သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်အပ်ငွေတွေအပေါ် Cyprus စည်းမျဉ်းတင်းကြပ်


Cyprus ကျွန်းနိုင်ငံမှာ ပိတ်ထားတဲ့ ဘဏ်တွေကို ကြာသပတေးနေ့မှာ ပြန်လည် ဖွင့် မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဘဏ်အပ်တွေငွေကို ထုတ်တာနဲ့ အရွှေ့အပြောင်း လုပ်တဲ့အပေါ်မှာ အစိုးရက ထိန်းချုပ် ကန့်သတ်လိုက်ပါတယ်။

နိုင်ငံရဲ့ ဘဏ်စနစ်အပေါ်မှာ ယုံကြည်မှု ပြန်လည် ရှိလာစေဖို့ ဒီလို ထိန်းချုပ်မှုတွေကို လုပ်ဖို့ လိုအပ်တယ်လို့ Cyprus ဘဏ္ဍာရေးဝန်ကြီး မိုက်ကယ်လ် စားရစ် (Michael Sarris) က ပြောပါတယ်။ နိုင်ငံထဲကနေ ထွက်ခွာသွားမယ့် သူတွေအနေနဲ့ ဒေါ်လာ ၃၈၃၁ ဒေါ်လာထက် ပိုပြီး ယူသွားခွင့် မရှိဘူးလို့ Cyprus တာဝန်ရှိသူတွေက ပြော ပါတယ်။

ဥရောပသမဂ္ဂထဲက ယူရိုငွေကြေး သုံးစွဲတဲ့ ၁၇ နိုင်ငံထဲမှာ ပါဝင်တဲ့ Cyprus နိုင်ငံက ဘဏ္ဍာရေး အကြပ်အတည်းအတွက် နိုင်ငံတကာ ငွေချေးသူတွေက ဒေါ်လာ ၁၃ ဘီလျံ အရေးပေါ် ချေးငွေ ယူခဲ့ပြီးနောက်မှာ အခုလို ကန့်သတ်ချက်တွေကို ထုတ်ပြန်လာတာ လည်း ဖြစ်ပါတယ်။

ဘဏ်တွေမှာ ဒေါ်လာ ၁ သိန်း ၃ သောင်းအထက် အပ်ထားကြတဲ့ထဲက ပမာဏ အများဆုံးနဲ့ အာမခံ မရှိတဲ့ ဘဏ်စာရင်းတွေရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်များတဲ့ ပမာဏကို အစိုးရ က အရေးပေါ် အသုံးစရိတ်အဖြစ် သိမ်းပါမယ်လို့ နိုင်ငံတကာ ငွေချေး သူတွေနဲ့ Cyprus အစိုးရ သဘောတူထားရပါတယ်။

အခုလို ငွေပမာဏ အမြောက်အများ အပ်ထားသူတွေတင် မဟုတ်ဘဲ ဘဏ်စာရင်း အားလုံးအပေါ် အခွန်ကောက်ဖို့ ဥရောပသမဂ္ဂက အကြံပြုခဲ့သလို၊ မလုပ်ခဲ့မှုရဲ့ အင်မတန် စိတ်မကောင်းစရာ ကောင်းတဲ့ အကျိုးဆက်တခု ဖြစ်တယ်လို့ ကမ္ဘာ့စီးပွားရေးပညာရှင် နီကိုးလတ်စ် ဗာရွန် (Nicolas Veron) က ဗွီအိုအေ ကို ပြောပါတယ်။

ဘဏ်အပ်ငွေတွေ အားလုံးအပေါ် အခွန်ကောက်ရေး ဥပဒေကြမ်းကို Cyprus ပါလီမန်က ပယ်ချခဲ့ပြီးနောက်မှာ အင်မတန် လိုအပ်နေတဲ့ ချေးငွေရဖို့ ငွေအမြောက်အများ အပ်ထား တဲ့ ဘဏ်စာရင်းတွေကို အခွန်ကောက်ပါမယ်လို့ Cyprus အစိုးရက သဘောတူခဲ့ရပါ တယ်။
XS
SM
MD
LG