သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းရှောင်သူတချို့ လှေမှောက်သေဆုံး


ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာကလေးငယ်များ (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာကလေးငယ်များ (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းမှာ ရာနဲ့ချီတဲ့ ခရီးသည်တွေ စီးနင်းလိုက်ပါလာတဲ့ လှေတစ်စင်းဟာ ကျောက်ဆောင်နဲ့ တိုက်မိပြီး ပင်လယ်တွင်းမှာ နစ်မြုပ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးပေမဲ့ ဒီလှေပေါ်မှာ လိုက်ပါလာသူတွေဟာ ရိုဟင်ဂျာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မဟာစင်မုန်တိုင်းဟာ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် တိုက်ခတ်တဲ့အခါ လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ လောက်အထိ ရှိနိုင်တယ်လို့ မိုးလေဝသဌာနကလည်း သတင်းထုတ်ပြန်ထားတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နစ်မြုပ်သွားတဲ့ စက်လှေဟာ ပေါက်တောမြို့နယ် ငှက်ချောင်းကျေးရွာ ဒုက္ခသည်စခန်းဘက်က ထွက်လာပြီး ဆင်တက်မော် ဒါမှမဟုတ် နောက်ရဲရွာဘက်ကို ဦးတည်ထွက်လာစဉ်မှာ စစ်တွေမြို့ တဘက်ကမ်း ပွဲကြည့်တောင်အနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ စက်လှေမှာ လိုက်ပါသူတွေဟာ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ အာဏာပိုင်တွေက မုန်တိုင်းဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းတာကို မလိုက်ပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြောင်းကြတုန်းမှာ နစ်မြုပ်တာဖြစ်တယ်လို့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က ပြောပါတယ်။

“မနေ့ နေ့လည်ပိုင်းက ဒုက္ခသည်စခန်းက လူတွေကို ဘေးကင်းရာကိုပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးဌာနက စီမံပြီးတော့ သူတို့ကို သွားခေါ်တယ်လေ။ သွားခေါ်တော့ သူတို့က မလိုက်ဘူးပေါ့နော်။ သူတို့က ခေါ်လို့မလိုက်ဘူးဆိုတော့ ညဘက်ကျမှ ဖြစ်သွားတယ်ထင်တယ်။ ညတည်းကထွက်ပြီးတော့ နောက် သူတို့လူမျိုးတွေရှိတဲ့ နောက်ရဲ သို့မဟုတ် ဆင်တက်မော် ဘက်ကို သွားပုံပေါက်တယ်။ အဲ့လိုသွားတော့ ဒီလမ်းကြားထဲမှာ ရေပြင်မှာ မြုပ်နေတဲ့ ကျောက်ဆောင်တွေရှိတယ် အဲ့ဘက်မှာလေ။ အဲ့ဒီကျောက်ဆောင်တွေနဲ့ တိုက်မိပြီး လှေတစ်စင်းမြုပ်သွားတယ်လို့ ကြားတယ်။”

လှေပေါ်မှာ လူ ၁၀၀ ကျော်လောက် လိုက်ပါသွားတယ်လို့ ခန့်မှန်းထားပြီး ၄၀ ကျော်လောက် လွတ်မြောက်လာတယ်လို့ သိရပေမဲ့ သေဆုံးသူ အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပေါက်တောမြို့နယ်က ဒေသခံ အစ္စလာမ် ဘာသာဝင်တစ်ဦးကတော့ ဒီကနေ့မနက်အစောပိုင်း ၂ နာရီ ၃ နာရီလောက်က နစ်မြုပ်တာဖြစ်တယ်။ စက်လှေပေါ်မှာ လူ ၂၀၀ ကျော်လောက် လိုက်ပါလာပြီး လူ ၂၀ လောက် ကမ်းပေါ်ပြန်တက်လာတယ်လို့ ပြောပါတယ်။

“၂ နာရီ ၃ နာရီလောက်မှာ မှောက်သွားပါတယ်။ လူ ၂၀၀ ကျော်လောက်လည်း ပါပါတယ်။ ပေါက်တောမှာ ကျောက်ရှိတယ်မဟုတ်လား။ အသက်ရှင်တဲ့သူ ၁၀၊ အယောက် ၂၀ လောက်ရှိမယ်။ မဟုတ်ဘူးဆို အားလုံး သေသွားပါတယ်။”

UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး ယာစုကို ရှီမိဇု (Yasuko Shimizu) ကလည်း သူတို့ရထားတဲ့ အသေအပျောက်စာရင်းကို ပြောပြပါတယ်။

“ပေါက်တောမြို့ နတ်ချောင်းရွာ ဆိပ်ကမ်းက ထွက်သွားတဲ့ လှေ ၂ စီး မှောက်သွားတာကြောင့် အနဲဆုံး လူ ၁၀၀ လောက် သေဆုံးသွားတယ်လို့ ခန့်မှန်းရပါတယ်။ စာရင်း အတိအကျကို ကျမတို့ အတည်ပြုလို့ မရသေးပေမဲ့ အဲ့ဒီလောက် သေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အသက်ရှင် ကျန်ရစ်သူတွေထဲက တစ်ယောက်ကတော့ သူ့နေရပ်ကို ပြန်သွားပါတယ်။”

မုန်တိုင်းဝင်တဲ့အချိန် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲတွေပါ နစ်မြုပ်သွားနိုင်တဲ့ အလားအလာ ရှိတာကြောင့် ဘေးကင်းရာကို ရွှေ့ပြောင်းနေချိန်မှာ အခုလို လှေမှောက်သွားတာလို့ UNHCR က ပြောပါတယ်။

အခုလို စက်လှေနစ်မြုပ်ပြီး လူအများအပြား ပျောက်ဆုံးနေတဲ့သတင်းကို အတည်ပြုနိုင်ဖို့ ပေါက်တောမြို့နယ် ရဲစခန်းနဲ့ စစ်တွေက ပြည်နယ်အစိုးရရဲ့ ပြောခွင့်ရသူတွေဆီကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်းမှာတော့ အင်အားပြင်းထန်တဲ့ မဟာစင် အမည်ရ အပူပိုင်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်ဘက်ကို ဖြတ်သန်း ဝင်ရောက်ဖွယ် ရှိနေတာကြောင့် ပြည်ထောင်စုအစိုးရရ့ ဒုသမ္မတကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး ပြည်သူတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့နေပါတယ်။ တချိန်တည်းမှာပဲ ဒေသခံအာဏာပိုင်တွေက မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေကို လိုက်လံ အသိပေး ဆော်သြတာတွေ ဆောင်ရွက်နေပါတယ်။

မဟာစင် အပူပိုင်းမုန်တိုင်းဟာ လာမယ့် မေလ ၁၆ ရက်နေ့ ညနေပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နဲ့ ရခိုင်ပြည်နယ် မောင်တောမြို့အကြား ကို ဖြတ်သန်းပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG