ညီလာခံကို မကြာမီ နေပြည်တော်မှာ ကျင်းပပါတယ်။ ညီလာခံတက်ရောက်တဲ့ လူငယ် (၂၆၀) ကျော်ဟာ လာမယ့် (၂၀၂၀) ရွေးကောက်ပွဲအတွက် တွန်းအားတွေဖြစ်တယ်လို့ ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြောင်း သိရပါတယ်။ ဒါဟာ အနှစ် (၃၀) အတွင်း ဒုတိယအကြိမ် ကျင်းပတဲ့ လူငယ်ညီလာခံဖြစ်ပြီး ပထမအကြိမ်ညီလာခံကို (၂၀၁၃) မှာ ကျင်းပပါတယ်။ NLD ပါတီကို ဝင်ရောက်သူတွေ တိုးပွားနေဆဲ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလက ကယားပြည်နယ်မှာ ပါတီဝင်ဖြစ်လာသူ (၂၀၀၀) ကျော် ရှိပါတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးမှာ ဦးဝင်းထိန်နေရာကို ဦးဉာဏ်ဝင်းက အစားထိုးဆောင်ရွက်နေပါတယ်။

တကယ်တော့ (၂၀၁၅) ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ (၈၅) ရာခိုင်နှုန်း နိုင်ထားတဲ့ NLD ဟာ လွှတ်တော်မှာ အလွယ်တကူ ဥပဒေပြုပြီး သမ္မတနဲ့ ဒုသမ္မတတို့ကို စိတ်ကြိုက်ခန့်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်မှသာ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ NLD ဟာ (၅၁) ရာခိုင်နှုန်းသာ အနိုင်ရရှိတာ တွေ့ရပါတယ်။ NLD အစိုးရကို အယုံအကြည် နည်းပါးလာတဲ့သဘော ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လူကြိုက်များတဲ့ ရှစ်လေးလုံး ပြည်သူ့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာမို့ မဲဆန္ဒရှင်အတွက် ရွေးချယ်စရာ နိုင်ငံရေးပါတီတွေ ပိုများလာမှာ ဖြစ်ပါတယ်။

NLD အစိုးရရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ ပြည်သူ့လူမှု စီးပွားရေးဘဝ တိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဘယ်လောက် ခရီးရောက်နေတယ်ဆိုတာကို ပြည်သူ့တွေက ကြည့်ပါလိမ့်မယ်။ နှစ်ပေါင်းများစွာ ပုံစံကျနေတဲ့ အတွေးအမြင်နဲ့ အလေ့အထကို ပြုပြင်ပြောင်းလဲဖို့ အထူးလိုအပ်နေတယ်လို့ သမ္မတသစ်ဦးဝင်းမြင့်က ပြောပါတယ်။ စွမ်းဆောင်ရည် အားနည်းနေတုန်းမှာ စနစ်ဟောင်းက ဗျူရိုကရေစီယန္တရား လည်ပတ်နေုတုန်းမို့ NLD ဝန်ကြီးတွေဟာ ခက်ခက်ခဲခဲ ရုန်းကန်လုပ်ဆောင်နေပုံကို VOA သတင်းထောက်က မကြာမီကပဲ သတင်းပို့ထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG