သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သိတဲ့ ရင်းနှီးမြုပ်နံှမှု


တာဝန်သိတဲ့ ရင်းနှီးမြုပ်နံှမှု
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်


ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရသစ် ပထမနှစ်မှာ စီးပွားရေးတိုးတက်မှု နှေးကွေးတာကို ဝေဖန်ပြောဆိုကြပါတယ်။ NLD အစိုးရရဲ့ ပထမနှစ်ဟာ စီးပွားရေးတိုးတက်ဖို့ အရှိန်ယူတဲ့နှစ် ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဇွန်လဆန်း နေပြည်တော်မှာ ကျင်းပတဲ့ ရင်းနှီးမြုပ်နံှမှု ဖိုရမ်မှာ ပြောပါတယ်။ NLD အစိုးရ ပထမနှစ် စီးပွားရေးအခြေအနေဟာ လေယာဉ်တစင်း ပျံတက်ဖို့ ပြေးလမ်းမှာ ပြေးတဲ့အချိန် ဖြစ်တယ်လို့ တင်စားပြောဆိုသွားပါတယ်။ ဒီနှစ်ကတော့ စီးပွားရေး လေယာဉ်ကြီး ပြေးလမ်းကနေ ကောင်ကင်ကို ပျံတက်မယ့်နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ ခရိုနီအုပ်စု၊ စစ်အုပ်စုနဲ့ တရုတ်အကျိုးစီးပွားကိုသာ ဦးစားပေးတာကြောင့် လုပ်ရကိုင်ရ မြန်ပါတယ်။ ဒါပေမဲ့ NLD အစိုးရဟာ ပြည်သူပြည်သားနဲ့ နိုင်ငံအကျိုးစီးပွားကို အဓိကထားတာမို့ လုပ်ကိုင်ရတာ ကျယ်ပြန့်ပြီး အချိန်ယူရပါတယ်။ မနှစ်က ပြဌာန်းထားတဲ့ ရင်းနှီးမြုပ်နံှမှု ဥပဒေဟာ လွန်ခဲ့တဲ့ ဧပြီလကမှ သက်ဝင်လှုပ်ရှားလာပါတယ်။ ဒါတောင် NLD အစိုးရ ဒုတိယနှစ်မှာ နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဒေါ်လာတစ်ထောင် တိုးပွားလာတာကိုကြည့်ရင် အလားအလာကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ရင်းနှီးမြုပ်နံှမှုကြောင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာဖို့ အရေးကြီးပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွားရေးဟာ တနှစ် (၇) ရာခိုင်နှုန်းနဲ့ သုံးနှစ်ဆက်တိုက် တိုးတက်ဖို့ အလားအလာရှိကြောင်း လွန်ခဲ့တဲ့ ဇန်နဝါရီလက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ မြန်မာ့ထွက်ကုန် အများဆုံးတင်ပို့တဲ့ တရုတ်နဲ့ထိုင်းရဲ့ စီးပွားရေးအခြေအနေဟာ မြန်မာအပေါ်မှာ အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။ မြန်မာ့နိုင်ငံခြား ရင်းနှီးမြုပ်နံှမှု (၈၀) ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍမှာ ဖြစ်နေပြီး၊ ကုန်ထုတ်လုပ်ငန်းမှာ (၇) ရာခိုင်နှုန်းသာရှိတဲ့အတွက် ပြည်ပအခြေအနေပြောင်းတဲ့ ဂယက်ရိုက်မှုကို ခံရနိုင်ပါတယ်။ ဒါကို NLD အစိုးရ သဘောပေါက်တဲ့အတွက် ကဏ္ဍစုံ ရင်းနှီးမြုပ်နံှရေးကို ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်နေပါတယ်။ အရပ်ဘက်အဖွဲ့အစည်း၊ NGO အဖွဲ့များ၊ ပုဂ္ဂလိကဏ္ဍ၊ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ အစိုးရကိုယ်စားလှယ်တွေ ရင်းနှီးမြုပ်နံှမှု ဥပဒေကို ဆွေးနွေးပါတယ်။

ဥပဒေပြုဖို့ ဒီလိုကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးတဲ့ အစဉ်အလာ မရှိခဲ့ပါဘူး။ ဧပြီလကစပြီး အာဏာသက်ဝင်တဲ့ NLD ရင်းနှီးမြုပ်နံှမှု ဥပဒေမှာ (၃၂) မျက်နှာရှိပြီး အခန်း (၂၃) ခန်း ပါဝင်ပါတယ်။ သဘာဝနဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ တာဝန်ယူတဲ့ ရင်းနှီးမြုပ်နံှမှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြုပ်နံှသူကို ဥပဒေနဲ့အညီ အကာအကွယ်ပေးမှု၊ ပြည်သူ့အတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေမှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေမှု၊ စွမ်းရည်မြင့်မားတဲ့ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ ကုန်သွယ်ဖွံ့ဖြိုးတိုးတက်စေမှု၊ စိုက်ပျိုးရေး မွေးမြူးရေး နဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရပ်နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်မှု စတာတွေကို ရည်ရွယ်ချက်အဖြစ် ဖော်ပြပါတယ်။ ဥပဒေနဲ့အညီ လုပ်မလုပ်ဆိုတာကိုတော့ ရင်းနှီးမြုပ်နံှမှု ကော်မရှင်က စုံစမ်းစစ်ဆေးပါလိမ့်မယ်။

ခရိုနီနဲ့ စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးရာက ပြည်သူလူထုအကျိုးစီးပွားကို ဦးစားပေးတဲ့ စနစ် ကျင့်သုံးတာကို ဝိုင်းဝန်းကူညီဖို့ နိုင်ငံသူနိုင်ငံသားတွေမှာ တာဝန်ရှိပါတယ်။ ၂၀၁၆ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှု ဥပဒေ အခန်း (၁၆) မှာ ရင်းနှီးမြုပ်နံှသူများ၏ တာဝန်ဝတ္တရားများ ကို ဖော်ပြပါတယ်။ ရင်းနှီးမြုပ်နံှသူဟာ ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရုံတင်မကဘဲ တိုင်းရင်းသားလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုကို လေးစားလိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။ အလုပ်သမား အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း ရင်းနှီးမြုပ်နံှသူတို့ရဲ့ တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပါတယ်။ ဒီဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ မြန်မာ့ရင်းနှီးမြုပ်နံှမှု ကော်မရှင်မှာ တာဝန်ရှိပါတယ်။

ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ တူညီတဲ့ အခွင့်အရေး ခံစားနိုင်အောင် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တာမို့ အရင်လို ခရိုနီတစုကို အခွင့်ထူးခံစေပြီး အမျိုးသား အကျိုးစီးပွား ကာကွယ်တာမျိုး မလုပ်တော့ဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုကြောင်း ဇွန်လ (၈) ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နံှမှု တိုးပွားလာအောင် အားပေးပြီး ပုဂ္ဂလိကဏ္ဍကို တံခါးဖွင့်ပေးလိုက်တဲ့ ဥပဒေ ဖြစ်တယ်လို့ ကမ္ဘာဘဏ် ဆိုပါတယ်။ ဒီလို ဥပဒေမျိုး ပေါ်ထွက်လာအောင် NLD အစိုးရ၊ အရပ်သားအသင်းအဖွဲ့တွေနဲ့ ပုဂ္ဂလိကဏ္ဍတို့ ပူးတွဲဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တာဝန်မဲ့ ရင်းနှီးမြုပ်နံှမှုတွေကို ရင်းနှီးမြုပ်နံှမှုကော်မရှင်က ထိထိရောက်ရောက် အရေးယူနိုင်အောင် NLD အစိုးရနဲ့ အရပ်သားအသင်းအဖွဲ့တွေက လုပ်ဆောင်ရမယ်လို့ ICJ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်ရဲ့ အကြံပေး ပုဂ္ဂိုလ် Dr. Daniel Aguirre (အားဂရေ) က ပြောပါတယ်။ ရင်းနှီးမြုပ်နံှမယ့်သူရဲ့ အကျင့်စာရိတ္တကို ကော်မရှင်က သိရှိဖို့ လိုပါတယ်။ ဘယ်သူကမှ သူ့အကျင့်စာရိတ္တကို မကောင်းဘူးလို့ ပြောမှာမဟုတ်တဲ့အတွက် အရပ်သားအသင်းအဖွဲ့က ဝင်ရောက်စုံစမ်းပြီး သတင်းပေးပို့ လိုအပ်ပါတယ်။

XS
SM
MD
LG