သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမိုခါ တနာရီ မိုင် ၁၂၀ နှုန်းနဲ့ ရခိုင်ဘက်လာနေ


မေလ ၁၃ ရက်နေ့မနက်မှာ တွေ့ရသည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" လမ်းကြောင်းပြ မြေပုံ။
မေလ ၁၃ ရက်နေ့မနက်မှာ တွေ့ရသည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" လမ်းကြောင်းပြ မြေပုံ။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်ပြီး ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်လာနေတဲ့ မိုခါဆိုင်ကလုံး မုန်တိုင်းဟာ အထူးအားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲလာနေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ညနေ့ ၄ နာရီမှာ ထုတ်ပြန်ချက်အရတော့ မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းအနောက်ဘက် ရေမိုင် ၂၇၅ မိုင် နဲ့ စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် ၃၁၀ မှာ ဗဟိုပြုပြီးပြီး လေတိုက်နှုန်းက တနာရီကို မိုင် ၁၂၀ လောက်နဲ့ အရှေ့မြောက်ဘက်ကို ဦးတည်လာနေတယ်လို့ ပြောပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ လေတိုက်နှုန်းက တနာရီကို မိုင် ၁၀၀ လောက်နဲ့ ဝင်ရောက်မှာဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

မုန်တိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့နဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကြားကနေ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းနေတဲ့အတွက် အဲဒီဒေသမှာနေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကိုရွှေ့ပြောင်းကြဖို့၊ ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေမထွက်ကြဖို့အပါအဝင် လေကြောင်းပျံသန်းမှုတွေမလုပ်ဖို့တားမြစ်ထားပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်လှိုင်းတွေက ၆ ပေကနေ ၉ ပေ လောက်အထိ မြင့်တက်လာနိုင်တာကြောင့် ရေကြီး၊ မြေပြိုတာတွေလည်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ လူတွေထောင်နဲ့ချီပြီးတော့ နေအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းနေကြပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း အာဏာပိုင်တွေနဲ့ အကူအညီပေးရေးအေဂျင်စီတွေက အရေးပေါ်ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃ ထောင်ကျော်က မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက့် ပြင်ဆင်နေပါတယ်။ ပင်လယ်ကမ်းရိုးတန်းနဲ့ နီးတဲ့အနိမ့်ပိုင်းဒေသတွေကလူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေစခန်းတွေလည်း မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံရဖို့ရှိနေပြီး ၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ လူတွေကို ကယ်တင်နိုင်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပြောခွင့်ရ Mohammad Shamsud Douza က ပြောပါတယ်။

XS
SM
MD
LG