သုံးရလွယ်ကူစေသည့် Link များ

ချက်သမ္မတဟောင်း နောက်ဆုံးခရီး မြန်မာ့အရေးလှုပ်ရှားသူတွေ ဂါရဝပြု


ချက်သမ္မတဟောင်း နောက်ဆုံးခရီး မြန်မာ့အရေးလှုပ်ရှားသူတွေ ဂါရဝပြု
ချက်သမ္မတဟောင်း နောက်ဆုံးခရီး မြန်မာ့အရေးလှုပ်ရှားသူတွေ ဂါရဝပြု

ချက်နိုင်ငံ သမ္မတဟောင်း ဗားဆလပ် ဟာဗဲလ်ရဲ့ နိုင်ငံတော်ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ချက်ပြည်သူ ထောင်ပေါင်းများစွာ စုဝေး တတ်ရောက်ခဲ့ကြပါတယ်။ ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီရေးမှာလည်း ကမ္ဘာ့နိုင်ငံတွေအကြား တတ်တတ်ကြွကြွ ပြောဆိုလေ့ရှိသူတစ်ဦး ဖြစ်တာမို့ သူ့ဈာပနကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေလည်း တတ်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ချက်နိုင်ငံကို ကွန်မြူနစ်တပါတီ စနစ်အောက်က လွတ်မြောက်စေခဲ့တဲ့ ပြဇာတ်ရေးဆရာ ဗားဆလပ်ဟာဗဲလ် ဟာ ချက်နိုင်ငံ ဒီမိုကရေစီရေး အတွက်တင်မက ချက်နိုင်ငံ လွတ်မြောက်ပြီးနောက် အာဏာရှင်စနစ် အောက်က ရုန်းထနေကြတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီရေးကိုပါ စာနာစိတ်အပြည့်နဲ့ အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ချက်ပြည်သူတွေတင်မက ကမ္ဘာ့ပြည်သူတွေရဲ့ လေးစားမှုပါ ခံခဲ့ရပါတယ်။ အသက် ၇၅ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တဲ့ သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ရဲ့ ဈာပနကို မနေ့က နိုင်ငံတော် အခမ်းအနားအဖြစ်နဲ့ ချက်နိုင်ငံ ပရာ့ခ်မြို့မှာ ကျင်းပသွားရာမှာ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေကြသူ တွေလည်း တတ်ရောက် ဂါရဝပြုခဲ့ပါတယ်။ ဈာပနကျင်းပတဲ့ မနေ့က သောကြာနေ့ကို မစ္စတာဟာဗဲလ်ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် ကြေကွဲမှုနေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ Burma Center Prague ခေါ် ပရက်မြို့ မြန်မာအဖွဲ့အစည်း ညွှန်ကြားရေးမှူး မစပယ်စိုးက ပြောပါတယ်။

“ဒီနေ့ ပရာ့ခ်ရဲတိုက်ကြီးမှာ ဈာပနကို ကျင်းပပါတယ်။ အဲဒီမှာ တခြားမြို့တွေက ရောက်လာတဲ့လူတွေရော ဧည့်သည်တွေ ထောင်သောင်း ချီပြီးတော့ အားလုံးက ဈာပနအခမ်းအနား ကျင်းပတဲ့အချိန်မှာ အားလုံးက ရပ်ပြီးတော့ ဈာပနအခမ်းအနားကို စောင့်ကြည့်ပြီးတော့ နှုတ်ဆက်ကြပါတယ်။ ရဲတိုက်ထဲမှာရှိတဲ့ စိန့်ရီးတက်စ် ဆိုတဲ့ ဘုရားရှိခိုးကျောင်းကြီးထဲမှာ ဘုရားရှိခိုးပွဲ လုပ်ပြီးတော့ သမ္မတကြီးကို နောက်ဆုံး နှုတ်ဆက်ကြပါတယ်။”

မစ္စတာဟာဗဲလ်ဟာ ချက်ကိုဆလိုဗားကီးယား နိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်ကြာတဲ့ ကွန်မြူနစ်အုပ်ချုပ်မှုကို တွန်းလှန်နိုင်ခဲ့ပြီးတဲ့နောက်လည်း ချက်ကိုဆလိုဗားကီးယားနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ဦးဆောင်မှုပေးခဲ့ပါတယ်။ ဒီကနေ့ ၁၉၉၃ ခုနှစ် ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗားကီးယား နိုင်ငံဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ နှစ်နိုင်ငံ ခွဲခဲ့ပါတယ်။ ချက်နိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့သူ မစ္စတာဟာဗဲလ်ဟာ မြန်မာ့အရေး အပါအဝင် အခြားနိုင်ငံတကာ ဒီမိုကရေစီရေးတွေကိုလည်း အကူအညီပေးခဲ့သူ ဖြစ်တယ်လို့ မစပယ်စိုးက ပြောပါတယ်။

“သမ္မတကြီး ဟာဗဲလ်က သူတို့နိုင်ငံ ဒီမိုကရေစီရတဲ့အချိန်ကစပြီးတော့ တခြား ဒီမိုကရေစီ မရနိုင်သေးတဲ့ နိုင်ငံတွေအားလုံးကို တတ်နိုင်သလောက် ထောက်ပံ့ခဲ့ပါတယ်။ အခွင့်အရေးရှိတဲ့အချိန်တိုင်းမှာလည်း ဒီနိုင်ငံတွေရဲ့အကြောင်းကို အမြဲတမ်း တကမ္ဘာလုံးမှာ ပြန့်အောင် သတင်းပြန့်အောင် ဝေခဲ့ပါတယ်။ သူ့ကျေးဇူးကြောင့်လည်း မြန်မာနိုင်ငံအကြောင်းက ချက်နိုင်ငံမှာအပြင် ဥရောပနိုင်ငံ အားလုံး၊ တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုကရက်တစ်နိုင်ငံတွေ အားလုံးက ပိုပြီးတော့ ကောင်းမွန်စွာ သိလာတယ်လို့ ကျမကတော့ ယူဆပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဗာဆလပ်ဟာဗဲလ် ကွယ်လွန်မှုဟာ လူသားတရပ်လုံးအတွက် ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ ဝမ်းနည်းကြောင်း စကားပါးခဲ့ပါတယ်။ ကွယ်လွန်သူ သမ္မတဟောင်း ဟာဗဲလ်အကြောင်းကို သူ လစဉ်ရေးနေတဲ့ ဂျပန်သတင်းစာတစ်ခုမှာ နောက်လ ရေးသားမှာဖြစ်တဲ့အကြောင်းလည်း သိရပါတယ်။ ချက်မှာရှိတဲ့ မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အစား ဝမ်းနည်းမှု ပန်းခြင်းချခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG