သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရပ်တည်ချက် ချက်သမ္မတနိုင်ငံ ထောက်ခံ


ချက်သမ္မတနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအရ ရပ်တည် လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ပြောပါတယ်။

ချက်သမ္မတနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအရ ရပ်တည် လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ပြောပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံတဲ့အချိန်မှာ ချက်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးယောက်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ချက် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ ဂျီရီ စိုက်တလာ ဖြစ်ပါတယ်။ ချက်သမ္မတနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ရဲ့ ရပ်တည်ချက်တွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ့်အကြောင်း ဒီကနေ့ မစ္စတာ ဂျီရီ စက်တလာနဲ့ တွေ့ဆုံခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“ဘာဘဲပြောပြော သူတို့ NLD ကိုဆက်ပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတခုအနေနဲ့ သူတို့ ဆက်လက်ပြီးတော့ အားပေး ထောက်ခံသွားမယ် ဆိုတဲ့အချက်ကို ပြောပါတယ်။ မစ္စတာ Vaclav Havel တို့ ရှိတဲ့အချိန်တုန်းက သဘောထားအတိုင်းပဲ သူတို့ လိုလား ထောက်ခံပါတယ် ဆိုတာကို ပြောသွားပါတယ်။ ဒါက တခုပေါ့။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူတို့ ဆက်လက်ပြီးတော့ ဟိုတုန်းက ကတည်းက ထောက်ခံခဲ့တဲ့အတိုင်းပဲ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းရည်တွေကိုလည်း ဂုဏ်သတ္တိတွေကိုလည်း သူတို့ လေးစားပါတယ်၊ ဒါကြောင့် သူတို့ ချီးကျူးလေးစားတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကိုလည်း ဆက်လက် ရှင်သန်သွားဖို့အတွက် သူတို့ ထောက်ခံသွားပါ့မယ် ဆိုတဲ့ဟာကိုလည်း ပြောပါတယ်။”

NLD အနေနဲ့ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ခဲ့ပေမယ့် နိုင်ငံရေးပါတီအဖြစ် တည်ရှိနေခြင်းက ပျက်ပျယ်သွားတာမဟုတ်ဘူး၊ လူမှုရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း နိုင်ငံရေးအစုအဖွဲ့တခုအဖြစ်နဲ့ ဆက်လက် တည်ရှိနေသေးတယ် ဆိုတာ ချက်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

တခြား အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေနည်းတူ ချက်သမ္မတနိုင်ငံအနေနဲ့လည်း မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးကိစ္စတွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ့်အကြောင်း မစ္စတာ ဂျီရီ စက်တလာက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အစိုးရက အခုနှစ်အတွင်း ကျင်းပပေးဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတာတွေကိုလည်း ဦးဝင်းတင်က အခုလို ဆက်ပြောပြပါတယ်။

“အဲဒီအထဲမှာ သူတို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောတာတခုကတော့ - ဒီဟာက မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ Political space ဟာ ကျယ်လာမယ်လို့ ကျနော်တို့အနေနဲ့ ထင်သလားလို့ သူတို့က မေးတယ်။ ကျနော်တို့ကတော့ မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အခု ကြံ့ခိုင်ရေးတို့ ဘာတို့ကနေပြီးတော့ ဒီ ပါတီတို့ဘာတို့ဖွဲ့ပြီးတော့ လှုပ်ရှားလာတယ်။ တခါ သူတို့ကိုယ်တိုင် ကျန်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တဲ့ပုံ မပေါ်ဘူးဆိုတာ အနေအထားအရကတော့ ကျနော်ထင်တယ် Political space တို့ ဘာတို့ဆိုတာ ကျယ်ဝန်းလာမယ်၊ ကျယ်ပြောလာမယ်ဆိုတာာတော့ ကျနော်တို့ မယုံဘူး။ နောက်တချက်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကတော့ အကောင်းကြီး သိပ်ပြီးတော့ ထင်မြင်တာတွေ သိပ်မရှိဘူး။ မရှိဘူးဆိုတာက ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြည်မမှာ ပါတီကြီးတခုအနေနဲ့၊ အတိုက်အခံ အင်အားစု ပါတီကြီးတခုအနေနဲ့ရှိနေတဲ့
NLD ကလည်း ရွေးကောက်ပွဲ မဝင်ဘူး၊ အလားတူပဲ ပြည်နယ်တွေမှာရှိတဲ့ ပါတီတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ SNLD လို ပါတီကလည်း ရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့အခါကျတော့ ကျနော်ထင်တယ် ဗမာပြည်ရဲ့ ဒီရွေးကောက်ပွဲကနေပြီးတော့ ပေါ်ထွက်လာမယ့် နိုင်ငံရေး အခြေအနေ ကျယ်ပြောလာမယ့် သဘောတော့ မရှိဘူးလို့ ကျနော်တို့က ယူဆတယ်လို့ အဲဒီလိုပဲ ပြန်ပြောလိုက်ပါတယ်။”

ချက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျီရီ စက်တလာဟာ NLD ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မတွေ့ဆုံခင် နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ချက်သမ္မနိုင်ငံအနေနဲ့ မြန်မာပြည်အတွင်းမှာ တရားဝင်သံရုံး ဖွင့်ထားခြင်းမရှိပဲ ဘန်ကောက်မှာရှိတဲ့ သံရုံးကနေ မြန်မာအတွက် ပူးတွဲလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ သူအခု မြန်မာပြည်ကိုလာတာကတော့ ပုံမှန် လုပ်ထုံးလုပ်နည်းအရ လာရောက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း NLD ခေါင်းဆောင်တွေနဲ့တွေ့ဖို့ နေရာ
အခက်အခဲ ရှိနေတာကြောင့် တခြား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဗြိတိသျှသံရုံးရဲ့ စီစဉ်ပေးမှုနဲ့ ဗြိတိသျှသံရုံး ဝင်းအတွင်းမှာပဲ ဒီကနေ့ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

၁၉၈၉ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ ဆိုဗီယက် ကွန်မြူနစ်လက်အောက်က လွှတ်မြောက်လာပြီးနောက်ပြီး နောက်ပိုင်း ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ပထမဆုံး သမ္မတဖြစ်ခဲ့တဲ့ Vaclav Havel ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ဖို့ အဆိုပြုခဲ့သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG