သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း မဟာစင် အားပျော့


မဟာစင်ဆိုင်ကလုန်း
မဟာစင်ဆိုင်ကလုန်း
ဘင်္ဂလားပင်လယ်အော်ထဲ မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေ Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့် အကွာ ကမ်းခြေကိုဖြတ်ကျော်ပြီးတော့ ကုန်းတွင်း ဝင်သွားပြီလို့ မိုးလေဝသ ပညာရှင်တွေပြောဆိုလာတာပါ။ မဟာစင် မုန်တိုင်း ဝင်ရောက်လာရင် အထူးသတိထားရမယ့် ရခိုင်ကမ်းရိုးတန်းဒေသခံတွေ ကလည်း မြန်မာနိုင်ငံ ဘက်ကို မုန်တိုင်းမလာတော့ဘူးဆိုတဲ့ အခြေအနေကြောင့် ပိုပြီးတော့ စိတ်အေးသက်သာရာရခဲ့ပြီလို့လည်း ပြောလာကြတာပါ။ ဒီသတင်းအပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း ရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြာသပတေးနေ့ နှောင်းပိုင်း တိုင်းတာတွေ့ရှိချက်တွေ အရေ ဘင်္ဂလား ပင်လယ်အော်ထဲ မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုံးမုန်တိုင်း မဟာစင် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေ ကိုဖြတ်ကျော်ပြီးတော့ ကုန်းတွင်း ဝင်ရောက်ခဲ့ပြီ ဖြစ်တယ်လို့ ထုတ်ပြန်လာတာပါ။
ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားပြီဖြစ်တဲ့ မဟာစင် မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်းမှာ တည်ရှိနေပြီး မကြာခင်မှာ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ ပျက်ပြယ်သွားတော့မယ်လို့ လည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“အခုဆိုရင် မုန်တိုင်းဗဟိုချက်က ကုန်းတွင်းပိုင်းကိုရောက်နေပါပြီ။ မကြာမှီ မြန်မြန်ဆန်ဆန် အားပျော့ပျက်ပြယ်သွားမယ်လို့ပဲ ကျနော် ယူဆတယ်ပေါ့ဗျာ။ သူက အခုပုံစံက နည်းနည်းမြန်သွားတယ်။ အမှန်က ညနေမှာ ဝင်ရမှာ။ ဒီကောင်က တစ်နာရီကို ဘယ်လောက်လောက်သွားလည်းဆိုတော့ ၂၅မိုင်၊ ၂၆မိုင်နှုန်းလောက်နဲ့ဆိုတော့ တအားမြန်တယ်။ ကမ်းဝင်ခါနီးမှာ စောစောဖြတ်သွားတာပေါ့နော်။ သုံးနာရီခွဲလောက်ဖြတ်သွားတယ်။ ကျနော်သိသလောက် မြန်မာပြည်ဘက်မှာ ကျနော်မှန်းထားတဲ့အတိုင်းပဲ လေလည်းမပြင်းဘူး။ ရေလည်းမတက်ပါဘူး။ မိုးကလည်း ရွာလိုက်၊ တိတ်လိုက်ပါပဲ။”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ရဲ့ ညနေ ၄ နာရီ တိုင်းတွာတွေ့ရှိချက်တွေအရ တော့ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)ဟာ ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၅၀)မှမိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာမောင်တောမြို့နယ် ကမ်းခြေတွင်(၆)ပေမှ(၈)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင်(၄)ပေမှ (၆)ပေခန့်မြင့်တက်နိုင်တယ်လို့ထုတ်ပြန်ထားတာပါ။

မုန်တိုင်းနဲ့ အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲ မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုံးမုန်တိုင်း မဟာစင်ရဲ့ သက်ရောက်မှု ကြောင့် ဒီကနေ့ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးတွေ နေရာအနှံ့လိုလို သည်းထန်စွာ ရွာခဲ့တယ်လို့ လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောပါတယ်။

“ စစ်ကိုင်းမှာ ၁၀၀ မီလီမီတာ၊ မန္တလေးမှာ ၇၅ မီလီမီတာ၊ ပြည်မှာ ၅၁မီလီမီတာ၊ မိုးကုတ်မှာ ၄၉မီလီမီတာ၊ တနင်္သာရီကမ်းရိုးတန်းမှာတော့ တစ်နာရီ မိုင် ၄၀လောက် တိုက်နေတယ်။ မြစ်ဝကျွန်းပေါ်နဲ့ မုတ္တမဘက်မှာတော့ ၃၀၊ ၃၅မိုင်လောက် တိုက်တယ်။ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်။”

အစောပိုင်း ခန့်မှန်းချက်တွေအရတော့ စစ်တွေ၊ကျောက်ဖြူ မောင်တော စတဲ့ ခရိုင်တွေဟာ မုန်တိုင်းကြောင့် အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ မုန်တိုင်းရွေ့လျားမှု ပြောင်းသွားတာကြောင့် အဲဒီဒေသတွေမှာ ရာသီဥတု အခြေအနေတွေ ဆိုးဆိုးရွားရွားတော့ မရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ကပြောပါတယ်။

“ မနေ့ညက တညလုံးတော့ လေပြင်းတွေ တအားတိုက်တာပေါ့။ မနက်လင်းတော့ လမ်းပေါ်မှာ အကိုင်းအခက်တွေ ပြန့်ကျဲနေတာတွေ ဖြစ်တယ်။ မနက်ပိုင်းကတော့ လေက နည်းနည်းတော့ ရှိသေးတာပေါ့။ ဒါပေမဲ့ ၁၂နာရီနောက်ပိုင်း၊ ၁နာရီနောက်ပိုင်း ၄နာရီလောက်မှာ လေက ဖြေးဖြေးချင်း ကျသွားပြီရင် ကောင်းကင်လည်း တဖြေးဖြေးကြည်လင်လာတာပေါ့။ အခုဆိုရင် လုံးဝကို ကြည်ကြည်လင်လင်ပဲ တွေ့ရပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေမှာလိုပဲ မောင်တော့ နဲ့ ဘူးသီးတောင်ဒေသတွေ မှာလည်း ရာသီဥတု အခြေအနေကောင်းမွန်နေပြီလို့လည်း မောင်တော ဒေသခံ လည်းဖြစ်၊ ရခိုင်ပြည်နယ်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မောင်တော မြို့ နယ် ဥက္ကဌ ဦဘရွှေက ဗွီအိုအေကို အခုလို ပြောလာတာပါ။

“ရာသီဥတုအခြေအနေကတော့ နေကတော့ ပွင့်နေတာပဲ။ လေကတော့ မတိုက်တော့ပါဘူး။ လေကလည်း နည်းနည်းငြိမ်သွားပါပြီ။ ကောင်းကင်မှာတော့ မိုးတိမ်တွေ နည်းနည်းပါးပါးရှိပါတယ်။”

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကျရောက်လာရင် အရေးပေါ် ခန့်ခွဲမှု တွေပြုလုပ်ဖို့ ရောက်နေတဲ့ ဒုသမ္မတ ဦးညဏ်ထွန်းကလည်း မုန်တိုင်းဒဏ် ကျရောက်လာရင် ရိက္ခာ အစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့တွေ အတွက် ဒုက္ခသည် စခန်းတွေကို လာရောက်ခဲ့တယ်လို့လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကပြောပါတယ်။ အစိုးရကတော့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဒီသီတင်းပတ်ထဲမှာပဲ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားခဲ့ပါတယ်။
XS
SM
MD
LG