သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနှင့် တောင်အာရှ နိုင်ငံများ


တိုက်ရိုက် လင့်ခ်

Zawgyi/Unicode

မြန်မာပြည်ဟာ အရှေ့တောင်အာရှအုပ်စုနှင့် တောင်အာရှအုပ်စုမှာပါ ပါဝင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဆီယံအသင်းဝင်နိုင်ငံဖြစ်လို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အဆက်အဆံများသလို၊ တောင်အာရှနိုင်ငံများနဲ့လည်း အထိအတွေ့များပါတယ်။ အိန္ဒိယကို ဗဟိုပြုပြီး ဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာအသင်းအဖွဲ့တွေမှာ မြန်မာပါဝင်နေတာ ကြာပါပြီ။ ဒါပေမဲ့ SASEC-South Asia Subregional Economic Cooperation တောင်အာရှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံချက်မှာ ပါဝင်လာတာ မကြာသေးပါဘူး။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ မော်လ်ဒိုက်ဗ် ပါဝင်တဲ့ တောင်အာရှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံချက်ကို (၂၀၀၁) မှာ စတင်အကောင်အထည်ဖော်ပြီး (၂၀၁၇) မှာ မြန်မာပါဝင်လာတာ ဖြစ်ပါတယ်။

တောင်အာရှစီမံချက်မှာ ၂၀၁၆ ကနေ ၂၀၂၅ အထိ (၉) နှစ် စီမံကိန်းချပြီး ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးမှာ ပူးပေါင်းလုပ်ကိုင်မှု မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ မူလစီမံကိန်းမှာ (၆) နိုင်ငံရဲ့ အခွင့်အလမ်းတွေကိုသာ ဖော်ပြပါတယ်။ စီမံကိန်းချပြီးမှ မြန်မာပါဝင်လာတာမို့ မြန်မာရနိုင်မယ့် အခွင့်အလမ်းတွေကို ဖြည့်စွက်ထည့်သွင်းရတယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုပါတယ်။ မဲဂေါင်မြစ်ဝှမ်းနိုင်ငံများအဖွဲ့နဲ့ တောင်အာရှနိုင်ငံတွေရဲ့ BIMSTEC အဖွဲ့တွေမှာလည်း မြန်မာ ပါဝင်ပါတယ်။

မဟာဗျူဟာကျတဲ့ နေရာမှာရှိတာမို့ လုပ်တတ်ကိုင်တတ်မယ်ဆိုရင် မြန်မာအတွက် အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ်။ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့ အလားအလာကောင်းတယ်လို့ ဆိုပါတယ်။ ဆန်တင်ပို့တဲ့ နိုင်ငံစာရင်းမှာ မြန်မာက နံပတ် (၈) နေရာမှာ ရှိပေမယ့် တောင်အာရှကို (၁) ရာခိုင်နှုန်းသာ တင်ပို့ပြီး တရုတ်ပြည်ကို (၇၈) ရာခိုင်နှုန်း နယ်စပ်က တင်ပို့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို အများဆုံးဆန်တင်ပို့သူဟာ အိန္ဒိယဖြစ်ပြီး၊ အနည်းဆုံး တင်ပို့သူက မြန်မာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ မြန်မာ့ဆန်တင်ပို့မှုရဲ့ (၁) ရာခိုင်နှုန်းကိုသာ တောင်အာရှနိုင်ငံတွေကို တင်ပို့ပါတယ်။ အခုတော့ တောင်အာရှ စီမံချက်မှာ ပါဝင်လာပြီမို့ ၂၀၂၀ မှာ ဆန်တန်ချိန် (၁) သန်းအထိ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ သီရိလင်္ကာတို့ကို မြန်မာက တင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဆန်အထွက်နှုန်းတိုးဖို့ လိုအပ်လာပါတယ်။

ပဲမျိုးစုံတင်ပို့တဲ့နေရာမှာ မြန်မာကနံပတ် (၇) ရှိနေပြီး၊ ကမ္ဘာ့တင်ပို့မှုရဲ့ (၁၂) ရာခိုင်နှုန်းကို မြန်မာက ယူထားပါတယ်။ ၂၀၁၆ မှာတင် ဒေါ်လာသန်း (၁၃၉၀) ဖိုး မြန်မာက တင်ပို့ပါတယ်။ မြန်မာ့ပဲ (၆၈) ရာခိုင်နှုန်း အိန္ဒိယကို တင်ပို့ပြီး တရုတ်ကို (၂၀) ရာခိုင်နှုန်း၊ စင်္ကာပူကို (၅) ရာခိုင်နှုန်း၊ ဗိယက်နမ်ကို (၄) ရာခိုင်နှုန်း၊ ပါကစ္စတန်ကို (၃) ရာခိုင်နှုန်း တင်ပို့ပါတယ်။ ၂၀၁၆ အထိ အိန္ဒိယကို ပဲစင်းငုံ (၈၂) ရာခိုင်နှုန်း အများဆုံးတင်ပို့ပြီး ပဲတီစိမ်း (၅) ရာခိုင်နှုန်း အနည်းအကျဉ်း တင်ပို့ပါတယ်။ ရှေ့နှစ်ဆိုရင် ကုလားပဲတန်ချိန် (၃၁၁၂၄) နဲ့ ပဲစင်းငုံတန်ချိန် (၃၇၁၈၈) ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ဖွယ် ရှိပါတယ်။ သီရိလင်္ကာကို ကုလားပဲတန်ချိန် (၆၅၅၀၀) တင်ပို့နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၃ မှာ မြန်မာ့ကုလားပဲ တင်သွင်းမှုကို အိန္ဒိယက ပိတ်ပင်လိုက်တဲ့အတွက် ပြည်တွင်းပဲဈေးကွက် ကသောင်းကနင်း ဖြစ်သွားခဲ့ပါတယ်။

ငါးလုပ်ငန်းကဏ္ဍဟာ ပို့ကုန်စုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းတောင် မရှိပါဘူး။ ၂၀၁၆ မှာ ဒေါ်လာသန်း (၅၃၈) ဖိုးသာ တင်ပို့ပါတယ်။ ထိုင်းနိုင်ငံကို အများဆုံး (၄၆) ရာခိုင်နှုန်း၊ တရုတ်ပြည်ကို ဒုတိယအများဆုံး (၃၅) ရာခိုင်နှုန်း တင်ပို့ပါတယ်။ စင်္ကာပူ (၁၀) ရာခိုင်နှုန်း၊ ဂျပန် (၅) ရာခိုင်နှုန်း၊ မလေးရှား (၄) ရာခိုင်နှုန်း အနည်းငယ်တင်ပို့ပါတယ်။ တောင်အာရှနိုင်ငံတွေကို တင်ပို့တဲ့ ငါးပစ္စည်းပမာဏဟာ အလွန်နည်း (၂) ရာခိုင်နှုန်းသာ ရှိပါတယ်။ ငါးလုပ်ငန်းမှာ ဘင်္ဂလားဒေ့ရှ်ကို အများဆုံးတင်ပို့ပါတယ်။ ဒါကြောင့် နောင်အခါမှာ ဘင်္ဂလားဒေ့ရှ် ပါဝင်မယ့် အခန်းကဏ္ဍ ကြီးမားလာဖွယ် ရှိပါတယ်။ ငါးလုပ်ငန်းမှာ သီရိလင်္ကာ-မြန်မာ ကုန်သွယ်မှုဟာ မရှိသလောက် ဖြစ်ခဲ့ပေမယ့် အခုအလားအလာကောင်းတယ်လို့ ဆိုပါတယ်။ လာမယ့် ငါးနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ကို ငါးတင်ပို့မှု တိုးပွားလာဖွယ် ရှိပါတယ်။

ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွန်ရက်ကို မြန်မာနဲ့ဆက်ထားတဲ့ ကုန်ပစ္စည်းဟာ အဝတ်အထည် ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်မှုမှာ အဝတ်အထည်လုပ်ငန်းဟာ အဓိကနေရာက ပါဝင်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုပါတယ်။ ၂၀၁၂ မှာ အဝတ်အထည် တင်ပို့မှုဟာ ပို့ကုန်စုစုပေါင်းရဲ့ (၉) ရာခိုင်နှုန်းကျော် ရှိခဲ့ရာက ၂၀၁၇ မှာ (၁၇) ရာခိုင်နှုန်းအထိ တိုးတက်သွားပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးငွေ ၂၀၁၆ မှာ ဒေါ်လာသန်း (၂၂၀၀) ရှိပြီး နှစ်စဉ်တိုးပွားနေပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဒေါ်လာသန်း (၈၀၀၀) ကျော်ရဖို့ ရည်ရွယ်တာမို့ အထည်ချုပ်စက်ရုံ (၈၀၀) လိုနေပါတယ်။ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် နောက်ထပ်စက်ရုံ (၃၀၀) နဲ့ အလုပ်သမား (၃) သိန်းကျော် လိုနေပါတယ်။

လုပ်တတ်ကိုင်တတ်မယ်ဆိုရင် တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရာမှာ မြန်မာအဖို့ အများကြီးအကျိုးရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းပါတယ်။ ဒါပေမဲ့ ဒီအခွင့်အလမ်းတွေဟာ သူ့အလိုအလျောက် ရောက်လာမှာမဟုတ်ဘဲ၊ ဘက်ပေါင်းစုံက ကြိုးပမ်းမှ အကျိုးခံစားမယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ သီရိလင်္ကာတို့ဟာ မြန်မာဆန်၊ ပဲမျိုးစုံနဲ့ ငါးလုပ်ငန်းအတွက် ဈေးကွက်ကောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှဒေသတွေကို ဆက်စပ်ထားတဲ့နေရာဖြစ်လို့ လုပ်တတ်ကိုင်တတ်ရင် ကြီးပွားဖို့သာရှိကြောင်း ADB အာရှဖွံ့ဖြိုးရေးဘဏ်က သုံးသပ်ထားပါတယ်။

==Unicode==








XS
SM
MD
LG