ဘင်္ဂလားပင်လယ်အော် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာပြီး ၃၆ နာရီအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြားက ဖြတ်ကျော်သွားမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန် ပါတယ်။ မိုးဇလဌာနရဲ့ တိုင်းတာအချက်အရ မုန်တိုင်းငယ်ဟာ ဆက်လက် အားကောင်းလာနိုင်သလို အမြင့်ဆုံးလေတိုက်နှုန်း မိုင် ၅၀ ကနေ ၆၀ အထိ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ရခိုင် ကမ်းလွန်ပင်လယ်ပြင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းအခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းငယ် အဆင့်ကိုရောက်ရှိလာပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ အနောက်ဘက် မိုင် ၁၆၀ အကွာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်ကို ဦးတည် လာနေတာကြောင့် လိမ္မော်ရောင် အရေးပေါ်အဆင့် သတ်မှတ်ထားကြောင်း ဒီနေ့ နေ့ခင်း၁၂ နာရီခွဲ အချိန်က ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းငယ်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုတော့ မိုးဇလဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်လင်းဦးက အခုလို ပြောပါတယ်။
"အဲဒီမုန်တိုင်းငယ်ဟာ ပိုမို အားကောင်းပြီးတော့ အရှေ့မြောက်ဖက်ကို ဆက်ရွေ့ပြီးတော့ နောက် ၃၆ နာရီအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေ မောင်းတောမြို့နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ အကြားကို ဖြတ်ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအနေအထားမှာ မုန်တိုင်းငယ်အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ပိုအားကောင်းနိုင်တယ်လို့ ခန့်မှန်း ထားတဲ့အတွက်ကြောင့် အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၅၀ ကနေ ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ လေတိုက်နှုန်း မိုင် ၅၀ မှ ၆၀ အထိ တိုက်နိုင်တယ်။ မုန်တိုင်းဒီရေ ၆ ပေက ၈ ပေအထိတက်နိုင်တယ် ဆိုပြီေးတာ့ ကျနော်တို့ သတိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။"
ရခိုင်ပြည်နယ် မောင်တောမြို့က ဒီနေ့ နေ့ခင်းပိုင်း အခြေအနေကိုတော့ မြို့ခံ တယောက်က အခုလို ပြောပါတယ်။
"အခုကတော့ လေပြင်းကတော့ တိုက်ပါတယ်။ မိုင် ၄၅ လောက်တော့ ရှိမှာပဲ။ ကျနော်တို့ မောင်းတောမှာတော့ အေးအေးဆေးဆေးပါပဲ။ ဒီလောက်လေနဲ့တော့ ဘာမှ မဖြစ်သေးပါဘူး။
သက်ဆိုင်ရာကတော့ စပီကာနဲ့တော့ မကြေငြာသေးဘူး။ အေးအေးဆေးဆေး ဖြစ်နေလို့ ဘာမှ မကြေငြာသေးဘူး။ အပြောင်းအရွေ့တော့ ဘာမှ မရှိသေးဘူး။ ဒါပေမဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ ပရိတ်တွေ ရွတ်နေကြပါတယ်။"
မောင်တောပြန်ကြားရေးဌာနကတော့ ၃၆ နာရီအတွင်းမှာ တနာရီ မိုင် ၆၀ ကနေ မိုင် ၈၀ အကြားရှိ မုန်တိုင်းတခု မောင်တောနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ စစ်တကောင်းအကြား ဝင်ရောက်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားတယ်လို့ Weekly Eleven ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာတော့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းမလာဘဲ ဒီညနေမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်နေပြီ ဖြစ်ကြောင်းနဲ့ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ နေရာအနှံ မိုးရွာပြီး တချို့ဒေသတွေမှာ မိုးကြီးနိုင်ကြောင်း ဖော်ပြထားပါတယ်။
ညနေ ၄ နာရီအချိန်က မောင်းတော ဒေသခံတွေကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ မုန်တိုင်း မဝင်သေးဘူးလို့ ပြောပါတယ်။
လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ၂၁ ရက်နေ့က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ ၂၄ နာရီအတွင်း ပိုမို အားကောင်းလာခဲ့ပြီး ဂီရိဆိုင်ကလုံး မုန်တိုင်းအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးကနေ ကုန်းတွင်းပိုင်းကို တနာရီ မိုင် ၁၀၀ နှုန်းလောက်နဲ့ ဝင်ရောက်ခဲ့ပါတယ်။
ဂီရိမုန်တိုင်းကြောင့် လူ ၄၅ ယောက်သေဆုံးခဲ့ရသလို လူ ၇၀,၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး လူ ၂၀၀,၀၀၀ လောက် ထိခိုက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။