သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပို့ဆောင်ရေးကဏ္ဍ ပြုပြင်ရေး


ပို့ဆောင်ရေးကဏ္ဍ ပြုပြင်ရေး
please wait

No media source currently available

0:00 0:05:15 0:00
တိုက်ရိုက် လင့်ခ်

စစ်အစိုးရခေတ်မှာ တံတားတွေဆောက်၊ လမ်းတွေဖောက်တာကို အမြဲတမ်း ဂုဏ်ယူလေ့ရှိပေမယ့် မြန်မာပြည်ရဲ့ အခြေခံအဆောက်အအုံဟာ အာဆီယံနိုင်ငံတွေထဲမှာ အညံ့ဆုံး ဖြစ်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းရင်ကောင်းသလို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပေမယ့် မြန်မာ့သယ်ယူပို့ဆောင်ရေးဟာ အလွန်အားနည်းနေကြောင်း၊ မကြာမီကထုတ်ဝေတဲ့ NLD အစိုးရ အကြံပေးအဖွဲ့ဖြစ်တဲ့ "မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း" ရဲ့ ၂၀၁၈ စီးပွားရေးစာစောင်မှာ ဖော်ပြထားပါတယ်။ မဲခေါင်ဒေသ လမ်းပန်းဆက်သွယ်မှုမှာ မြန်မာကအောက်ဆုံးမှာရှိနေပြီး ယူနန်နဲ့ ဗိယက်နမ်က အမြင့်ဆုံးအဆင့်မှာ ရှိနေပါတယ်။

မြန်မာပြည်မှာ ကျေးရွာအချင်းချင်း လမ်းပန်းအဆက်အသွယ်မရှိတာ အတော်များပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ကျေးရွာ (၄၀) ရာခိုင်နှုန်းလောက်ဟာ လမ်းအဆက်အသွယ် မရှိကြပါဘူး။ ချင်းပြည်နယ်မှာလည်း အလားတူ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ကျေးရွာ (၃၀) ရာခိုင်နှုန်း၊ မကွေး၊ ဧရာဝတီနဲ့ ကချင်ပြည်နယ်မှာ ကျေးရွာ (၂၀) ရာခိုင်နှုန်းဟာ လမ်းအဆက်အသွယ် မရှိကြပါဘူး။ နေပြည်တော်နဲ့ ရန်ကုန်တိုင်းမှာတောင် လမ်းဆက်သွယ်မရှိတဲ့ ကျေးရွာက (၁၀) ရာခိုင်နှုန်းကျော် ရှိပါတယ်။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နံှမှု နည်းပါးတဲ့ရလဒ်ပဲ ဖြစ်ပါတယ်။

ပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဦးသိန်းစိန်အစိုးရက ADB အာရှဖွံ့ဖြိုးရေးဘဏ်ကို တာဝန်ပေးပါတယ်။ ADB က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရယူပြီး (၂) နှစ် သုတေသန လုပ်ပါတယ်။ NLD အစိုးရတက်လာချိန်မှာ ပို့ဆောင်ရေးကဏ္ဍပြုပြင်ရေး ADB အစီရင်ခံစာ ထွက်လာပါတယ်။ ကျေးလက်ဒေသနဲ့ရော အိမ်နီးချင်းနိုင်ငံတွေနဲ့ရော ဆက်သွယ်နိုင်တဲ့ စရိတ်သက်သာပြီး လုံခြုံစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို လာမယ့် (၁၂) နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။ ပို့ဆောင်ရေးဌာနကို ဘယ်လိုပြုပြင်မလဲ၊ ပို့ဆောင်ရေးစရိတ် သက်သာအောင် ဘယ်လို့လုပ်မလဲ၊ ရထားပို့ဆောင်ရေး၊ ကားလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး စသဖြင့် ဘက်ပေါင်းစုံ သုတေသနလုပ်ပြီး ADB က အကြံပေးထားတာမို့ စာမျက်နှာ တစ်ရာကျော် ရှိပါတယ်။

တိုင်းပြည်အသားတင်ထုတ်လုပ်မှု၊ GDP ရဲ့ (၃) ရာခိုင်နှုန်း (၄) ရာခိုင်နှုန်းလောက် အနည်းဆုံး သုံးနိုင်မှ ရည်ရွယ်ချက်အောင်မြင်နိုင်မယ်လို့ ADB က ခန့်မှန်းပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း နှစ်စဉ်သုံးခဲ့တာထက် သုံးဆလောက် ပို့များပါတယ်။ အဲဒီတုန်းကတော့ တိုင်းပြည်အသားတင်ထုတ်လုပ်မှု တန်းဖိုးရဲ့ တစ်ရာခိုင်နှုန်းကျော်ကျော်သာ ပို့ဆောင်ရေးအတွက် အသုံးပြုခဲ့တာကြောင့် မြန်မာဟာ အညံ့ဆုံးဖြစ်နေတာ မဆန်းပါဘူး။ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းတို့ဟာ ပို့ဆောင်ရေးအတွက် တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၄) ရာခိုင်နှုန်းကျော် နှစ်စဉ်သုံးလာခဲ့တော့ အကောင်းဆုံးဖြစ်နေတာပေါ့။ သူတို့လို သုံးနိုင်အောင် လမ်းခွန်နဲ့ လောင်စာခွန် တိုးမြှင့်ကောက်ခံဖို့ အကြံပေးထားပါတယ်။ ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေ တိုးချဲ့ဖို့လည်း အကြံပေးထားပါတယ်။

ဒါကြောင့် လာမယ့် (၁၅) နှစ်အတွင်း ပို့ဆောင်ရေးကဏ္ဍမှာ ဒေါ်လာသန်း (၆၀,၀၀၀) လောက် ရင်းနှီးမြုပ်နံှဖို့ လိုမယ်လို့ လက်ရှိအစိုးရက ခန့်မှန်းပါတယ်။ လိုအပ်တဲ့ အရင်းအနှီး သုံးပုံတပုံသာ အစိုးရက ပေးနိုင်တယ်လို့ ပို့ဆောင်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က စင်္ကာပူအခြေစိုက် Govinsider အဖွဲ့နဲ့ တွေ့ဆုံစဉ်က ပြောပါတယ်။ အရင်ကတော့ တရုတ်အကူအညီကို အများဆုံး လက်ခံခဲ့ပေမယ့် အခုတော့ ပုဂ္ဂလိကနဲ့ လက်တွဲလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းရေးမှာ အားနည်းလို့ အခြေခံအဆောက်အအုံ ယိုယွင်းပျက်စီးရပါတယ်။ ရထားသယ်ယူပို့ဆောင်ရေးဆိုရင် (၁၀) ရာခိုင်နှုန်းကိုသာ သုံးနိုင်တာမို့ မော်တော်ကားကို အားကိုးနေရပါတယ်။ အခုတော့ ဂျပန်အစိုးရနဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီနဲ့ ရထားပို့ဆောင်ရေးကို ပြုပြင်နေပါတယ်။

ဒေါ်လာသန်းနှစ်ရာကျော် ဂျပန့်ဆီက ချေးယူပြီး ရန်ကုန်-မန္တလေး ရထားလမ်းကို ပြုပြင်နေတာမို့ ပြီးစီးသွားရင် ရန်ကုန်-မန္တလေး မီးရထားခရီးဟာ (၉) နာရီသာ ကြာမယ်လို့ ဦးဝင်းခန့်က ပြောပါတယ်။ နောက်ထပ်သုံးလေးနှစ်အတွင်း ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။ အရှုံးထွက်နေတဲ့ နိုင်ငံပိုင် ရထားပို့ဆောင်ရေးကို အမြတ်အစွန်းရအောင် ပြုပြင်ပြောင်းပေးဖို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီယူနေကြောင်း သိရပါတယ်။ ရထားပို့ဆောင်ရေးလုပ်ငန်းမှာ ရထားတွဲဟောင်းနဲ့ စက်ခေါင်းဟောင်းတွေကို ပြင်ဆင်ရတဲ့စရိတ်က ဝင်ငွေထက် ပိုများနေပါတယ်။

ရထားပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းနဲ့ ရထားလမ်း ထိန်းသိမ်းရေးအတွက် ခေတ်မီအတတ်ပညာ သုံးမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ပတ်ရထားကို အဆင့်အတန်းမြှင့်တင်ဖို့အတွက် ဒေါ်လာသန်းနှစ်ရာကျော် ဂျပန်ဆီက ချေးထားပါတယ်။ တရုတ်ဘတ်စ်ကား တထောင်ကျော်ဝယ်ယူပြီး မြို့ပြပို့ဆောင်ရေး ပြုပြင်ပြောင်းလဲနေပါတယ်။ ပထမဆုံးအကြိမ် အချိန်ဇယားနဲ့ လိုင်းကားပြေးဆွဲနေတာာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း စောင့်ကြည့်နေဖို့ လိုတယ်လို့ ADB က မြင်ပါတယ်။ ဘတ်စ်ကား ပို့ဆာင်မှု အချိန်မှန်ရေးကို အဓိကထားပြီး ကုမ္ပဏီတွေကို ကန်ထရိုက် ပေးသင့်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG